၂၀၁၅ တွင် ၄၅ နေရာအထိ အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီက လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားရေးစိတ်ဓာတ်ကို အဓိကထားကာ ယှဉ်ပြိုင်မည်
ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ရခိုင်အမျိုးသားရေး အရှိန်ကျမသွားသည့် ကာလပတ်လုံး အနိုင်ရရှိမည်ဟု မျှော်လင့်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အဓိကထား ယှဉ်ပြိုင်သွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။
“၂၀၂၀ မှာလည်းပဲ ရွေးကောက်ပွဲကျင်းပရင် ရခိုင်အမျိုးသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးရေချိန် ပျောက်ပျက်မသွားတဲ့ကာလပတ်လုံး၊ ကျဆုံးမသွားတဲ့ ကာလပတ်လုံး ရခိုင်ဒေသမှာ ရခိုင်ပါတီအနိုင်ရဖို့လို့ ယုံကြည်မျှော်လင့်ထားတယ် ” ဟု ANP ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အင်အားအကြီးဆုံးနိုင်ငံရေးပါတီဖြစ်သည့် ANP ပါတီမှာ ရခိုင်အမျိုးသားရေးကို ရှေ့တန်းတင်သော မူဝါဒများကြောင့် ရခိုင်ဘာသာစကားနှင့် ရခိုင်ယဉ်ကျေးမှု ပိုမိုပျံ့နှံ့သော မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လူထုထောက်ခံမှု အားကောင်းသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီက ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၂၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၅ ဖြင့် တတိယအများဆုံး အနိုင်ရခဲ့သည်။


သို့သော် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များတွင် ANP ပါတီ၏ ဩဇာသက်ရောက်မှုမှာ ပြောပလောက်အောင် မရှိဘဲ ထိုမြို့နယ်များတွင် အဓိက ပြိုင်ဘက် NLD ကို ရှံးနိမ့်ခဲ့သည်။
ANP သည် ရခိုင်ပြည်နယ်အပြင် ရန်ကုန်၊ ဧရာဝတီနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဓိကပြိုင်ဘက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် ရခိုင်ဦးဆောင်ပါတီ(AFP) ဖြစ်သည်ဟု ဒေါ်အေးနုစိန်က ပြောသည်။
“NLD ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ပါဝင်ယှဉ်ပြိုင်တဲ့ပါတီလေ။ အခုလက်ရှိ အစိုးရအနိုင်ရရှိထားတဲ့ ပါတီလည်းဖြစ်တယ်။ ရခိုင်ပြည်မှာလည်း အားလုံးမှာ ရွေးကောက်ပွဲဝင်တယ်လေ။ ဆိုတော့ အဲဒီပါတီကို ပြိုင်ဘက်လို့မပြောရင် ဘယ်ပါတီကို ပြိုင်ဘက်ပါတီလို့ပြောမှာလဲ”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် ANP၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ၊ ရခိုင့်ဦးဆောင်ပါတီ(AFP) ဟူ၍ အဓိကနိုင်ငံရေးပါတီ သုံးခုရှိပြီး ALD နှင့် AFP ပါတီများမှာ ANP မှ နုတ်ထွက်သွားသူနှင့် ထုတ်ပယ်ခံရသူများတည်ထောင်ထားသည့်ပါတီများ ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) နှစ်ခုကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းတည်ထောင်ထားခြင်းဖြစ်သည်။
ရွေးကောက်ပွဲအလွန်ကာလတွင် ပါတီတွင်း အကွဲအပြဲဖြစ်ပေါ်ခဲ့ပြီး ALD နှင့် AFP ပါတီများ ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်က ANP မှ နုတ်ထွက်ကာ AFP ပါတီကို တည်ထောင်၍ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ်ကိုယ်စားပြုကာ ANP ကို အပြတ်အသတ် အနိုင်ရရှိထားသည်။
ရခိုင့်ဦးဆောင်ပါတီ(AFP) အနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားခြင်းမရှိဘဲ အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ထံမှ အကြံဉာဏ်တောင်းရန် စီစဉ်နေသည်ဟု ဗဟိုကော်မတီဝင် ဦးကျော်လွင်က ပြောသည်။
“ဒေါက်တာနဲ့တွေ့ပြီး သူ့ရဲ့သဘောထားက ဘယ်လိုရှိမလဲ။ သူ့ဆန္ဒက အဓိကကျတာလေ။ သူ့ဆန္ဒကို သိပြီးမှ အစည်းအဝေးတစ်ခုတော့ လုပ်ဖြစ်လိမ့်မယ်။ အခုချိန်ထိတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှမဆုံးဖြတ်သေး။ ဒေါက်တာအေးမောင်ရဲ့ သဘောထားကို ကျော်လွန်ပြီး မဖြစ်စေချင်လို့ ကျွန်တော်တို့ မလုပ်တာ” ဟု ၎င်းက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအပြင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အကန့်အသတ်များရှိနေသဖြင့် မဲဆွယ်စည်းရုံးလုပ်ငန်းများတွင် အခက်အခဲ ရှိလာနိုင်သည်ဟုလည်း ရခိုင်ပါတီများက စိုးရိမ်လျက်ရှိကြသည်။
“အစုလိုက် အပြုံလိုက် ရွာတွေကို စွန့်ခွာပြီး ပြေးနေကြရတယ်။ အဲဒီလိုအနေအထားမှာ လုံခြုံရေးဟာ ပကတိအနေအထားအရ ပျက်စီးခြင်း များနေတယ်။ မြို့ပေါ်မှာတောင် မလုံမခြုံဖြစ်နေတယ်။ အဲဒီလို အနေအထားတွေကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လာရင် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောလို့ရတယ် ”ဟု ဒေါ်အေးနုစိန်က ပြောသည်။
ရခိုင်ပြည်နယ်တွင် အနည်းဆုံး ခြောက်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသောကြောင့် ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုဖြစ်သည်ဟုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ၏ ပြန်ကြားရေးတာဝန်ခံ ဦးလှမြင့်က ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










