ရွေးကောက်ပွဲမဲဆွယ်ရာတွင် ဗိုလ်ချုပ်ပုံဖြင့် မဲမဆွယ်ရန်အချက်ကို ရွေးကော်က မထည့်ပေးသဖြင့် ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးပါတီအချို့ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြု မဲမဆွယ်ရန်အချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရန် ကျင့်ဝတ်များတွင် မထည့်သွင်းပေးသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီအချို့ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Melia ဟိုတယ်၌ ဇွန် ၂၆ က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲကျင့်ဝတ်ဆိုင်ရာ လက်မှတ်ရေးထိုးပွဲတွင် ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးပါတီအချို့က ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် မဲဆွယ်ခြင်းမပြုရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ပါတီတစ်ခု၏ အမှတ်အသားအဖြစ် အသုံးမပြုရန်အချက်ကို ရွေးကောက်ပွဲကျင့်ဝတ်တွင် ထည့်သွင်းရန် ကျင့်ဝတ်ရေးဆွဲရေးလုပ်ငန်းကော်မတီဝင် ပါတီအများစုက သဘောတူထားကြောင်း၊ ကန့်ကွက်သည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တို့ ပါဝင်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောသည်။
"အဲဒီအချက်မပါတဲ့အတွက် နိုင်ငံရေးပါတီအများစုက COC (Code of Conduct - ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများလိုက်နာရမည့်ကျင့်ဝတ်) ကို လက်မှတ်မထိုးကြတာ” ဟု ၎င်းက အဆိုပါအခမ်းအနားအပြီး မီဒီယာများကို ပြောသည်။


ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အသုံးပြုကာ မည်သည့်ရွေးကောက်ပွဲ၊ မည်သည့်ပါတီက၊ မည်သည့်မြို့နယ်တွင် မဲဆွယ်စည်းရုံးခဲ့သည် ဆိုသည့်အချက်ကိုမူ ဦးနန္ဒာလှမြင့်က ပြောကြားခြင်း မရှိခဲ့ပေ။
လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သောပါတီများအနက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီတို့ ပါဝင်သည်ဟု 7Day သတင်းစာက ရေးသားထားသည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရည်ရွယ်ထုတ်ပြန်ခဲ့သည့် အခန်းခုနှစ်ခန်းပါ “နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်” စာအုပ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်သုံးသပ်ချက်ဖြင့် နိုင်ငံရေးပါတီ ၁၉ မှ ကိုယ်စားလှယ် ၂၁ ဦးပါ ကျင့်ဝတ်ရေးဆွဲရေးလုပ်ငန်းကော်မတီက ဇွန် ၁၇ တွင် သဘောတူလက်ခံခဲ့သည်ဟု ထိုစာအုပ်တွင် ဖော်ပြထားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင်က နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအားလုံး လက်မှတ်ရေးထိုးခဲ့သော ကျင့်ဝတ်များကို အခြေခံထားခြင်းဖြစ်သည်ဟုလည်း ထိုစာအုပ်တွင် ဖော်ပြထားသည်။
၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်စာအုပ်တွင် ပါရှိသည့် အချက်အများစုမှာ အရေးပါသည့် အချက်များဖြစ်သည်ဟု ယူဆသဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တွဲဖက်အတွင်းရေးမှူး (၁) စိုင်းအောင်မြင့်ခိုင်က ပြောသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ပေါ်ပေါက်လာရေးအတွက် အကူအညီပေးနေသည့် International IDEA Myanmar အဖွဲ့ကမူ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ်များကို နိုင်ငံရေးပါတီ ၆၄ ခုက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ၎င်းတို့၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး အများယုံကြည်မှုရှိသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် ဖော်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဟု နိုင်ငံရေးပါတီများနှင့် သဘောတူလက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ကော်မရှင်ဥက္ကဌ ဦးလှသိန်းက ကတိပေးပြောကြားခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








