မြိုတိုင်ရင်းသား ၅၀၀ ကျော် ရခိုင်မှရန်ကုန်သို့ စစ်ဘေးရှောင်လာ 

သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အချက်အလက်များအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက် တစ်သိန်းခြောက်သောင်းကျော်အထိရှိနေ  

လှည်းကူးမြို့နယ်ရှိ မြိုတိုင်းရင်းသားများနေထိုင်ရာ စစ်ဘေးရှောင်စခန်းကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ခြောက်မြို့နယ်မှ မြိုတိုင်းရင်းသား ၅၀၀ ကျော်သည် လွန်ခဲ့သည့် ခြောက်လခန့်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်သို့ စစ်ဘေးရှောင်လာကြပြီး ဆက်လက်တိမ်းရှောင်လာသူများ ရှိနေဆဲဖြစ်သည်။

လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာရှိ စစ်ဘေးရှောင်လာသူများ နေထိုင်ရာကို Myanmar Now က ဇွန် ၂၅ တွင် သွားရောက်ခဲ့ရာ စစ်ဘေးရှောင်သူဦးရေ ၅၃၀ ခန့် ရှိနေသည်ကို တွေ့ရှိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်သူ ၂၀ ခန့် ထပ်မံရောက်ရှိလာပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်လာသည်ဟုလည်း အဆိုပါစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရင်အောင်က ပြောသည်။ 

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ်များမှ အိမ်ထောင်စု ၁၄၈ စု၊ စစ်ဘေးရှောင်သူဦးရေ  ၅၁၀ သည် ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ကာ လှည်းကူးမြို့နယ် ဝက်ပေါက်အင်းကျေးရွာသို့ ဖြည်းဖြည်းချင်းရောက်ရှိခဲ့သည်ဟု ဆိုသည်။

ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ကရင်နှစ်ချင်းအဖွဲ့ချုပ်နှင့် ချစ်မေတ္တာဖောင်ဒေးရှင်းတို့က ဆန်၊ဆီ၊ဆား စသည်တို့ ထောက်ပံ့ပေးခဲ့သော်လည်း ရက်အနည်းငယ်အတွက်သာ ကျန်ရှိတော့သည်ဟုလည်း ဦးရင်အောင်က ပြောသည်။  

“အလှူက အမြဲတမ်းလာနိုင်ဖို့တော့ မမျှော်လင့်ရဲဘူး။ အလုပ်အကိုင်လေးတွေရမယ်ဆိုရင်တော့ မျှော်လင့်မိတာပေါ့။ ကူညီပေးမယ့်သူရှိရင် ကူညီပေးစေချင်ပါတယ်” ဟု ဦးရင်အောင်က ပြောသည်။

ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာမှ တိမ်းရှောင်လာသည့် အသက် ၆၀ အရွယ် ဒေါ်မစိန်က ၎င်းတို့ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး ရွာမီးလောင်သွားသည့်အတွက် ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ရွာမှာ ပစ်ကြတော့ ဟိုကလည်းပစ်၊ ဒီကလည်းပစ်တော့ ကျွန်မတို့အိမ် အရင်မီးလောင်ပါတယ်။ တစ်ခုမှ ပြန်မရဘူး နွားလည်းမရဘူး။ လှေလည်းမရဘူး။ လူပါမသေလို့ ကံကောင်းတာ” ဟု ဒေါ်မစိန်က ပြောသည်။

ဒေါ်မစိန်တို့မိသားစုမှာ ရွာမှ တိမ်းရှောင်လာပြီး ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေခဲ့သော်လည်း စားသောက်နေထိုင်ရေး ခက်ခဲလာသောကြောင့် ရန်ကုန်သို့ ထပ်မံတိမ်းရှောင်လာခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် မတ်လက ကျောက်တော်မြို့နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကြား မီးချောင်းတံတားအနီးတွင် တပ်မတော်နှင့် AA တို့ တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်မစိန်တို့၏ ကျောက်တန်းရွာအပါအဝင် ကျေးရွာအချို့မီးလောင်ခဲ့သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ ခူမီးချင်းတိုင်းရင်းသား ၁၅၀ ခန့်သည် စစ်ဘေးရှောင်များအဖြစ် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့ တိမ်းရှောင်လာကြသည်။

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အချက်အလက်များအရ ရခိုင်စစ်ရှောင်အရေအတွက် ၁၅၀,၀၀၀ ကျော်ရှိနေပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များအရ ချင်းစစ်ရှောင်အရေအတွက် ၁၀,၀၀၀ ကျော်အထိ ရှိနေသည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading