သုံးလအတွင်း အထည်ချုပ်စက်ရုံ ၇၀ ရာခိုင်နှုန်းကျော် ကုန်ပစ္စည်းအမှာမဲ့နိုင်

ကိုဗစ်နိုင်တင်းကပ်ရောဂါရိုက်ခတ်မှုကြောင့် အထည်ချုပ်စက်ရုံများတွင် အလုပ်သမား ၆၀,၀၀၀ ခန့်အထိ လျှော့ချခဲ့ရကြောင်း တာဝန်ရှိသူက ပြောသည်

Published on Jun 25, 2020
စက်ရုံအလုပ်သမားတစ်ဦး ခွဲစိတ်ခန်းသုံးဝတ်စုံ (Surgical Gown) များ ချုပ်လုပ်နေသည်ကို ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ ရွှေဆည်းဆာအထည်ချုပ်စက်ရုံ၌ ဧပြီ ၃၀ က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
စက်ရုံအလုပ်သမားတစ်ဦး ခွဲစိတ်ခန်းသုံးဝတ်စုံ (Surgical Gown) များ ချုပ်လုပ်နေသည်ကို ရန်ကုန် ရွှေပြည်သာမြို့နယ်ရှိ ရွှေဆည်းဆာအထည်ချုပ်စက်ရုံ၌ ဧပြီ ၃၀ က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ကိုဗစ်နိုင်တင်း (Covid-19) ကမ္ဘာ့ကပ်ရောဂါဂယက်ကြောင့် နာမည်ကြီးအဝတ်အထည်ကုမ္ပဏီများအပါအဝင် နိုင်ငံတကာမှ အထည်ချုပ်မှာယူမှု ကျဆင်းခဲ့သဖြင့် လာမည့်သုံးလမှစတင်ကာ ၇၀ ရာခိုင်နှုန်းသော အထည်ချုပ်စက်ရုံများ အော်ဒါ (အထည်ချုပ်အမှာစာ) မရှိနိုင်တော့ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ဆိုသည်။

အထည်ချုပ်လုပ်ငန်းရှင်များအသင်းလက်အောက်တွင် အသင်းဝင်ကုမ္ပဏီပေါင်း ၆၅၁ ခုရှိပြီး အထည်ချုပ်စက်ရုံ အများစုမှာ ဇူလိုင်လကုန်အထိ ချုပ်လုပ်ရန် အထည်အော်ဒါရှိသော်လည်း စက်တင်ဘာလကုန်ပိုင်းတွင် ၃၀ ရာခိုင်နှုန်းအောက်သာ အော်ဒါရှိနိုင်တော့မည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ဂျာမနီအခြေစိုက် ဖွံ့ဖြိုးရေးအဖွဲ့အစည်း GIZ က ဦးဆောင်၍ ဇွန် ၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ကိုဗစ်နိုင်တင်းနှင့်ပတ်သက်သည့် အလုပ်သမားရေးရာ အွန်လိုင်းစကားဝိုင်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပိုင်ပိုင်နိုင်နိုင်ကိုင်နိုင်တဲ့အော်ဒါဟာ ဇူလိုင်လကုန်အထိပဲရှိတယ်။ ဩဂုတ်လကုန်အထိ အချို့စက်ရုံတွေရှိတယ်။ စက်တင်ဘာမှာ စက်ရုံတော်တော်များများက (အော်ဒါရရန်) မမြင်ကြပါဘူး။ ကျွန်မတို့ Survey (လေ့လာမှု) လုပ်နေတဲ့အခါမှာ ၃၀ ရာခိုင်နှုန်းအောက်စက်ရုံများသာလျှင် ရှေ့ဆက်ပြီးတော့ အော်ဒါရှိဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒါဟာ တော်တော်စိုးရိမ်စရာကောင်းတဲ့ အနေအထားမျိုးပါ”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် နာမည်ကြီးအမှတ်တံဆိပ် Zara သည် ကမ္ဘာအနှံ့အပြားတွင်ဖွင့်လှစ်ထားသည့် ၎င်းပိုင်ဆိုင်ခွဲပေါင်း ၁၂၀၀ ကျော်ကို ပိတ်လိုက်သိမ်းခဲ့သည့်နည်းတူ အမေရိကန်ဖက်ရှင်ကုမ္ပဏီဖြစ်သည့် Forever 21 သည်လည်း လူမွဲစာရင်းတင်ရသည်အထိ အခက်တွေ့ခဲ့ရသည်။ အဆိုပါကုမ္ပဏီနှစ်ခု၏ အဝတ်အထည်အချို့ကို မြန်မာစက်ရုံများက ချုပ်လုပ်ပေးနေခြင်းဖြစ်သည်။

ကိုဗစ်နိုင်တင်းကြောင့် အထည်အလိပ်ကုန်ကြမ်းရှားပါးသည့်အပြင် နိုင်ငံတကာမှ အမှာအော်ဒါဖျက်သိမ်းခြင်း၊ ရပ်ဆိုင်းခြင်း၊ ချုပ်လုပ်ပြီးအထည်များတင်ပို့ခွင့်မရခြင်း၊ ချုပ်လုပ်ခမရခြင်းများကြောင့် ဝင်ငွေထိခိုက်လာသဖြင့် အလုပ်သမားလျှော့ချလာခဲ့ရသည်ဟု ဆိုသည်။ 

