အမှုပေါင်းခြောက်မှုဖြင့် ပြစ်ဒဏ်အသီးသီး ကျခံပြီးဖြစ်သော်လည်း တပ်မတော်က ယခင်စွဲဆိုသည့်ပုဒ်မများအတိုင်း ထပ်မံလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၅ ရက်တွင် စတင်ကြားနာမည်ဖြစ်သည်
မြေယာအငြင်းပွားမှုကြောင့် တပ်မတော်၏ အကြိမ်ကြိမ်တရားစွဲဆိုမှုနှင့်အတူ ပြစ်ဒဏ်အသီးသီးကျခံပြီးဖြစ်သည့် ကရင်နီတောင်သူ ၂၂ ဦးကို ပြစ်ဒဏ်ထပ်တိုးပေးရန် တပ်မတော်က ကယားပြည်နယ်လွှတ်တော်သို့ လျှောက်ထားခဲ့သည်ဟု တရားစွဲဆိုခံရသည့် တောင်သူများနှင့် အကျိုးဆောင်ရှေ့နေက ပြောသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် လွိုင်ကော်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ရှိ အမှတ် (၂၅၀) ခြေလျင်တပ်ရင်းနှင့် အမှတ် (၃၅၆) အမြောက်တပ်ရင်းအနီးရှိ မြေယာအငြင်းပွားမှုတွင် တောင်သူ ၁၉ ဦးနှင့် အဆိုပါတောင်သူများအရေးလှုပ်ရှားသူ သုံးဦးသည် ပုဒ်မငါးမျိုးဖြင့် အမှုခြောက်မှုခွဲကာ တရားစွဲခံခဲ့ရပြီး လွိုင်ကော်မြို့နယ်တရားရုံးက ယခုနှစ်မတ်လတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

ပုဒ်မများအလိုက် ပြစ်ဒဏ်များမှာ ဒဏ်ငွေနှစ်သောင်းစီနှင့် ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုသည့် ထောင်ဒဏ် ခြောက်လဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်များမှာ နည်းသည်ဟုဆိုကာ တရားစွဲဆိုသူ တပ်မတော်အရာရှိများက လွိုင်ကော်ခရိုင်တရားရုံးသို့ လျှောက်ထားရာတွင် ပလပ်ခံသောကြောင့် ပြည်နယ်တရားလွှတ်တော်သို့ ထပ်မံလျှောက်ထားခြင်းဖြစ်ကြောင်း အဆိုပါအမှုတွင် တောင်သူများဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ စောခူးတလေက ပြောသည်။
“ချမှတ်တဲ့ပြစ်ဒဏ် နည်းတယ်ဆိုပြီးတော့မှ တိုးပြီးချမှတ်ပေးဖို့ ခရိုင်ရုံးကိုတက်တယ်။ (ခရိုင်ရုံးက) ပြင်ဆင်မှုကို ပလပ်လိုက်တယ်။ ပလပ်လိုက်တော့ အခုပြည်နယ်ကို ထပ်တက်တာပေါ့။ အရင်စွဲထားကြတဲ့လူတွေအကုန်လုံးကို (ပြင်ဆင်မှု) ထပ်တက်ထားတာ၊ အရင်တုန်းက စွဲထားတဲ့ပုဒ်မတွေ အကုန်လုံးပေါ့" ဟု ၎င်းက ပြောသည်။
အဆိုပါ ပြင်ဆင်ချက်ကို ပြည်နယ်တရားလွှတ်တော်က လက်ခံလိုက်ပြီးနောက် ဇွန် ၂၅ တွင် အမှုကို စတင်ကြားနာမည်ဟု ရှေ့နေစောခူးတလေက ပြောသည်။


ကယားပြည်နယ် တရားလွှတ်တော်က ခူးဦးရယ်ထံ ပေးပို့ခဲ့သည့် အကြောင်းကြားစာအရ အခင်းဖြစ်သည့်နေ့တွင် ခူးဦးရယ်နှင့် ခူးရှားရယ်တို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့် ခလရ (၂၅၀) မှ အုတ်တံတိုင်းများသည် ပြည်သူပိုင်ပစ္စည်းများဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၄၉ သိန်းခန့်ဖြစ်၍ နိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှုနှင့် နှိုင်းယှဉ်ပါက ထောင်ဒဏ် ခြောက်လပြစ်ဒဏ်မှာ နည်းပါးလွန်းလှသည်ဟု တရားလိုက ရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် ၂၀၁၉ ဇွန် ၂၁ တွင် ခူးဦးရယ်ပါ(၁၀)ဦးသည် အမှတ် (၃၅၆) အမြောက်တပ်ရင်း၏ တပ်ပိုင်မြေဧရိယာအတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး “ဤတောင်ယာသည် မူရင်းပိုင်ရှင်ရှိသည် မကျူးကျော်ရ”၊ “Respect the right of indegenous people. We are indegeneous people. This land is our land.” စာသားပါ ဗီနိုင်းဆိုင်းဘုတ် (၂၀) ခန့် ဝင်ရောက်စိုက်ထူခဲ့ကြောင်း၊ ပုဒ်မ ၄၄၇ အရ ထိုသို့ကျူးကျော်ဝင်ရောက်မှုသည် သုံးလအထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းအထိငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး အဆိုပါအမှုဖြစ်စဉ်အတွက် ငွေဒဏ် နှစ်သောင်းကျပ် ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှု မရှိသောကြောင့် ပြစ်ဒဏ်တစ်ရပ်တိုးမြှင့်ချထားပေးရန် လျှောက်ထားရခြင်းဖြစ်ကြောင်း တရားလိုက ကယားပြည်နယ်တရားလွှတ်တော်ထံ လျှောက်ထားချက်တွင် ရေးသားထားသည်။
“အခုဆို ဘာမှလုပ်စားလို့မရတော့ဘူး။ တောင်ယာလည်းမရှိတော့ဘူး။ ကျွန်တော်တို့တောင်သူတွေ တအားနစ်နာနေပြီ။ ဒါတောင် သူတို့မကျေနပ်လို့ရှိရင် ကျွန်တော်လည်းနားမလည်တော့ဘူး စဉ်းစားလို့မရဘူး” ဟု ခူးဦးရယ်က Myanmar Now ကို ပြောသည်။
အဆိုပါတောင်ယာပေါ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်ကတည်းက အငြင်းပွားမှုမဖြစ်ခင်အထိ ၎င်းတို့သည် ရွှေ့ပြောင်းတောင်ယာ နှစ်စဉ်လုပ်ကိုင်ခဲ့ကြောင်း၊ မြေယာအငြင်းပွားမှုကြောင့် ထောင်ကျခဲ့သည့်အပြင် ၎င်းလုပ်ကိုင်နေသည့် မြေ ၁၀ ဧကကျော်လည်း ဆုံးရှုံးခဲ့ရပြီဟု ခူးဦးရယ်က ပြောသည်။
တောင်သူများ ပြောင်းသီးနှံ စိုက်ပျိုးထားသည့် မြေပေါ်တွင် တပ်မတော်က ခြံစည်းရိုးလာခတ်ရာမှ မြေယာအငြင်းပွားမှုများ စတင်ခဲ့ပြီး တောင်သူများက ထွန်ယက်စိုက်ပျိုးခြင်း၊ ဗီနိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ခူးဦးရယ်ကဆိုသည်။
ခလရ (၂၅၀)နှင့် အမတ (၃၅၆) မှ အရာရှိလေးဦးက ၂၀၁၉ နှစ်လည်ပိုင်းမှစတင်ကာ တောင်သူ ၂၂ ဦးကို အမှု ခြောက်မှုခွဲ၍ ရှေ့ဆင့်နောက်ဆင့် တရားစွဲခဲ့သည်။ စွဲဆိုခဲ့သည့်ပုဒ်မများမှာ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)၊ ရာဇသတ်ကြီးဥပဒေ ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇)၊ ဝတ္တရားနှောင့်ယှက်မှု (ပုဒ်မ ၃၅၃)၊ ညစ်ညမ်းစွာဆဲဆိုမှု (ပုဒ်မ ၂၉၄) နှင့် အကျိုးဖျက်ဆီးမှု (ပုဒ်မ ၄၂၇) ဖြစ်သည်။
ဗိုလ်မှူးထားရုက ခူးရှားရယ်အပါ သုံးဦးကို ပုဒ်မ ၆(၁)ဖြင့်တစ်မှု၊ ဗိုလ်ကြီးချစ်ဟိန်းက ခူးရှားရယ်အပါသုံးဦးကို ပုဒ်မ ၄၂၇၊ ၃၅၃၊ ၂၉၄ တို့ဖြင့်တစ်မှု၊ ဗိုလ်ကြီးဆန်းဖြိုးအောင်က ခူးဦးရယ်အပါလေးဦးကို ပုဒ်မ ၄၄၇ဖြင့်တစ်မှု၊ ဗိုလ်မှူးထားရုက ခူးဖဲဘူးအပါရှစ်ဦးကို ပုဒ်မ ၄၄၇ ဖြင့်တစ်မှု၊ ဗိုလ်မှူးမိုးဝင်းထက်က ခူးဦးရယ်အပါ ၁၀ ဦးကို ပုဒ်မ ၄၄၇ ဖြင့်တစ်မှု၊ ဗိုလ်မှူးမိုးဝင်းထက်က ခူးဦးရယ်အပါနှစ်ဦးကို ပုဒ်မ ၄၄၇ ဖြင့်တစ်မှု စုစုပေါင်း အမှုခြောက်မှုခွဲကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ ညစ်ညမ်းစွာဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မများအတွက် ဒဏ်ငွေ နှစ်သောင်းကျပ်စီနှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးပုဒ်မအတွက် လွိုင်ကော်မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။
တောင်သူခူးဦးရယ်သည် အမှုတိုင်းတွင် ပါဝင်နေပြီး ထောင်အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရကာ အမှုတွဲခြောက်ခုအတွက် ဒဏ်ငွေ ကျပ် ၁၂၀,၀၀၀ နှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ဖြင့် အမိန့်ချသည့်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
တောင်သူ ခူးရှားရယ်မှာလည်း ထောင်ဒဏ်ခြောက်လနှင့် ငွေဒဏ်များ ချမှတ်ခံခဲ့ရပြီး တစ်ဦးမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ကာ ကျန်တောင်သူများမှာ ငွေဒဏ် နှစ်သောင်းကျပ်စီ ပေးဆောင်ခဲ့ရသည်။
တရားလိုဘက်က ပြည်နယ်တရားလွှတ်တော်ထံ ပြင်ဆင်မှုလျှောက်ထားခြင်းနှင့်ပတ်သက်၍ လွိုင်ကော် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှ ဒုဗိုလ်မှူးကြီးသက်ခိုင်က “အဲဒါတော့ ကျွန်တော်လည်း ဂဃနဏမသိဘူး။ ဒါတော့ သူတို့ဥပဒေကြောင်းအရ လုပ်တာနေမှာပေါ့။ ဘာကြောင့်လုပ်လည်းဆိုတာတော့ ကာယကံရှင်တပ်တွေနဲ့ပဲဆိုင်တယ်” ဟု ပြောသည်။
သက်ဆိုင်ရာတပ်ရင်းများက နစ်နာသည်ထင်၍ ပြင်ဆင်ချက်လျှောက်ထားခြင်းဖြစ်နိုင်ပြီး ဒကစအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း၊ အသေးစိတ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးထံ မေးမြန်ရန်ပြောသဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ Myanmar Now ကဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
၁၉၉၀ ပြည့်နှစ်တွင် လွိုင်ကော်မြို့နယ်၊ မြေနီကုန်း၊ ဒေါမူကလားနှင့် နာနတ်တောကျေးရွာတို့ရှိ မြေဧက ၁,၄၁၃ ဒသမ ၈၂ ဧကကို အမှတ် (၃၅၆) အမြောက်တပ်ရင်းနှင့် အမှတ် (၂၅၀) ခြေလျင်တပ်ရင်းတို့က သိမ်းယူခဲ့ပြီး ယနေ့အထိ ပြန်လည်စွန့်လွှတ်ထားခြင်းမရှိသေးကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ နှစ်လယ်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာအနီးရှိ အမှတ် (၃၆၀) အမြောက်တပ်ရင်းနှင့် ကရင်နီတောင်သူများ မြေယာအငြင်းပွားမှုဖြစ်ခဲ့ပြီး တောင်သူ ၁၉ ဦးကို ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် အမှုခြောက်မှုခွဲ၍ တရားစွဲဆိုကာ ထောင်ဒဏ်နှင့် ငွေဒဏ်အသီးသီး ချမှတ်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။















