ရခိုင်တောင်ပိုင်း အမျိုးသားရေးဝါဒီတို့ကို တန်ပြန်တိုက်စစ်ဆင်သော NLD

ရခိုင်ပြည်နယ်တွင် အင်အားကောင်းသည့် ရခိုင်အမျိုးသားပါတီက  ဒေသအတွင်း မဲအပြတ်အသတ်ဖြင့်အနိုင်ရရန်  အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆွနေသော်လည်း ပြည်နယ်တောင်ပိုင်း မဲဆန္ဒနယ်များတွင်မူ NLDနိုင်မည့် အလားအလာများရှိနေသည်။

အောက်တိုဘာ ၂၅ ရက်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ NLD မဲဆွယ်ပွဲတွင် တွေ့ရသော ဒေသခံများ(ဓာတ်ပုံ -ဆွေဝင်း/Myanmar Now)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဝင်းသည် လက်တစ်ဖက်က  ခပ်နွမ်းနွမ်းပင်နီတိုက်ပုံကို မြဲမြဲဆုပ်လျက် ကျန်လက်တစ်ဖက်က စကားပြောမိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ရှေ့နောက်ယိမ်းထိုးကာ  ဆင်ခေါင်းကျေးရွာရှိ ရာဂဏန်းမျှသော ရခိုင်တိုင်းရင်းသားတစ်စုကို မေးခွန်းများ တရစပ်ပစ်ထုတ်လိုက်သည်။

‘‘၂ဝဝ၇ ခုနှစ်တုန်းက ဘုန်းကြီးတွေကို သတ်ဖို့ အမိန့်ပေးတာ ဒေါ်အောင်ဆန်းစုကြည်လား’’၊‘‘လက်ပံတောင်းတောင်မှာ မနက်စောစောဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အရုဏ်ဆွမ်းကပ်တာ ဘယ်သူလဲ၊ ဒေါ်အောင်ဆန်းစုကြည်လား’’ဟု သူက ပါးစပ်မှအမြှုပ်ထွက်မတတ် မေးမြန်းလိုက်သည်။

ပရိသတ်က  ‘‘မဟုတ်ဘူး၊ မဟုတ်ဘူး’’ဟု ဆိုကာ လက်ခုပ်လက်ဝါးတီးပြီး သူ၏ မာန်ပါလှသည့်ဟောပြောမှုကို တုံ့ပြန်လိုက်ကြသည်။

ရခိုင် -  ဗုဒ္ဓဘာသာ ဖြစ်သူ ဦးစိုးဝင်း၏ ထိုဟောပြောပွဲကို ရခိုင်ပြည်နယ်တောင်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်သည့် သံတွဲမြို့အရှေ့ဘက်တောကြိုအုံကြားရှိ ဆင်ခေါင်းကျေးရွာ၏ ဖုန်ထူသည့် ရွာလမ်းဆုံတစ်ခု၌  ပြုလုပ်နေခြင်းဖြစ်သည်။

သံဃာတော်များနှင့် ဗုဒ္ဓသာသာနာကို စော်ကားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ စစ်တပ်၊ လက်ရှိအစိုးရနှင့် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် နေရာယူထားသော ဗိုလ်ချုပ်ကြီးဟောင်းများသာဖြစ်သည်ဟု သူက မဲဆန္ဒရှင်များအား ရှင်းပြနေသည်။

ဗုဒ္ဓဘာသာအခြေခံ အမျိုးသားရေးဝါဒကို ၂ဝ၁၅ ရွေးကောက်ပွဲတွင် မည်သို့အသုံးချနေကြောင်း ဦးစိုးဝင်း၏ မဲဆွယ်စည်းရုံးရသည့် အခြေအနေကဖော်ပြနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရပါက ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာလွှမ်းမိုးမည်ဖြစ်ကြောင်း  အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)မှ ဘုန်းတော်ကြီးများက ပြောကြားနေသည်။

နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင် တစ်သန်းခန့်နေထိုင်သော ရခိုင်ပြည်နယ်တွင် လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ထိုစွပ်စွဲပြောဆိုချက်များ အထူးပျံ့နှံ့လျက်ရှိသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုကျောခိုင်းတာ မြင်စေချင်တဲ့သူတွေက၊ ရွေးကောက်ပွဲမှာ ရှုံးစေချင်တဲ့သူတွေက ဒီလို ကောလာဟလတွေကို  ဖြန့်နေတယ်။ ဒါတွေကို မယုံပါနဲ့။ ဒီကောလာဟလတွေကို ယုံမယ်ဆိုရင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာပဲ’’ဟု ဦးစိုးဝင်းက ပရိသတ်အား ပြောနေသည်။

ဟောပြောပွဲ၏ နောက်နားရှိ အုန်းပင်တစ်ပင်အောက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ပိုစတာ တစ်ခုရှိနေပြီး၊ ထိုအရာနှင့် ပေအနည်းငယ်အကွာ၌  ‘‘မျိုးစောင့်ဥပဒေပညာပေးဟောပြောပွဲ’’ဟု ရေးသားထားသော မဘသ၏  ပိုစတာတစ်ခု စိုက်ထူထားသည်ကိုလည်း တွေ့ရသည်။

 မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မတည်ငြိမ်မှု အများဆုံးဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၌  NLD  သည် အင်အားကောင်းသည့် ရခိုင်အမျိုးပါတီ (ANP) ကို အကြိတ်အနယ်ယှဉ်ပြိုင်နေရသည်။  ရခိုင်တိုင်းရင်းသားတို့၏ လူမျိုးရေးစိတ်ဓာတ်ဖြင့် ထောက်ခံမဲများရရန် မျှော်လင့်ထားသည့် ANP က  တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး ထိုနေရာအများစုကို အနိုင်ရရန်မျှော်လင့်ထားသည်။

တောင်ပိုင်းက စစ်မြေပြင်

ရခိုင်ဘာသာနှင့်ယဉ်ကျေးမှုတို့ ပိုမိုအားကောင်းရာ ပြည်နယ်၏ အလယ်ပိုင်း၊ မြောက်ပိုင်း ဒေသတို့သည် ANP  ပါတီ အခိုင်အမာ  အားကောင်းသည့်နေရာများ ဖြစ်သော်လည်း ဗမာစကား  ပြောသော  မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ဆက်စပ်နေသည့် ပြည်နယ် တောင်ပိုင်းတွင်မူ ANP ၏ လူထုထောက်ခံမှုမှာ ပီပီပြင်ပြင် မရှိလှပေ။  ပြည်ခိုင်ဖြိုးပါတီကလည်း ဗုဒ္ဓဘာသာရခိုင်ပြည်သူများ၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်ပေးမည့် ပါတီတစ်ခုအဖြစ် ဒေသခံလူထုလက်ခံလာစေရန် လုပ်ဆောင်လျက်ရှိသည်။

ဒေသတွင်းဖြစ်ပွားသည့် လူမျိုးရေးပဋိပက္ခများကြောင့် ဒေသခံများ ၂ဝ၁၂ မှစ၍ ထိခိုက်မှုများဖြစ်ခဲ့ကာ လူပေါင်း တစ်သိန်းခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည်။  ရွှေ့ပြောင်းရသူ အများစုမှာ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုပြီး အစိုးရက ဘင်္ဂါလီဟု ခေါ်ဆိုသူများ ဖြစ်သည်။  သံတွဲတွင်  ၂ဝ၁၃ ခုနှစ် အောက်တို ဘာလအတွင်းကလည်း  မွတ်စလင်ကျေးရွာများကို ဗုဒ္ဓဘာသာရခိုင်တို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားရာ လူသေဆုံးမှုရှိခဲ့သည်။

မွတ်စလင်တို့၏ ယာယီနိုင်ငံသားကတ်(White Card) များကို အစိုးရက ဖေဖော်ဝါရီလအတွင်း ရုပ်သိမ်းပြီးနောက် ဘူးသီးတောင်၊ မောင်တောမြို့တို့မှ မွတ်စလင် တစ်သိန်းခန့် မဲပေးခွင့် ဆုံးရှုံးသွားခဲ့သည်။ ရိုဟင်ဂျာတို့ မဲပေးခွင့်ဆုံးရှုံးသွားသည့်အခါ ANP က ပြည်နယ်အတွင်း နိုင်ငံရေး အသာစီးရရေးအတွက် NLD ကို အနိုင်ရရန်  လိုအပ်လာပြီဖြစ်သည်။

ANP ပါတီက ရခိုင်ပြည်နယ်၏ အမျိုးသားလုံခြုံရေးနှင့် သဘာဝရင်းမြစ်များကို ကာကွယ်စောင့်ရှောက်ပေးမည်ဟု  ကတိပေးထားသည်။

‘‘ရခိုင်တိုင်းရင်းသားတွေကသာ ရခိုင်ပါလီမန်ကို ထိန်းချုပ်နိုင်မှာ မိမိတို့ရဲ့ တိုင်းရင်းသားတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်’’ဟု ANP ဥက္ကဋ္ဌဒေါက်တာအေးမောင်က ကျိန္တလီမြို့တွင် နိုဝင်ဘာ ၁ ရက်နေ့က မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း   ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင်  သူ့ပါတီက  ၉ဝ ရာခိုင်နှုန်းကျော်အပြတ်အ သတ်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီကလည်း အနိုင်ရရန် ကြိုးပမ်းလျက်ရှိသည်။ သမ္မတဦးသိန်းစိန်သည် (အင်္ဂါနေ့) နိုဝင်ဘာ ၃ ရက်က စစ်တွေမြို့မှတစ်ဆင့်  ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ရှိ စေတီတစ်ဆူတွင် ထီးတော်တင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အမျိုးသားရေးဝါဒီတို့၏ တိုက်ခိုက်မှုများ

သံတွဲမြို့နှင့်အနီးဝန်းကျင်ကျေးရွာများတွင် မဲပေးခွင့်ရှိသူ ၉ဝ,ဝဝဝ ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ စာရင်းအရ သိရသည်။

လူမျိုးရေးပြဿနာအပေါ် အခြေခံသည့် ထိုးနှက်မှုများနှင့် ပတ်သက်၍ NLD က  ရခိုင်လူထုကို ပြန်လည် ရှင်းလင်းနေရသည်။

‘‘ANP ကရော၊ ပြည်ခိုင်ဖြိုးရော ကျွန်တော်တို့ကို ရန်သူလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ပါတီကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေ လုပ်နေပါတယ်’’ဟု ပြည်သူ့လွှတ်တော် အမတ်လောင်းသံတွဲမြို့နယ် NLD ဥက္ကဋ္ဌ  ဦးဝင်းနိုင်က ပြောကြားသည်။

သံတွဲမြို့အနီး ညောင်ခြေထောက်ကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်စန်းလှိုင်က ANP နှင့် ပြည်ခိုင်ဖြိုးပါတီတို့ လွန်ခဲ့သည့်လအတွင်းက  ရွာဘုန်းကြီးကျောင်းသို့ လာရောက်ခဲ့ပြီး NLD သည် မွတ်စလင်တို့ဖြင့် ဖွဲ့စည်းထားသည့်  ပါတီဖြစ်သောကြောင့် မဲမပေးရန် ပြောကြားခဲ့သည်ဟုဆိုသည်။

‘‘ရခိုင်အမျိုးသားပါတီက ပြည်ခိုင်ဖြိုးထက် ပိုပြီး ကြမ်းတယ်’’ ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အမှန်တကယ်တွင် NLD  ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ ဝေဖန်မှုများကို ကြုံတွေ့ရမည်ကို စိုးရိမ်သောကြောင့် မွတ်စလင်တစ်ဦးကိုမှ အမတ်လောင်းအဖြစ် ထည့်သွင်းထားခြင်းမရှိပေ။

ရွေးကောက်ပွဲတွင် အခြားပါတီများအား ထိပါးပုတ်ခတ်သည့် မဲဆွယ်မှုများကို မလုပ်ဆောင်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးနှင့်ANP တို့က ငြင်းဆိုထားသည်။

‘‘မဲဆွယ်စည်းရုံးရာမှာ NLD ပါတီကို မတိုက်ခိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပါတီ အနိုင်ရရင်တော့ ခိုးဝင်လာတဲ့သူတွေကို  တားမြစ်သွားမှာပါ’’ဟု  သံတွဲမြို့မှ ANP အမတ်လောင်း ဦးမောင်မောင်ဖြူက ပြောကြားသည်။

သံတွဲမြို့ မဘသအတွင်းရေးမှူး သုခဝတီကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာက  မဘသအဖွဲ့အဆိုပြုခဲ့သည့် မျိုးစောင့်ဥပဒေများကို မထောက်ခံသည့် NLD ကဲ့သို့သော ပါတီများကို မဲမပေးရန်သူ့ ဒကာ၊ ဒကာမများအား ညွှန်ကြားထားသည်ဟု ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူး။ ဦးပဉ္ဇင်းတို့ရခိုင်ပြည်က ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို  တည်ဆောက်ထားတာ။ ဒါပေမဲ့ သူက လူ့အခွင့်အရေးကို ဦးစားပေးလွန်းရာကျနေတယ်’’ဟု ဘဒ္ဒန္တစန္ဒိမာက  မိန့်ကြားသည်။

ရခိုင်ပြည်မှာ ပြန်လည်ဦးမော့လာသည့် NLD

၂ဝ၁၂ အစောပိုင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဗုဒ္ဓဘာသာဝင်လူတစ်စုက ခရီးသည်တင် ဘတ်စ်ကားတစ်စီးကို တိုက်ခိုက်ကာ မွတ်စလင် ၁ဝ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ‘‘လူများစုက လူနည်းစုကိုအနိုင်မကျင့်သင့်ဘူး’’ ဟု ပြောခဲ့သည်။

အဆိုပါ စကားကို ပြည်ခိုင်ဖြိုး၊ ANP တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မွတ်စလင် လိုလားသူများအဖြစ်ပုံဖော်ကာ မဲဆွယ်ရာတွင် အသုံးချလျက်ရှိနေသည်။

သို့သော် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့ခရီးစဉ်များကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် NLD ၏  ပုံရိပ်ကို ပြန်လည်မြင့် တက်လာစေကြောင်း အမတ်လောင်း ဦးဝင်းနိုင်က ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့လတုန်းကလာပြီး ပြည်သူတွေနဲ့ တွေ့သွားပြီးနောက်ပိုင်း သူ့ကို ပိုမိုနားလည်လာတဲ့အတွက် ရွေးကောက်ပွဲမှာ  ကျွန်တော်တို့နိုင်ပါလိမ့်မယ်’’ဟု ဦးဝင်းနိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွတ်စလင်များကို အခွင့်အရေးပေးခြင်း(သို့မဟုတ်) သူအာဏာရလာပါက မွတ်စလင်များ ရခိုင်ပြည်နယ်ကို  လွှမ်းမိုးသွားမည်ဆိုသည့် စွပ်စွဲချက်များအပေါ် ရှင်းလင်းရန်  ဖိအားပေးမှုများနှင့် ကြုံခဲ့ရသည်။

‘‘မေးတဲ့သူတွေကို ဒေါ်အောင်ဆ န်းစုကြည်ပြန်ပြောတာက အဲဒီလိုအထောက်အထားမျိုးတွေရှိရင် သူ့ကိုတရားစွဲပါတဲ့။  အဲဒီလိုပြောတဲ့သူတွေ ဘာမှ ပြန်မပြောနိုင်တော့ဘဲ လူထုကြီးက လက်ခုပ်ဝိုင်းတီးကြပါတော့တယ်’’ဟု ဦးဝင်းနိုင်က ပြောသည်။

‘‘ကျွန်တော်တို့ ပါတီက ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ခဲ့တယ်။ လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေမဖြစ်ခင်ကလိုပဲ လူထုရဲ့ ထောက်ခံမှုက ပြန်မြင့်တက်လာပါပြီ’’ဟု ၎င်းက ပြောသည်။

ဆင်ခေါင်းရွာမှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ အသက် (၃၂)နှစ်အရွယ် ဇော်မင်းဦးက NLD အပေါ် လူမျိုးရေးအရ တိုက်ခိုက်သည့်  ဝါဒမှိုင်းများကို သူလည်းနားဝင်ခဲ့ကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သံတွဲမြို့တွင် ပြောသွားသည့်စကားများကို ကြားရပြီးနောက်  ယင်းအစွဲများ မရှိတော့ကြောင်းပြောသည်။

‘‘အမေစုက ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်စွာနဲ့ နေစေချင်တယ်။ အမေ့ကို အရမ်းချစ်သွားပြီ။ ကျွန်တော်တို့ ဒီဒေသမှာ ဟိုးအရင်ကတည်းက မွတ်စလင်တွေနဲ့ အကြာကြီးနေခဲ့ကြတာပဲ။ တစ်မြေတည်းနေ ကြသူအချင်းချင်း ဘာလို့ တိုက်ခိုက်ရမှာလဲ’’ဟု သူက ဆိုသည်။  

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading