ဂုဏ်အသရေညှိုးနွမ်းနေသော ရဲတပ်ဖွဲ့ 

ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးမည်သော ပဓာနလုပ်ငန်းစဉ်ကို ဦးလည်မသုန်ထမ်းရွက်ရင်း ပြည်သူကိုစောင့်ရှောက်ခြင်းတည်းဟူသော ထာဝရတာဝန်ဝတ္တရားမပျက်စေရန်လည်း လိုအပ်သည် 

Published on Jun 30, 2020
Published on Jun 30, 2020
(ဓာတ်ပုံ - ရိုက်တာ)
(ဓာတ်ပုံ - ရိုက်တာ)

‘ကူညီပါရစေ’။ အမြို့မြို့အနယ်နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းများတွင် အထင်ကရပြုလုပ်ထားရှိသည့် ရဲတပ်ဖွဲ့ဆောင်ပုဒ်ဖြစ်သည်။ 

လူ့အဖွဲ့အစည်းနှင့် အနီးကပ်ဆုံးရှိနေသည့် ရဲတပ်ဖွဲ့ဝင်များသည် ‘ကူညီပါရစေ’ ဆောင်ပုဒ်နှင့်အညီ ကျင့်ကြံကြပါသလား၊ ပြည်သူ့ရဲဆိုသော ဂုဏ်အင်္ဂါနှင့်အညီ ယုံကြည်ကိုးစားထိုက်ပါသလားဆိုသည်က စောကြောရန်မလိုအပ်တော့သည့် မေးခွန်းများပင်ဖြစ်နေသည်။ 

မကြာသေးမီက အမေရိကန်ပြည်ထောင်စုတွင် ရဲတပ်ဖွဲ့ဝင်များ၏ အညှာအတာမဲ့ ဥပဒေပြင်ပ လုပ်ရပ်ကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်က အခြားကမ္ဘာ့မြို့ကြီးများထိပင် အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။ ဆင့်ကဲဆင့်ကဲ ဆန္ဒပြပွဲများဖြင့် လူမဆန်သည့်ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကြသည်။ မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်ရန် ပျက်ကွက်သည့် တာဝန်ရှိအကြီးအကဲများကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

တရားမျှတမှုကို ဆောင်ကျဉ်းရမည့်သူက လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားကာ မတရားသဖြင့်ပြုမှုသည်ကို လူ့အဖွဲ့အစည်းက လက်ခံမည်မဟုတ်ပေ။ ဤသို့ မတရားသော၊ လူမဆန်သောလုပ်ရပ်များက တိုင်းပြည်နိုင်ငံကွဲပြားခြားနားခြင်းမရှိ ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံတွင် ဆိုသည်ထက်ပိုများနေသည်။  

ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ပြုကျင့်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ၊ အသက်မသေသော်လည်း သေသည့်အလား ထိခိုက်နစ်နာခဲ့ရသူ များစွာရှိနေသည်။ အပြစ်ကျူးလွန်သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူသော်လည်း ထိခိုက်နစ်နာမှုနှင့် နှိုင်းစာပါလျှင် ချမှတ်သည့်ပြစ်ဒဏ်က ဆိုလောက်စရာ မရှိပေ။ 

ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ နိုင်ထက်စီးနင်းပြုလုပ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူများသည်ကား ပြန်လည်ကုစားရန် မလွယ်ကူသည့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကို နေ့ရှိသရွေ့ခံစားနေရသည်။ 

သံသယဖြင့်ဖမ်းဆီးထိန်းသိမ်းခံရစဉ် မည်သည့်ပြစ်မှုကျူးလွန်ထားသည်ကို သက်သေပြနိုင်ခြင်း၊ ဖော်ထုတ်နိုင်ခြင်းမရှိဘဲ ရဲတပ်ဖွဲ့က နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်မှုများရှိနေသည်။ 

ရဲအချုပ်ခန်းအတွင်း နည်းလမ်းမျိုးစုံဖြင့် ညှဉ်ပန်းနှိပ်စက်ခံရမှုများအနက် လက်လှမ်းမီရာ အဖြစ်အပျက်များကို Myanmar Now က ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ တချို့သောအမှုများမှာ တစ်နှစ်မှ နှစ်နှစ်အထိ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဥပဒေမဲ့ပြစ်မှုကျူးလွန်သည့် ရဲဝန်ထမ်းများကို  ယနေ့အချိန်ထိ အရေးယူခြင်းမရှိသည်ကို တွေ့ရသည်။ 

ရဲတပ်ဖွဲ့ဝင်များ၏ မတော်မတရားညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူအချို့နှင့် Myanmar Nowက လတ်တလော ထပ်မံတွေ့ဆုံထားသည်။ ရင်နင့်ဖွယ်ရာ နာကျည်းဖွယ်ရာ အဖြစ်အပျက်များနောက်တွင် သိသာထင်ရှားသော အရေးယူဆောင်ရွက်ခြင်းမျိုးကား မတွေ့ရပေ။ 

ငရဲခန်းအလား ရဲအချုပ်ခန်းတွင်းက လူမဆန်သောအပြုအမူများ 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဒေါင့်ချောင်းကျေးရွာသား ကိုခင်မောင်လတ်သည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က ခိုးမှုသံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကျေးရွာအပိုင်နယ်မြေဖြစ်သည့် ပိုးလောင်း ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရစဉ် ကိုခင်မောင်လတ်တစ်ယောက် နည်းလမ်းမျိုးစုံဖြင့် လူမဆန်စွာ နှိပ်စက်ခံခဲ့ရသည်။

ရဲစခန်းတွင် တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရဲဒုတပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သားသူရိန်ဦးတို့က နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည်။

“ကျွန်တော့်ကိုခေါ်တယ်။ ရိုးရိုးတန်းတန်းပဲ မင်းယူလား၊ ယူရင်ယူတယ်ပြော။ ကာယကံရှင်တွေက မင်းမှမင်းပဲလို့ တပ်အပ်ပြောနေပြီလို့ ပြောတယ်။ မယူပါဘူး ဆရာရယ်လို့ပြောတော့ ဖိနပ်နဲ့ ပါးရိုက်တယ်။ ပြီးတော့ အချုပ်ခန်းထဲခေါ်သွားတယ်။ လက်ထိပ်ကို နောက်ပြန်ခက်တယ်။ ပက်လက်လှန်ပြီးတော့ ယောက်ျားအင်္ဂါကို ကြိုးချည်ပြီးတော့ ထုပ်တန်းကနေ တန်းလန်းဆွဲပြီး စစ်တာ။ ဖယောင်းစက်နဲ့ ချတယ်။ ဖယောင်းတိုင်လည်း ကုန်သွားရော ရေသန့်ဗူးမီးရှို့ပြီး အစက်ချတယ်” ဟု ထိုစဉ်က ညှဉ်းပန်းနှိပ်စက်ခံရပုံများကို ကိုခင်မောင်လတ်က ပြောပြသည်။  

ညှဉ်းပန်းနှိပ်စက်မှု မခံနိုင်သဖြင့် တစ်ရွာတည်းနေ ကိုစိုးမြတ်အောင်နှင့်အတူ ခိုးယူမိကြောင်း ပြောခဲ့ရသည်။ ကိုစိုးမြတ်အောင်ကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီး နှိပ်စက်စစ်ဆေးခဲ့သည်။ ထို့နောက် ကိုစိုးမြတ်အောင်က ထွက်ပြေးကာ ဒေါင့်ချောင်းရွာကျောင်းထိုင်ဆရာတော်ကို တိုင်ကြားခဲ့သည်။ 

ထို့နောက် အဆင့်ဆင့်တိုင်ကြားရင်း ပိုးလောင်းနယ်မြေရဲကင်းတွင် ဖြစ်ပေါ်ခဲ့သည့် လူအခွင့်အရေးချိုးဖောက်မှုများကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ပိုးလောင်းရဲစခန်းမှ ဒုရဲအုပ်အပါအဝင် ရဲဝန်ထမ်း ရှစ်ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်သာ  အရေးယူခဲ့သည်။

ရဲဝန်ထမ်းများ၏ အသိတရားမဲ့စွာ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်မှာ ယနေ့တိုင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များ ခံစားနေရဆဲဖြစ်သည်။ 

“ခါတိုင်းလို သန်သန်မာမာ မရှိတော့ဘူးပေါ့။ ခါတိုင်းက မော်တော်လာရင် ကုန်ထမ်းတာတို့ ဘာတို့ လုပ်ရတာ။ အခု အလေးအပင် မထမ်းနိုင်တော့ဘူး။ အဆစ်အမြစ်တွေ ကိုက်တယ်။ ကော်စက်ချခံထားရတဲ့ ဒဏ်ရာတွေက နာတယ်” ဟု ဇွန် ၁၁ ရက်က Myanmar Now နှင့်တွေ့ဆုံရာတွင် ကိုခင်မောင်လတ် က ဝမ်းနည်းပက်လက်ပြောပြခဲ့သည်။

ကိုခင်မောင်လတ်နှင့်အတူ ရဲဝန်ထမ်းများ၏ နှိပ်စက်ခံခဲ့ရသူ အသက် ၂၈ နှစ်အရွယ် ကိုစိုးမြတ်အောင် မှာ လွန်ခဲ့သည့်တစ်နှစ်ခန့်မှစ၍ အနည်းငယ်ပြန်လည်ကျန်းမာခဲ့သည်ဆိုသော်လည်း ဒဏ်ရာများ ခံစားနေရဆဲဖြစ်သည်။ 

“ဒဏ်ရာတွေ ဗလပွနဲ့ တောင်ဝှေးနဲ့ရပ်ပြီး လျှောက်ရတဲ့ဘဝမျိုးပါ။ အခု သန်သန်မာမာ ပြန်ဖြစ်လာတယ်ဆိုပေမဲ့ အနှိပ်စက်မခံရခင်တုန်းကလို လူကောင်းတစ်ယောက်လိုမျိုး မဟုတ်တော့ဘူး” ဟု ကိုစိုးမြတ်အောင်က ပြောသည်။

လူမဆန်သည့် ရဲဝန်ထမ်းများ၏ ထိုလုပ်ရပ်ဖြစ်ပွားပြီးနောက် ပိုးလောင်းရဲစခန်းမှူးကို ရာထူးမှ ထုတ်ပယ်ကာ ပစ်မှုကျူးလွန်သူ ဒုတပ်ကြပ်နှင့် တပ်သားနှစ်ယောက်ကို ထောင်ဒဏ်နှစ်နှစ်စီ၊ အခြားအဆင့်သုံးဦးကို ရက်ပေါင်း ၆၀ ချုပ်နှောင်ကာ မူလတာဝန်ဖြင့် ပြန်လည်ခန့်အပ်ခဲ့သည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဒေးဒရဲမြို့နယ် တော်ကျိုက်ကျေးရွာအုပ်စု၊ ညောင်တစ်ပင်ကျေးရွာတွင်လည်း အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ငါးဖမ်းပိုက်ငါးစုံ ပျောက်ဆုံးမှုတွင် သံသယဖြင့် ထိုရွာနေ ကိုဇော်မင်းထွန်းနှင့် ဇနီးဖြစ်သူကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့သည်။ ရဲများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထိုညတွင်ပင် ကိုဇော်မင်းထွန်း သေဆုံးခဲ့သည်။ 

ထိုအမှုမှာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုဇော်မင်းထွန်းသေဆုံးရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က မထုတ်ပြန်ခဲ့ပေ။ “ကျွန်မမောင်လေး သေတာက ကိုယ်တွင်းဒဏ်ရာကြောင့်မဟုတ်ဘူး။ သူ့ကို ထုထောင်းရိုက်ပုတ်လို့ ဦးနှောက်မှာ သွေးယိုစီးကျတဲ့ဒဏ်ရာမျိုးလို့ သိရတယ်။ ဆေးစာကိုတော့ ကျွန်မတို့ကို မပြပါဘူး” ဟု ထိုစဉ်က ကိုဇော်မင်းထွန်း၏ အစ်မ ဒေါ်သီသီဝင်းက ပြောခဲ့သည်။ 

ဒေါ်သီသီဝင်းက လူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့သဖြင့် ဒေးဒရဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းရွှေနှင့် အခြားအဆင့်ငါးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခဲ့သည်။ သို့သော်လည်း အရေးယူခဲ့သည့်ပြစ်ဒဏ်နှင့်ပတ်သက်ပြီး မည်သို့အရေးယူခဲ့သည်ကို ယခုတိုင် မသိရပေ။ 

လပွတ္တာခရိုင်၌ပင် ခိုးမှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးစဉ် နားကန်းအောင်ရိုက်နှက်စစ်ဆေးခံရမှုတစ်ခု ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည်။ ‌ရွှေထည်ပစ္စည်းများ ခိုးယူသည်ဟုဆိုကာ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် မြစ်ပေါက်ကျေးရွာသားနှစ်ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရသည်။ ရဲဝန်ထမ်းသုံးဦး၏ လူမဆန်စွာရိုက်နှက်စစ်ဆေးခြင်းခံခဲ့ရသူနှစ်ဦးမှာ အသက် ၃၄ နှစ်အရွယ် ကိုခိုင်လင်းနှင့် အသက် ၂၃ နှစ်အရွယ် ကိုဖိုးချိုတို့ဖြစ်သည်။ 

ထိုသို့နှိပ်စက်ခံရမှုကြောင့် ကိုဖိုးချို၏ ဝဲဘက်နား အကြားအာရုံမရတော့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။ ရိုက်နှက်ခဲ့သည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် နိုင်လွတ်လုံဥပဒေ (နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂလိကဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ) ဖြင့် ယခုနှစ် ဇန်နဝါရီလကျမှသာ အမှုဖွင့်နိုင်ခဲ့သည်။ 

နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလိုပင် ကိုခိုင်လင်းနှင့် ကိုဖိုးချိုတို့နှစ်ဦးမှာ နိုင်လွတ်လုံဥပဒေဖြင့် ပြန်လည်အမှုဖွင့်ခံခဲ့ရသည်။ ၎င်းတို့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ကျေးရွာတာဝန်ခံ ဦးစိန်သန်းဝင်းဆိုသူက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ကိုခိုင်လင်းနှင့် ကိုဖိုးချိုတို့နှစ်ဦးအပြင် ၎င်းတို့၏မိသားဝင်များနှင့် အမှုတွင် လိုက်ပါကူညီသူများအပါအဝင် စုစုပေါင်း ၁၉ ယောက်တိတိ အမှုဖွင့်ခံထားရသည်။ 

ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲဝန်ထမ်းများကို စစ်ဆေးနေဆဲသာဖြစ်ပြီး အချိန်ကိုးလကြာသည်အထိ အရေးယူအပြစ်ပေးခြင်း မရှိသေးပေ။ 

၂၀၁၈ ခုနှစ်စက်တင်ဘာလအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်အချို့က အငှားကားတစ်စီးကို စစ်ဆေးပြီးနောက် ယာဉ်မောင်းဖြစ်သူနှင့် အခြားသူနှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးစစ်ဆေးပြီး ၁၄ ရက်မြောက်တွင် အငှားယာဉ်မောင် သေဆုံးခဲ့သည်။ အသက် ၂၈ နှစ်အရွယ် အငှားယာဉ်မောင် ကိုအောင်အောင်သည် တရားခွင်ပို့ဆောင်ခံရချိန်တွင် သတိလစ်လဲကျပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

“မခံစားနိုင်ဘူး။ အကောင်းကြီးကနေဖြစ်တယ်ဆိုတာ။ ကျန်းမာရေးကောင်းလို့သာ တက္ကစီမောင်းနိုင်တာ။ လိုင်းကားလည်းမောင်းတယ်။ တက္ကစီလည်းမောင်းတယ်။ နာမည်ပျက်မရှိခဲ့ဘူး။ အမေ့အတွက် ဆေးဖိုးထွက်ရှာတာပေါ့” ဟု ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့ရသည့် ကိုအောင်အောင် ၏မခင် ဒေါ်အေးက ပြောသည်။ 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲအချုပ်တွင် တစ်ညတာ အထိန်းသိမ်းခံရစဉ် အမျိုးသားငယ်တစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ရဲကင်းတွင် စစ်ဆေးမေးမြန်းခံရပြီး ခြောက်နာရီအကြာတွင် သေဆုံးခဲ့မှု ပြီးခဲ့သည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သည်။ 

နေရာဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုများကို Myanmar Now က လက်လှမ်းမီရာအလိုက် စာရင်းပြုစုထားသည်။ 

ရဲတပ်ဖွဲ့ဝင်များကို အပြစ်ပေးအရေးယူမှု

စည်းကမ်းဖောက်ဖျက်သော ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ ရဲစည်းကမ်းထိန်းသိမ်း‌ရေး ဥပဒေအရ ရဲတရားရုံးက အရေးယူလိုက်သည်ဟုသာ အများဆုံးသိရှိရပြီး အရေးယူအပစ်ပေးမှုအသေးစိတ်ကို မသိရှိရပေ။ 

ယခုလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်များအရ ငါးနှစ်တာ အရေးယူခဲ့မှုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

အထက်ပါစာရင်းအရ လက်ရှိအစိုးရသက်တမ်းအတွင်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအားဖြင့် ရဲတပ်ဖွဲ့ဝင်ပေါင်း တစ်သောင်းရှစ်ထောင်ကျော် အရေးယူခံခဲ့ရရခြင်းဖြစ်သည်။ အရေးယူမှု အရေအတွက်သာဖြစ်ပြီး အရေးယူမှုအတိုင်းအတာ အသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ 

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ဇွန်လအထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရသည့် ရဲအမှု ၁၈ မှုရှိပြီး၊ ရဲအရာရှိ ၁၉ ဦးကို အရေးယူထားသည်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခြင်းကပင် ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်ပြီး လူသေဆုံးမှုအထိဖြစ်ပါက အရပ်ဘက်ရာဇဝတ်မှုပုဒ်မများဖြင့် ထပ်မံအရေးယူခံရမည်ဖြစ်ကြောင်း မူခင်းတပ်ဖွဲ့မှ ရဲမှူးကြီးအောင်မြင့်စိုးက Myanmar Now ကို ပြီးခဲ့သည့်နှစ်အတွင်း ပြောကြားထား သည်။ 

သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ မညှာမတာပြုလုပ်မှုများကြောင့် လူသေဆုံးသည်အထိဖြစ်ခဲ့သည့် အမှုများရှိသော်လည်း ပြစ်မှုကျူးလွန်သည့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များကို အရပ်ဘက်တရားရုံးများ၌ တရားစီရင်သည်ကို ကြားသိရခြင်း မရှိသေးပေ။ 

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူမှုမှာ ထိရောက်သောပြစ်ဒဏ်ဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသော်လည်း အရေးယူပြစ်ဒဏ်မှာ မမျှတဟု နစ်နာသူတို့က ဆိုကြသည်။ ရဲတပ်ဖွဲ့၏ ညှဉ်းပန်းနှိပ်စက်ခံရမှုမှာ တစ်ဘဝလုံးစာအတွက်ဖြစ်နေပြီး ယူနီဖောင်းမြင်ရုံဖြင့် ကြောက်လန့်နေကြရသည်ဟု ဆိုသည်။ 

“အပြစ်တစ်ခုကို တကယ်မကျုးလွန်ဘဲနဲ့ ခံစားရတဲ့ ဒီအမှုကြီးကို ပေါ်ပေါက်အောင် ကျွန်တော်တို့ကို ဆောင်ကြဉ်းပေးပါလို့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုကြီးအမြန်ပေါ်မှ ကျွန်တော်တို့ စိတ်ထဲလည်း သန့်သွားမယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်လည်း တော်တော်လေး လွတ်လပ်ပေါ့ပါးသွားမယ်။ အခုက ဘယ်နေရာသွားသွား ကျွန်တော်တို့ပုံနဲ့ ၊ ကျွန်တော်တို့နာမည်နဲ့၊ ခင်မောင်လတ်၊ စိုးမြတ်အောင်ဆိုပြီး လူတိုင်းက သိနေကြတာ၊ နယ်ဘက်ဆိုတော့ ပိုဆိုးတယ်” ဟု လပွတ္တာမြို့နယ် ဒေါင့်ချောင်းကျေးရွာသား ကိုခင်မောင်လတ်က ပြောသည်။

ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်မှာ ခိုးမှုသံသယဖြင့် ဖမ်းဆီးခံရကာ ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရသော်လည်း အဆိုပါခိုးမှုမှာ နှစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးပေ။ 

ယခုနှစ်ဆန်းပိုင်းမှ မေလကုန်အထိ ရဲတပ်ဖွဲ့နှင့်ပတ်သက်သည့် တိုင်ကြားမှုပေါင်း ၆၁ မှု ရှိပြီး ထိုအထဲတွင် ညှဉ်းပန်းနှိပ်စက်မှုရှစ်မှုနှင့် သေဆုံးမှုတစ်မှုပါဝင်သည်ဟု လူ့အခွင့်အရေးကော်မရှင်က Myanmar Now ကို ပြောကြားထားသည်။

ခေါင်က မိုးမလုံ 

တစ်တိုင်းတစ်ပြည်လုံး ဟိုးလေးတကျော်ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်၊ လေးလောင်းပြိုင် လူသတ်မှုကြီးများမှသည် သေးငယ်သောခိုးမှုလေးများအထိ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးသည့် အမှုပေါင်း မြောက်မြားစွာရှိနေသည်။ 

သို့သော်လည်း ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုနှင့် ထိပ်ပိုင်းမှ အောက်ခြေအဆင့်အထိ စည်းကမ်းဖောက်ဖျက်သည့် ရဲဝန်ထမ်းများ၏ ဂုဏ်သတင်းသည်ကား ကျော်စောသည်ထက်ကျော်စောလျက် ရှိသည်။ 

လတ်တလော၌ပင် ရဲတပ်ဖွဲ့အကြီးအကဲအချို့ အရေးယူခံထားရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း အဆင့်မြင့်ဆုံးသော အရာရှိကြီးများဖြစ်ကြသည့် ရထားရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးချုပ်မိုးသန်းအောင်နှင့် ရဲထောက်ချုပ်ဇော်ခင်အောင်တို့ကို အရေးယူထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသည်။ 

ရာထူးတိုးအပေးအယူကိစ္စအတွက် အမျိုးသမီးရဲဝန်ထမ်းများအပေါ် လိင်အမြတ်ထုတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ထိန်းသိမ်းစစ်ဆေးနေသည်ဟုလည်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။ 

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံ ရောက်ရှိလာသည့် တိုင်ကြားစာများအနက် ရဲတပ်ဖွဲ့နှင့်ပတ်သက်သည့် တိုင်ကြားစာမှုမှာ ဒုတိယအများဆုံးဖြစ်ကြောင်း ကော်မရှင်တာဝန်ရှိသူများက ပြည်ထောင်စုလွှတ်တော်တွင် ပြီးခဲ့သည့်နှစ်အတွင်း ပြောကြားထားသည်။ 

လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားလာသည့် ရဲနှင့်ပတ်သက်သည့် အမှုများမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ မေလကုန်အထိ ၄၅၉ မှုရှိသည်ဟု ကော်မရှင်၏ အချက်အလက်များအရ သိရသည်။ 

အကျင့်ပျက်ခြစားခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခြင်းများကြောင့် ရဲတပ်ဖွဲ့အပေါ် အများပြည်သူ၏ မူလရှိရင်းစွဲ အထင်သေးမှု၊ အယုံအကြည်မဲ့နေမှုကို ထပ်တိုးစေသည်ဟု လူ့အခွင့်အရေးကိစ္စများကို ဦးတည်ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Equality Myanmar  ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောသည်။ 

“ ရဲတွေလက်ထဲမှာ အရှက်တကွဲ အကျိုးနည်းတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာ၊ လူမဆန်တဲ့ ဆက်ဆံမှုတွေရှိလာတယ်။ ဒါကြောင့်မို့ စကားတောင် ရှိပါတယ်။ ရှင်တို့က ရဲတွေပဲ လုပ်ကြပေါ့ဆိုတဲ့ ဟာမျိုး။ ရဲလက်ထဲရောက်ရင် ကိုယ့်မှာ ဘာကာကွယ်ခွင့်မှ မရှိဘူးဆိုတဲ့ ပုံစံမျိုး ‌ရောက်လာတယ်။ နဂိုအထင်သေးတဲ့စိတ်ကနေ ဘာမှလုပ်မရတော့ဘူးဆိုတဲ့ စိတ်ဓာတ်မျိုး သက်ရောက်စေပါတယ်” ဟု ၎င်းက ပြောသည်။ 

အလုပ်လျှောက်ထားရာတွင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံစာတောင်းသည့် နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်နှင့် အကျင့်သိက္ခာက မရှုဆိတ်စရာဖြစ်လာနေသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading