လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးဆိုင်ရာ သတင်းမှားသတင်းတုတွေနဲ့ အမုန်းစကားကင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ Facebook ရဲ့လုပ်ဆောင်ချက်တွေ မလုံလောက်ဘူးလို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ပါတယ်

Published on Jun 25, 2020
ဖုန်းအသုံးပြုနေသူတစ်ဦးကို ရန်ကုန်မြို့၌ ဧပြီ ၁၂ က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
ဖုန်းအသုံးပြုနေသူတစ်ဦးကို ရန်ကုန်မြို့၌ ဧပြီ ၁၂ က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မြန်မာနိုင်ငံမှာ အသုံးပြုသူ ၂၂ သန်းကျော်အထိရှိလာတဲ့ Facebook လူမှုကွန်ရက်ဟာ အသုံးပြုသူတွေရဲ့ နေ့စဉ်လူမှုဘဝအတွက် အရေးပါလာသလို ဒီကွန်ရက်ပေါ်က အမုန်းစကား လှုံ့ဆော်မှုတွေနဲ့ သတင်းတု သတင်းမှားတွေဟာလည်း လူမှုဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ပြန်ရှိလာပါတယ်။

အမုန်းစကားနဲ့ သတင်းတု သတင်းအမှားတွေဟာ ရွေးကောက်ပွဲကာလ နီးလာချိန်ဆိုရင် ပိုပြီးသတိပြုရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ အမုန်းစကားနဲ့ သတင်းတု သတင်းမှားတွေကို Facebook ပေါ် ဖြန့်ဝေပြီး နိုင်ငံရေးအမြတ်ထုတ်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

Cambridge Analytica ဆိုတဲ့ ဗြိတိန်အခြေစိုက် သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီကတဆင့် Facebook လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရုရှားဟက်ကာတွေက ရယူပြီး ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ ပါတီတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေခြင်းနဲ့ မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးအရ စွက်ဖက်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်က အကြီးမားဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။

Facebook အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကုမ္ပဏီက လုံခြုံအောင် မကာကွယ်ပေးထားတဲ့အတွက် ရွေးကောက်ပွဲကာလလိုမျိုးမှာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက အလွယ်တကူ စွက်ဖက်နိုင်ခဲ့တာကြောင့် Facebook အနေနဲ့ တာဝန်ရှိတယ်လို့ဆိုပြီး Facebook ရဲ့ CEO Mark Zuckerberg ဟာ အမေရိကန် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံခဲ့ရပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီလိုမျိုး စွပ်စွဲခံခဲ့ရတဲ့ Facebook ဟာ မြန်မာနိုင်ငံမှာလည်း လွှမ်းမိုးမှုအများဆုံး လူမှုကွန်ရက်ဖြစ်ပေမယ့် အမုန်းစကားဖြန့်ဝေမှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ဘူးလို့ အပြင်းအထန် ဝေဖန်ခံထားရပါတယ်။ မကြာခင်ရောက်လာတော့မယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ အလားတူ ဝင်ရောက်စွက်ဖက်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဘက်လိုက်မှု

Facebook က သူတို့ချမှတ်ထားတဲ့ လူမှုစံနှုန်းနဲ့ မညီတဲ့ အကြောင်းအရာတွေကို ဖြုတ်ချအရေးယူမှုတွေမှာ နိုင်ငံ‌ရေး၊ လူမှုရေးနဲ့ ဘာသာရေးအရ ဘက်လိုက်မှုတွေရှိတယ်လို့ အတိုက်အခံနိုင်ငံရေးသမားတချို့နဲ့ နိုင်ငံရေးပါတီတချို့က ပြောဆိုနေကြပါတယ်။

အစိုးရအဖွဲ့ဝင်တွေရဲ့ ဘွဲ့အတု၊ ဆုအတုတွေအကြောင်းနဲ့ ရာထူးဝန်အဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ တက္ကသိုလ်အတုတွေအကြောင်း ရေးသားခဲ့တဲ့ ကိုနေယံဦးက ဒီလိုမျိုး ဘွဲ့အတုတွေအကြောင်းနဲ့ အစိုးရကို Facebook ပေါ်မှာ ဝေဖန်ရေးသားတဲ့အခါ ဖြုတ်ချခံရတာ၊ ပြသမှုနှုန်းတွေလျှော့ချခံရတာတွေ ရှိတယ်လို့ Myanmar Now ကို ပြောပါတယ်။

ရာထူးဝန်အဖွဲ့ကြောင့် ဘဏ္ဍာငွေ ကျပ်သန်း ၁၉၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ လွှတ်တော်ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာ ထွက်လာခဲ့ပြီးတဲ့နောက်မှာ ကိုနေယံဦးအနေနဲ့ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ရာထူးဝန်ဥက္ကဋ္ဌကို အစိုးရအဖွဲ့ဆီနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့‌ပေမယ့် အရေးမယူခဲ့တာကြောင့် တရားစွဲဖို့ အွန်လိုင်းကနေ လက်မှတ်ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလက်မှတ်ကောက်ခံတာနဲ့ ပတ်သက်ပြီး ကိုနေယံဦးတင်ထားတဲ့ အကြောင်းအရာကို Facebook က ဖြုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

“Facebook က ဘာလုပ်လဲဆိုတော့ ဦးဝင်းသိန်းကို တရားစွဲမယ်ဆိုတဲ့ ပို့စ်ကိုဖြုတ်ချလိုက်တယ်ပေါ့။ သူတို့ရဲ့ လူမှုစံနှုန်းနဲ့ မညီဘူးဆိုပြီး ဖြုတ်ချလိုက်တယ်။ ပိုဆိုးတာက ဘာပါထပ်လုပ်လည်းဆိုတော့ ကျွန်တော့ရဲ့ Page ကို လူတွေကို ပေးမပြတော့ဘူး။ နဂိုတုံးက သိန်းနဲ့ချီ သောင်းနဲ့ချီရောက်နေတဲ့ Page က အခု ထောင်ဂဏန်းမပြောနဲ့ ရာဂဏန်းရောက်ဖို့တောင် တော်တော်ကြိုးစားရတယ်” လို့ ကိုနေယံဦးက ပြောပါတယ်။

ကိုနေယံဦးကတော့  Facebook ရဲ့ ဘက်လိုက်မှုရှိနိုင်တဲ့ ဒီလိုမျိုး သံသယဝင်စရာ အဖြစ်အပျက် ကြုံတွေ့ခဲ့ရပြီး သူကိုယ်တိုင် အတိုက်အခံ နိုင်ငံရေးသမားတယောက်အနေနဲ့ အရွေးခံဖို့လည်း ရှိတာကြောင့် ရွေးကောက်ပွဲမှာ Facebook ရဲ့ ဘက်လိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေပါတယ်။

“အတိုက်အခံနိုင်ငံရေးသမားတွေကို သူတို့ လူမှုစံနှုန်းနဲ့မညီဘူး ဆိုပြီးတော့ ဖြုတ်ချတယ်။ သူတို့ရေးတဲ့စာတွေကို လူတွေဆီပေးမပြဘူး။ အစိုးရအဖွဲ့ကို ဝေဖန်တဲ့သူတွေရဲ့ ပါးစပ်ကို ပိတ်တယ်ဆိုရင်တော့ ဘက်လိုက်မှုတွေ ရှိနိုင်တာဖြစ်တဲ့အတွက် Facebook အဖွဲ့ကိုလည်း တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ကြိုးစားပေးဖို့ လိုတယ်လို့ထင်တယ် ” လို့ ကိုနေယံဦးက ပြောပါတယ်။

ဒီစိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး Facebook ကို Myanmar Now က  အီးမေးကတဆင့် ဆက်သွယ်မေးမြန်းတဲ့အခါ Facebook က ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့ပါတယ်။

“ဒီပြောကြားချက်တွေက မမှန်ပါဘူး။ ကျွန်တော်တို့ရဲ့ လူမှုစံနှုန်းတွေက Facebook ပေါ်မှာ ဘယ်အရာကို ခွင့်ပြုတယ် ဘယ်အရာကိုတော့ ခွင့်မပြုဘူးဆိုတာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပါ။ ဒီလူမှုစံနှုန်းကို ချိုးဖောက်တဲ့အကြောင်းအရာဆိုရင် ဖယ်ရှားသွားမှာပါ” လို့ Facebook က Email ကတဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။

Facebook ရဲ့ ပြည်သူ့ရေးရာမူဝါဒ အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ မစ္စတာရက်ဖေးလ်ဖရန်ကယ် (Rafael Frankel) ကလည်း Facebook လူမှုကွန်ရက်စံနှုန်းအနေနဲ့ အားလုံးအတွက် အတူတူပဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံတကာအဖွဲ့တွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ လုပ်နေတဲ့အတွက် ဘယ်သူ့ကိုမဆို အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သုံးသပ်စစ်ဆေးတာ ဖြုတ်ချတာတွေဟာ အတူတူပဲဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

Facebook အနေနဲ့ကတော့ မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေအတွက် သီးသန့်မူဝါဒချ လုပ်‌ဆောင်နေတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ လည်း ပူးပေါင်းဆောင်ရွက်နေပြီး ကော်မရှင်အတွက် အထောက်အကူဖြစ်မယ့် နည်းပညာတွေ အသုံးချတတ်စေဖို့ လမ်းညွှန်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက်လည်း Facebook က “အထူးအဖွဲ့” တစ်ဖွဲ့ကို တာဝန်ပေးထားပြီး အပတ်စဉ် ဒါမှမဟုတ် ပိုပြီးတော့လည်း အဖွဲ့ဝင်တွေအနေနဲ့ တွေ့ဆုံမှုတွေ ရှိတယ်လို့ မစ္စတာရက်ဖေးလ်ဖရန်ကယ်က ပြောပါတယ်။

“ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ပူးပေါင်းပြီးတော့ နိုင်ငံရေးသမားတွေ စိုးရိမ်မှုရှိတဲ့၊ အများပြည်သူ စိုးရိမ်မှုရှိတဲ့ အကြောင်းအရာတွေကတော့ ကြော်ငြာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ အပါအဝင် ကြော်ငြာတွေကို Facebook ကနေ ဘယ်လိုစီမံခန့်ခွဲလဲဆိုတဲ့ကိစ္စ ပါဝင်ပါတယ်” လို့ မစ္စတာ ရက်ဖေးလ်ဖရန်ကယ်က Myanmar Now ကို ပြောပါတယ်။

နိုင်ငံရေးပါတီတွေကိုလည်း Facebook ရဲ့ လူမှုစံနှုန်းတွေအကြောင်းနဲ့ Facebook ကို တာဝန်ခံမှုရှိစွာ အကျိုးရှိရှိ အသုံးချနိုင်ဖို့ သင်တန်းပို့ချတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ နိုင်ငံရေးပါတီပေါင်း ၄၀ ရဲ့ Facebook စာမျက်နှာတွေကို ပါတီရဲ့ Facebook စာမျက်နှာအစစ်ဖြစ်ကြောင်း အပြာရောင်အမှန်ခြစ်နဲ့ အတည်ပြုပေးထားတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေရဲ့ Facebook စာမျက်နှာတွေကိုလည်း ဆက်လက်အတည်ပြုပေးသွားမယ်လို့ မစ္စတာ ရက်ဖေးလ်ဖရန်ကယ်က ပြောပါတယ်။

နိုင်ငံရေးကြော်ငြာ

အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ အင်တာနက်ပေါ်မှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေကိုလည်း မြင်တွေ့လာရပါပြီ။ လတ်တလောမှာတော့ Facebook ပေါ်မှာ အခကြေးငွေပေးပြီး ကြော်ငြာမယ်ဆိုရင် သာမန်စီးပွားရေးကြော်ငြာတွေနည်းတူ All Ads ဖြင့်သာ ကြော်ငြာနိုင်သေးတာပါ။ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဆိုင်ရာကြော်ငြာမျိုးတွေအတွက် သီးသန့်ဖြစ်တဲ့ Electoral or Political Ads ကိုတော့  သုံးလို့မရသေးပါဘူး။

ဩဂုတ်လထဲမှာတော့ Electoral or Political Ads ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်လိမ့်မယ်လို့ Facebook က မီဒီယာတွေနဲ့ ဇွန် ၁၆ အွန်လိုင်းတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလောင်းတွေရဲ့ မဲဆွယ်အသုံးစားရိတ်ကို ကန့်သတ်ထားပြီး  ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တင်ပြရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံရေးပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ်လောင်းတစ်ဦးက Facebook ပေါ်မှာ Electoral or Political Ads နဲ့ ကြော်ငြာမယ်ဆိုရင် သူတို့ သုံးစွဲထားတဲ့ ငွေကြေးပမာဏ၊ လူဦးရေနဲ့ ဘယ်ဒေသက လူတွေကို ဦးတည်ကြော်ငြာထားတယ်ဆိုတာကို  Facebook အသုံးပြုသူတိုင်း Ad Library မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငွေကြေးသုံးစွဲခဲ့တဲ့ နိုင်ငံရေးကြော်ငြာပို့စ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ခုနစ်နှစ်ကြာတဲ့အထိ Ad Library ထဲမှာ Facebook က ဖော်ပြထားမှာ ဖြစ်ပါတယ်။

အမုန်းစကား

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်‌တော်မှာ ကြားနာတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာ အမုန်းစကားပျံ့နှံ့မှုစေခဲ့မှုအပေါ် Facebook ရဲ့ တာဝန်ရှိမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။

Facebook က ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့စစ်တမ်း တစ်ခုအရ မြန်မာနိုင်ငံတွင်း မြေပြင်ပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် သူ့ရဲ့ ကွန်ရက်ကို အသုံးချ လှုံ့ဆော်သွေးထိုးနေတာတွေကို Facebook ကိုယ်တိုင်က ၂၀၁၈ မတိုင်ခင်အထိ အကာအကွယ် မပေးနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို လွတ်လပ်ပြီး အကျိုးအမြတ်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ BSR (Business for Social Responsibility) ကို တာဝန်ပေးပြီး Facebook က ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို Facebook က သဘောတူ လက်ခံပြီး ဒီကိစ္စတွေကို ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်လို့ ဝန်ခံထားပါတယ်။

အွန်လိုင်းပေါ်က အမုန်းစကားတွေကြောင့် မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိပါတယ်။ အမုန်းစကားနဲ့ သတင်းတု သတင်းမှားတွေဟာ ပဋိပက္ခတွေဖြစ်စေဖို့ အန္တရာယ်ရှိရုံတင်မကဘဲ ရွေးကောက်ပွဲကို ထိခိုက်စေကြောင်း ရွေးကောက်ပွဲကော်မရှင်ကလည်း လက်ခံထားပါတယ်။

အမုန်းစကား၊ သတင်းတု၊ သတင်းမှားတွေ ဖြစ်လာရင် ၂၀၂၀ ရွေးကောက်ပွဲ ချောချောမောမော အောင်မြင်ဖို့ ခက်ခဲလာမယ်လို့လည်း ဖော်ဖော်ဝါရီ ၁ မှာ ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် မဲပေးမယ့်လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောဆိုခဲ့ပါတယ်။

“ဆိုရှယ်မီဒီယာပေါ်က တိုက်ခိုက်မှုတွေက ဒီမိုကရေစီဖြစ်စဉ်များကို ဆိုးဝါးစွာ ထိခိုက်စေတယ်ဆိုတာကို အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။ မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအမုန်းစကားနဲ့ တိုက်ခိုက်မှုတွေ သတင်းအမှားထုတ်လွှင့်မှုတွေရှိခဲ့ရင် ရွေးကောက်ပွဲအပေါ်လည်း သက်ရောက်နိုင်တဲ့အတွက် ဝိုင်းဝန်းတားမြစ်ပေးကြဖို့ အားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်” လို့ သူကပြောပါတယ်။

Facebook ပေါ်မှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို အဓိက စိစစ်ဖို့ မိခင်ဘာသာစကားအဖြစ် မြန်မာစကားပြောသူ အယောက် ၁၀၀ ခန့်ကို ၂၀၁၈ နောက်ပိုင်းမှာ ခန့်အပ်ထားတယ်လို့ Facebook က ဆိုပါတယ်။ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်အတွင်းမှာ အမုန်းစကားမြောက်တဲ့ အကြောင်းအရာပေါင်း ၅၁,၀၀၀ ခန့်ကို Facebook ပေါ်ကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာ အသုံးပြုသူတွေက Report မလုပ်ခင်ကတည်းက Facebook ရဲ့ အကြောင်းအရာစိစစ်သူတွေက ရှာဖွေဖယ်ရှားပစ်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မြေပြင်မှာတော့ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေတဲ့အထိ လှုံ့ဆော်ရေးသားနေတဲ့ အကြောင်းအရာတွေက Facebook ပေါ်မှာ ရှိနေဆဲပါ။ အကြောင်းအရာစိစစ်သူတွေက မြန်မာနိုင်ငံရဲ့ နောက်ခံအကြောင်းအရာတွေကို ခြုံငုံနားလည် သဘောမပေါက်ထားဘူးဆိုရင် အကြောင်းအရာတစ်ခုက အမုန်းစကား မြောက်မမြောက် ပဋိပက္ခကို ဦးတည်မတည် ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Facebook ရဲ့ လူမှုစံနှုန်းကို ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ လူမှုကွန်ရက်ပေါ် လှုပ်ရှားမှုတွေကို စောင့်ကြည့်သုတေသနလုပ်နေတဲ့ ကိုမြတ်သူက ပြောပါတယ်။

“ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့အရာတွေ၊ လှုံ့ဆော်နေတဲ့ account တွေကို အရေးယူဖို့ဆိုရင် သူ့ရဲ့ လူမှုစံနှုန်းတွေက မလုံလောက်ဘူး။ နိုင်ငံအလိုက် သီးသန့်သတ်မှတ်ထားတဲ့ မူဝါဒ ရှိသင့်တယ်။ ဘာကြောင့်လဲဆို ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေက မတူလို့။ ထိုင်းမှာ ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းအရာနဲ့ မြန်မာနိုင်ငံမှာ ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းအရာက မတူဘူး” လို့ ကိုမြတ်သူက ပြောပါတယ်။

တိုင်းရင်းသား ဘာသာစကားတွေ၊ ဗန်းစကားတွေနဲ့ ရေးသားတဲ့ အမုန်းစကားတွေနဲ့ ပတ်သက်လို့ Myanmar Now က Facebook ကို မေးမြန်းတဲ့အခါမှာတော့ ရှမ်းနဲ့ ကချင် တိုင်းရင်းသားဘာသာစကားတွေ အပါအဝင် မြန်မာနိုင်ငံက အခြားတိုင်းရင်းသား ဘာသာစကားတွေနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။ တိုင်းရင်းသား ဘာသာစကားအားလုံးကို စိစစ်နိုင်ခြင်း ရှိမရှိကိုတော့ ပြည့်ပြည့်စုံစုံ တိတိကျကျ မပြောပါဘူး။