လက်ရှိအချိန်အထိ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီပိုင်စက်ရုံများတွင် အလုပ်သမား ၆၀,၀၀၀ ခန့် လျှော့ချခဲ့ရကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီပိုင်စက်ရုံများတွင် အလုပ်သမားပေါင်း ၄ သိန်း ၅ သောင်းခန့် ရှိသည်ဟု အသင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အသင်းဝင်မဟုတ်သည့် အခြားအထည်ချုပ်စက်ရုံများ အပါအဝင် မြန်မာနိုင်ငံရှိ ချည်ထည်စက်ရုံ၊ ဖိနပ်စက်ရုံနှင့် ဆက်စပ်ပစ္စည်းစက်ရုံများတွင် အလုပ်လုပ်ကိုင်နေသူ စုစုပေါင်း ၁ ဒသမ ၁ သန်းကျော် ရှိကြောင်း Investment Myanmar Summit 2019 အချက်အလက်များအရ သိရသည်။

လက်ရှိတွင် အထည်ချုပ်အော်ဒါမရရှိခြင်းကြောင့် စက်ရုံငယ်အချို့ပိတ်သိမ်းမှုရှိသော်လည်း စက်ရုံအများစုသည် ဩဂုတ်လအထိ လုပ်ငန်းလည်ပတ်နိုင်ကြောင်း အနာဂါတ်အခြေအနေမှာမူ ကိုဗစ်နိုင်တင်းဖြစ်ပွားသည့် အချိန်ကြာမြင့်မှုအပေါ် မူတည်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။ 

မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂကပေးသည့် အကောက်အခွန်ဆိုင်ရာအခွင့်အရေးပေးမှုစနစ်(GSP) ရရှိသဖြင့် ချုပ်လုပ်ပြီးအဝတ်အထည် ၇၀ ရာခိုင်နှုန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ ခုသို့ တင်ပို့နေပြီး ယင်းနိုင်ငံများတွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှုကြာမြင့်သည်နှင့် အော်ဒါအမှာကျဆင်းနိုင်ပြီး မြန်မာ့အထည်ချုပ်လုပ်ငန်းအပေါ် ထိခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းသက်ရောက်မှုကို ကုစားရန် အစိုးရက မတည်ထူထောင်သည့် အရေးပေါ်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလျံမှ လက်ခစားအထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးနေပြီး ချေးငွေလျှောက်လွှာပေါင်း ၄၂၀၀ ကျော်အနက် လုပ်ငန်း ၃၀၀၀ ကို ကျပ် ၈၆ ဘီလျံ ထုတ်ချေးပေးထားသည်။ 

ချေးငွေလျှောက်သည့် အထည်ချုပ်လုပ်ငန်းမည်မျှရှိသည်ကို အတိအကျမသိသော်လည်း‌ လက်ရှိအချိန်အထိ လက်ခစားအထည်ချုပ်လုပ်ငန်း ၃၉ ခုအတွက် ကျပ် ၅ ဒသမ ၆၆၂ ဘီလျံ ထုတ်ချေးပေးထားပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်ဆွေက Myanmar NOW ကို ပြောသည်။

ယင်းချေးငွေသည် အလုပ်သမားများလုပ်ခလစာပေးရန် စက်ရုံများလည်းရှေ့ဆက်လည်ပတ်နိုင်ရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်သည်။

နိုင်ငံတကာဝယ်လိုအားကျဆင်းသဖြင့် ပြည်တွင်းအထည်ချုပ်စက်ရုံအချို့သည် စျေးကွက်သစ်ရှာဖွေလာပြီး အဝတ်အထည်များချုပ်လုပ်ရာမှ ကပ်ဘေးကာလတွင် အသုံးတွင်ကျယ်လာသည့် နှာခေါင်းစည်း၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံစသည်တို့ကို ချုပ်လုပ်ရောင်းချမှုရှိကြောင်း လှိုင်သာယာစက်မှုဇုန် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးက Myanmar NOW ကိုပြောသည်။

သို့သော် နိုင်ငံတကာနည်းတူ မခန့်မှန်းနိုင်သည့်အခြေအနေကြောင့် ပြည်တွင်းစျေးကွက်တွင်လည်း ဝယ်လိုအားကျဆင်းနေသဖြင့် မည်မျှအထိ အကျိုးဖြစ်ထွန်းသည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းကဆိုသည်။

“စျေးကွက်ဝယ်လိုအားအပေါ်မှာ မူတည်မှာပဲခင်ဗျ။ စျေးကွက်ဝယ်လိုအားက တောက်လျှောက်ကျဆင်းနေရင် အလုပ်လက်မဲ့ပြဿနာကဖြစ်လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ကိုဗစ်နိုင်တင်းအကျပ်အတည်းကြောင့် နိုင်ငံတကာမှ အမှာလျှော့ချခံရသည့် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများအတွက် ဥရောပသမဂ္ဂက ယူရို ၅ သန်း(ကျပ် ၇ ဒသမ ၉ ဘီလျံ) ထောက်ပံ့ပေးမည်ဖြစ်ပြီး အလုပ်သမား ၃၀၀၀ မှ ၈၀၀၀ အထိ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၇၅,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ အထိ ပေးအပ်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလျံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading