ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်ဦးဆောင်သည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တိုင်းရင်းသားပါတီအချို့ ပါဝင်မည်ဟုဆိုသော်လည်း လာရောက်ခဲ့ခြင်းမရှိပေ
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိရေး လက်ရှိအစိုးရအဖွဲ့က အကူအညီပေးသွားမည်ကို စိုးရိမ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိအလုပ်အမှုဆောင်ကော်မတီဝင် ဦးမောင်မြင့်က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းတွင် ဇွန် ၂၅ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး” သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လက်ရှိ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်သည့် အစိုးရအဖွဲ့ဖြစ်နေသည့်အတွက် သူ့ပါတီသူ အောင်နိုင်ရေး ဦးစားပေးသွားမည်ဆိုပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲဖြစ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ရွေးကောက်ပွဲမှာတော့ NLD ပါတီအနိုင်ရှိဖို့ အစိုးရက အကူအညီမပေးပါနဲ့။ ဖြောင့်ဖြောင့်မတ်မတ် ရပ်တည်ပေးပါလို့ ကျွန်တော် ဒါပဲပြောချင်ပါတယ်" ဟု ဦးမောင်မြင့်က ပြောသည်။


အဆိုပါသတင်းစာရှင်းလင်းပွဲ ဖိတ်ကြားစာတွင် မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်နှင့် တိုင်းရင်းသားပါတီအချို့က မီဒီယာများကို တွေ့ဆုံရှင်းလင်းမည်ဟု ရေးသားထားသော်လည်း မည်သည့်တိုင်းရင်းသားပါတီမှ လာရောက်ခြင်း မရှိပေ။
မင်းကင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ သတင်းစာရှင်းလင်းပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ရွေးချယ်ခံမည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည်နှင့် ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ ပြည်ခိုင်ဖြိုး၏ ပြိုင်ဘက်ပါတီဖြစ်လာမည်ဟု ဦးမောင်မြင့်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲပေးရန် နိုင်ငံတကာမှ ရွေးကောက်ပွဲအထောက်အကူပြုရေးအဖွဲ့အစည်း(INGO) များက မဲဆန္ဒရှင်များကို သင်ကြားပေးခဲ့သည်ဟု ဦးမောင်မြင့်က သတင်းစာရှင်းလင်းပွဲ တွင် စွပ်စွဲပြောဆိုခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းများဖြစ်သည်ကိုမူ အတိအကျပြောကြားခြင်း မရှိပေ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့များ၏ ပါဝင်ပတ်သက်မှုကို လျှော့ချရန် လိုအပ်နေသည် ၎င်းက ဆိုသည်။
ဦးမောင်မြင့်သည် ဦးသန်းရွှေအစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားနှင့် စက်မှုဝန်ကြီးဌာနများတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဦးမောင်မြင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ဆိပ်ကမ်းမြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးရုံးခန်းနေရာကို ပြန်လည်အပ်နှံရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကြောင်းကြားပြီးဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီက ပြန်လည်အပ်နှံခြင်းမပြုဘဲ ဆက်လက်အသုံးပြုလျက်ရှိသည်။
ဆိပ်ကမ်းမြို့နယ် ဧရိယာတစ်ခုလုံးသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်တွင်ရှိပြီး ၂၀၁၄ ပြည်လုံး ကျွတ်သန်းခေါင်းစာရင်းအရ လူဦးရေ ၃၀၀၀ ခန့်သာရှိသည့် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းရန် အစိုးရက ကြိုးပမ်းခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ဆိပ်ကမ်းမြို့နယ်ဖျက်သိမ်းကြောင်းကို ပြည်ထောင်စုလွှတ်တော်က ယခုနှစ် ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