သတင်းတု သတင်းမှား

နိုင်ငံရေးပါတီတွေကြား တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးအရ တိုက်ခိုက်နေတဲ့ သတင်းတု သတင်းမှားတွေကို ရွေးကောက်ပွဲကာလ နီးလာတာနဲ့အမျှ ခပ်စိပ်စိပ် တွေ့လာရပြီလို့ ပြည်နယ်ဒေသတွေမှာ အခြေစိုက်ပြီး လူမှုကွန်ရက်အသုံးပြုမှုအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ဒေသဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ ရေးသားနေတာကြောင့် Facebook အနေနဲ့ ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ ရွေးကောက်ပွဲတည်ငြိမ်ရေးကို ထိခိုက်လာမှာကို စိုးရိမ်တယ်လို့ Facebook လူမှုကွန်ရက်ပေါ်မှာ မွန်ဘာသာစကားနဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေကို စောင့်ကြည့်လေ့လာနေတဲ့ RehMon အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပုဂ္ဂိုလ်ရေးအရ တိုက်တာလည်း တွေ့တယ်။ ကျွန်တော်တို့ Facebook ကို Report လုပ်တယ်။ ဒါ့ပေမယ် တချို့ဟာတွေဆို ဘာကြောင့် ဖြုတ်တယ် မဖြုတ်ဘူး ဆိုတာတောင် အကြောင်းပြန်တာမတွေ့ဘူး။ ကျွန်တော်တို့ ဘာသာစကားကို မစိစစ်နိုင်ဘူးလို့တော့ ကျွန်တော်တို့ ထင်တယ်။ ဒီလို မစိစစ်နိုင်တဲ့အတွက် ရွေးကောက်ပွဲနီးလာရင် ပြဿနာတွေ ရှိနိုင်တယ်” လို့ RehMon အဖွဲ့က ကိုဗညားက Myanmar Now ကို ပြောပါတယ်။

Facebook ပေါ်မှာ သတင်းတု သတင်းမှားတွေ ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ဖို့ နည်လမ်းအသစ်တစ်ခုကို စမ်းသပ်လုပ်ဆောင်နေတယ်လို့ Facebook က ဆိုပါတယ်။ Facebook က သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်လုနီးဖြစ်နေတဲ့ ဓာတ်ပုံတွေကို Facebook အသုံးပြုသူတွေက မျှဝေဖို့ ကြိုးစားတဲ့အခါ “အသိပေးစာ” ပြသသွားမယ်လို့ Facebook က ဆိုပါတယ်။

ဒီလိုမျိုး အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ၂၀၂၀ နှစ်ဆန်းပိုင်းက စပြီး အချက်အလက်စစ်ဆေးတဲ့ ပြင်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွက် Boom Myanmar, Fact Crescendo Myanmar, AFP Fact-Check (မြန်မာ) အဖွဲ့တွေက Facebook အတွက် သတင်းတု သတင်းမှားတွေကို စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အဖွဲ့တွေက စစ်ဆေးပြီး သတင်းတု သတင်းမှားလို့ သတ်မှတ်လိုက်တာနဲ့ ယင်းအကြောင်းအရာပေါ်မှာ Facebook က အသိပေးစာ ဖော်ပြတာနဲ့ ပြသမှုနှုန်း လျှော့ချတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သတင်းမှားတွေကို ထပ်ခါတလဲလဲ တင်နေတဲ့ စာမျက်နှာတွေနဲ့ ဝက်ဆိုက်တွေရဲ့ ပြသမှုနှုန်း (Reach) လည်း လျော့သွားပြီး ကြော်ငြာပြသခွင့်နဲ့ ဝင်ငွေရနိုင်တဲ့ အခွင့်အလမ်းတွေလည်း မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။

ကော်မရှင်က ရွေးကောက်ပွဲနေ့ကြေညာပြီး နိုင်ငံရေးပါတီတွေ တရားဝင်မဲဆွယ်စည်းရုံးခွင့် ရလာချိန်ဆိုရင် Facebook လူမှုကွန်ရက်ပေါ်မှာ ပြိုင်ဆိုင်မှုတွေ ပိုပြင်းထန်လာဖွယ် ရှိပါတယ်။ 

ဒီလိုပိုပြင်းထန်လာနဲ့အမျှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကော်မရှင်ရဲ့ အခန်းကဏ္ဍတစ်ခုတည်းတင် မဟုတ်တော့ပဲ လူမှုကွန်ရက်ပေါ်က သတင်းမှား သတင်းတုတွေ အမုန်းစကားတွေရဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ ဘက်လိုက်မှု မရှိဘဲ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်မဖြစ်ကတော့ Facebook ရဲ့ လုပ်ဆောင်ချက်တွေကို ဆက်စောင့်ကြည့်ရမှာပါ။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading