ထိတွေ့ခဲ့သူ ၁၃ ဦးအနက် ပဲ့ချိတ်စက်လှေငယ်မောင်းသူနှင့် သုံးဘီးဆိုင်ကယ်သမားတို့ကို ရှာမတွေ့သေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် ကုန်သည်တစ်ဦး၌ ကိုဗစ်နိုင်တင်း (Covid-19) ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုပြီးနောက် ၎င်းနှင့် အနီးကပ် ထိတွေ့ခဲ့သူနှစ်ဦးကို ရှာမတွေ့သေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အသက် ၃၈ နှစ်အရွယ်ရှိ လူနာအမှတ် ၂၉၂ အမျိုးသားသည် ဇွန်၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ရောက်လာခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစက်လှေတစ်စီးဖြင့် စစ်တွေသို့ပြန်လာရာတွင် ၎င်းနှင့်အတူ အခြားသူရှစ်ဦး စီးနင်းလိုက်ပါလာခဲ့သည်ဟု ဆိုသည်။

၎င်းနှင့် စက်လှေအတူစီးခဲ့သည့် အဆိုပါ အမျိုးသားရှစ်ဦးအပြင် အသွားအလာကန့်သတ်ထားရှိရာ ဟိုတယ်မှ ဝန်ထမ်းသုံးဦးကိုပါ အသွားအလာကန့်သတ်ပြီးဖြစ်သော်လည်း ထိုစက်လှေမောင်းသူနှင့် ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့သည့် သုံးဘီဆိုင်ကယ်သမားကို ရှာမတွေ့သေးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Myanmar Now ကို ပြောသည်။
“အဲဒီ နှစ်ယောက်ကိုတော့ သူ (ကိုဗစ်အတည်ပြုလူနာ) လည်း မမှတ်မိဘူး။ အဲဒီနှစ်ယောက်က အသိရှိရှိနဲ့ သူတို့ဘာသာ သူတို့လာရင် ပိုကောင်းမှာပေါ့” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။


ရခိုင်ပြည်နယ်တွင် ဇွန် ၂၄ အထိ ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၁ ဦးရှိပြီး နှစ်ဦးမှာ ပြန်လည်သက်သာလာပြီဖြစ်သည်။ ရခိုင်ပြည်နယ်တွင် တွေ့ရှိရသည့် ကိုဗစ်နိုင်တင်းလူနာအများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူများဖြစ်သည်။
ရောဂါပိုးတွေ့ရှိမှုများကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို ယနေ့မှစတင်ကာ ယာယီရပ်နားလိုက်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးတင်အောင်ဦးက ပြောသည်။
“နယ်စပ်ကုန်သွယ်ရေးမှာတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့အသင်းကတော့ အားလုံးပူးပေါင်းပြီး လုပ်ထားပါတယ်။ အဲဒီကြားထဲကပဲ တွေ့လာတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ် ယာယီရပ်ဆိုင်းထားပြီးတော့ အေးချမ်းသွားအောင်အထိတော့ နည်းနည်းစောင့်ပေးရမယ်” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိနေပြီး၊ အများစုမှာ အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများတွင် ရှိနေသည်။ အဆိုပါစခန်းများတွင် တစ်ယောက်နှင့်တစ်ယောက်ပူးကပ်စွာ နေထိုင်နေကြရသည်ဖြစ်ရာ ရောဂါပိုးကူးစပ်မည်ကို စိုးရိမ်နေကြသည်။
ကိုဗစ်နိုင်တင်းတိုက်ဖျက်ရေးတွင် သတင်းအချက်အလက်ရရှိမှု အရေးပါသော်လည်း ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့၌ အစိုးရက အင်တာနက်ဖြတ်တောက်ထားသည်မှာ ဇွန် ၂၁ တွင် တစ်နှစ်ပြည့်ခဲ့ပြီး လက်ရှိတွင် မောင်တောမြို့နယ်တစ်ခုတွင် အင်တာနက် ပြန်လည်အသုံးပြုခွင့်ရရှိထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













