ပလက်ဝ စစ်မီးများနှင့်ဝေးရာ မိုင်ရာချီခရီးကြမ်း 

တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်တောင်းပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ရသည့် ပလက်ဝဒေသခံများ၏ အနာဂတ်မှာ မရေရာမှုများ ပြည့်နက်နေဆဲဖြစ်သည်  

Published on Jun 23, 2020
မှော်ဘီမြို့နယ် စစ်ဘေးရှောင်စခန်းရောက် ဒေါ်ပြည်တင်ကို မေလ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)
မှော်ဘီမြို့နယ် စစ်ဘေးရှောင်စခန်းရောက် ဒေါ်ပြည်တင်ကို မေလ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ရန်ကုန်နှင့် မနီးမဝေး မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ်တစ်စီး ကောင်းကင်ယံတွင် အသံကျယ်လောင်စွာ ပျံသန်းလျက်ရှိသည်။ အရှန်အဟုန်ပြင်းပြင်းဖြင့် လေ့ကျင့်ပျံသန်းနေခြင်းဖြစ်သည်။

ကျယ်လောင်သော တိုက်လေယာဉ်သံက အသက် ၃၉ နှစ်အရွယ် ဒေါ်ပြည်တင်ကို ထိတ်လန့်တုန်လှုပ်စေသည်။ မိမိနေရပ်ဇာတိနှင့်အဝေးတွင် ရောက်ရှိနေသည်ဆိုသည့် အသိစိတ်ဖြင့် ထိတ်လန့်မှုကို ဖြေဖျောက်လိုက်ရသည်။

တိုက်လေယာဉ်သံများ ရဟတ်ယာဉ်သံများ၊ အမြှောက်သံများအကြား မည်သည့်အချိန် မိမိအိမ်ပေါ် လက်နက်ကြီးကျည် ကျလာမလဲဆိုသည့် စိုးရိမ်စိတ်များစွာဖြင့် ဒေါ်ပြည်တင်တစ်ယောက် နေထိုင်ခဲ့ရသည်မှာ မကြာသေးခင် အချိန်ကအထိ ဖြစ်သည်။ 

ဒေါ်ပြည်တင်သည် ချင်းပြည်နယ်တောင်ပိုင်း တောင်ကုန်းတောင်စွယ်များ ထူထပ်သည့် ပလက်ဝမြို့နယ် မီးလက်ဝရွာဇာတိဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် တောင်းဆိုပြီး ပုန်ကန်တိုက်ခိုက်နေသည့် ရက္ခိုင်တပ်မတော် (AA)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ခူးမီးချင်းတိုင်းရင်းသူ ဒေါ်ပြည်တင်တစ်ယောက် နေရပ်စွန့်ခွာပြီး မှော်ဘီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေသည်မှာ အချိန်သုံးလကျော်ရှိပြီဖြစ်သည်။

ချင်းပြည်နယ် တောင်ဘက်အစွန်ဆုံး၌တည်ရှိပြီး ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်နမိတ်ခြင်း ဆက်စပ်နေသည့် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီဖြစ်သည်။ ယခင်က မြို့နှင့်ဝေးရာ အစွန်အဖျား ဒေသများတွင်သာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ဇန်နဝါရီလမှစတင်ကာ ပလက်ဝမြို့အနီးအထိ တိုက်ပွဲများပြင်းထန်လာခဲ့သည်။ မြို့အနီးတဝိုက်နှင့် မြို့ပေါ်နေရာများသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ရှိလာခဲ့သလို တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ပစ်ခတ်သံများလည်း စိပ်သထက်စိပ်လာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဒေါ်ပြည်တင်နေထိုင်ရာ မီးလက်ဝရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်ကြီးပိုင်းပုဂ္ဂိုလ်များအပါအဝင် လူငါးဦး ဒဏ်ရာရရှိခဲ့သည်။ အချိန်မရွေး အသက်အန္တရာယ် ထိခိုက်ပျက်စီးနိုင်သည့် အခြေအနေဖြစ်လာသည်။ ကုန်ဈေးနှုန်းမြင့်တက်လာသလို စားသောက်ကုန်များလည်း ရှားပါးလာသည်။ မိမိဇာတိ မီးလက်ဝရွာကို စွန့်ခွာရန် ဒေါ်ပြည်တင် ဆုံးဖြတ်လိုက်သည်။ ထိုနေ့သည် မတ်လ ၉ ရက်နေ့ဖြစ်သည်။

“အဲဒီမှာဆက်နေရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ သေမှာပဲ။ သေနတ်မှန်ပြီး သေရင်လည်းသေမှာပဲ။ ပြေးမှ ရမယ်ဆိုပြီး ပြေးကြတာပဲ” ဟု ဒေါ်ပြည်တင်က ပြောသည်။

ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ တစ်သောင်းကျော်ရှိလာပြီး စစ်ဘေးသင့်သူ ခြောက်သောင်းကျော်ရှိနေသည်ဆိုသည့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များက ပလက်ဝမြို့နယ်၏ အခြေအနေကို ညွှန်ပြနေသည်။ ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းတစ်သောင်းကျော်ရှိသည့်အတွက် စစ်ဘေးစစ်ဒဏ်သင့်သူ ထက်ဝက်ကျော်ရှိနေသည်။ 

မိမိနေရပ်ကိုစွန့်ခွာကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထွက်ပြေးတိမ်းရှောင်ရသူအရေအတွက်မှာလည်း များသထက်များလာသည်။ ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်သို့ ရောက်ရှိနေသည့် ချင်းပြည်နယ်မှ စစ်ဘေးရှောင်အရေအတွက်မှာ ယခုလဆန်းပိုင်းတွင် တစ်ရာကျော်အထိ ရှိလာသည်။

ပြင်းထန်သည့်တိုက်ပွဲများ၏အစ

ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲငယ်လေးက တိုက်ပွဲများ၏အစပင်ဖြစ်သည်။ ထိုနေရာတွင် ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်က တပ်မတော်နှင့် AA တို့အကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ်ရှိရာ တရုတ် - မြန်မာနယ်စပ် လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် AA သည် ကချင်နှင့် ရှမ်းမြောက်တွင် ၎င်း၏မဟာမိတ်များကို ကူညီတိုက်ခိုက်ပေးရင်း စစ်ရေးအတွေ့အကြုံရလာသည့်အခါ ရခိုင်ကိုအခြေချရန် ကြိုးပမ်းခဲ့သည်။ ထိုသည်မှ ရခိုင်နှင့် ချင်းပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။  

၂၀၁၅ မှ ၂၀၁၈ အတွင်း တပ်မတော်နှင့် AA အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ အဆက်မပြတ်ရှိခဲ့သည်။  လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲ ကင်းစခန်းလေးခုကို AA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မှစ၍ အပြင်းထန်ဆုံးသော တိုက်ပွဲများဖြစ်ပွားခဲ့သည်။ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ဘူးသီး တောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမှသည် ပြည်နယ်မြို့တော် စစ်တွေအနီး ပုဏ္ဏားကျွန်းအထိ တိုက်ပွဲများ ပျံ့နှံ့ဖြစ်ပွားခဲ့သည်။ တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အထိပါ တိုက်ပွဲများ ဖြစ်လာခဲ့သည်။ 

ချောင်ပိတ်မိနေသည့် ပလက်ဝမြို့

ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ပလက်ဝမြို့အနီး တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့သည်။ ပလက်ဝမြို့တစ်ဖက် တစ်ချက်စီတွင် နေရာယူထားကြသည့် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များက မြို့ပေါ်မှကျော်ကာ အပြန်အလှန်ပစ်ခတ်ကြသည်။ မြို့တွင်းသို့ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုများ ရှိလာခဲ့သည်။ 

ပလက်ဝမြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာမှုကြောင့် ဒေသခံများဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူအရေအတွက်လည်း လအနည်းငယ်အတွင်း တိုးမြင့်လာသည်။

ပလက်ဝမြို့နှင့်ဆက်သွယ်ရာ ဆမီးမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့သွားရာလမ်းများတွင် အသွားအလာပိတ်ဆို့ခံထားရသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပလက်ဝသို့ ပေးပို့သည့်ဆန်များ ကျောက်တော်နှင့် စစ်တွေတွင် ပိတ်မိနေသလို ရန်ကုန်မှပေးပို့သည့် ရိက္ခာများသည်လည်း ဆမီးမြို့တွင် သောင်တင်နေသည်။ 

ပြီးခဲ့သည့်မေလကုန်ပိုင်းအထိ ပလက်ဝမြို့အနီးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းများလည်း ပြတ်တောက်လျက်ပင်ရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။

“လမ်းကြောင်းကတော့ အခုထိပိတ်နေတုန်းပဲ။ ရန်ကုန်ကနေဆိုရင် ဆမီးထိပဲရတယ်၊ ပလက်ဝဘက် ဆက်လာလို့မရသေးဘူး" ဟု ၎င်းက ပြောသည်။

ပလက်ဝမြို့တွင် ယခင်က ဆန်တစ်အိတ် ကျပ်လေးသောင်းခန့်သာရှိသော်လည်း စားသောက်ကုန်ရှားပါး ပြတ်တောက်လာသည့်အတွက် ဆန်တစ်အိတ် ကျပ်တစ်သိန်းခန့်အထိ အဆန်မတန်ဈေးကြီးမြင့်ခဲ့သည်။ (လက်ရှိတွင် ဈေးပြန်ကျသွားသော်လည်း ကျပ်ခုနှစ်သောင်းခန့်အထိ ရှိနေဆဲဖြစ်သည်)    

မိုင် ၆၀၀ ကျော်ခရီးကြမ်း

ပလက်ဝမြို့အောက်ဘက်တွင် မီးလက်ဝရွာ(အထက်)နှင့် မီးလက်ဝရွာ(အောက်)ဆိုသည့် ရွာနှစ်ရွာရှိသည်။ အထက်ရွာတွင် ရခိုင်တိုင်းရင်းသားများနေထိုင်ပြီး အောက်ရွာတွင် ခူမီးချင်းတိုင်းရင်းသားမျာနေထိုင်ကြသည်။ ဒေါ်ပြည်တင်နေထိုင်ရာ မီးလက်ဝအောက်ရွာသည် ပလက်ဝမြို့နှင့် ကုလားတန်မြစ်သာခြားသည်။ မြို့တွင်းသို့ လက်နက်ကြီးများ မကြာခဏကျရောက်ပေါက်ကွဲနေသောကြောင့် ဒေါ်ပြည်တင်တစ်ယောက် ရွာတွင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့ပေ။ 

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသားအချို့ ဒဏ်ရာရသည်အထိဖြစ်လာရာ ဒေါ်ပြည်တင်၏ ရွာကိုစွန့်ခွာရေးဆုံးဖြတ်ချက်က ခိုင်မာသထက်ခိုင်မာလာခဲ့သည်။ အများစုက ပလက်ဝနှင့် ဆမီးမြို့များသို့ ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ဒေါ်ပြည်တင်ကတော့ အန္တရာယ်အကင်းဆုံးဖြစ်မည့် ဝေးနိုင်သမျှအဝေးဆုံးကို ပြေးရန် စဉ်းစားထားသည်။

ဒေါ်ပြည်တွင် သားသမီးလေးယောက်ရှိသည်။ ရန်ကုန်သွားဖို့ပြောတော့ ခင်ပွန်းဖြစ်သူက ကန့်ကွက်ခြင်းမပြုသော်လည်း သူကိုယ်တိုင်လိုက်ဖို့တော့ ငြင်းဆိုလေသည်။ 

အသက် ၂၁ နှစ်အရွယ် သားအကြီးဆုံးက အိန္ဒိယတွင် သမ္မာကျမ်းစာကျောင်းတက်နေသည်။ ကျန်သားသမီး သုံးယောက်နှင့်အတူ ပလက်ဝကို စွန့်ခွာရေးအစီအစဉ်အတွက် အသေးစိတ်တိုင်ပင်ကြသည်။

အခြေအနေအရပ်ရပ်ကို တွက်ဆပြီးနောက် ခင်ပွန်းနှင့်ကျန်သားသမီးနှစ်ယောက်ကို ပလက်ဝတွင် ခဏတာ ထားခဲ့ပြီး ၁၆ နှစ်အရွယ်သားလတ်နှင့် ရန်ကုန်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ဒေါ်ပြည်တင်တို့သားအမိ ပလက်ဝမှ ထွက်ခဲ့ကြသည်။ မှတ်မှတ်ရရ မတ်လ ၁၁ ရက်နေ့ဖြစ်သည်။

ပလက်ဝမှ ရန်ကုန်သွားရန် လမ်းနှစ်လမ်းရှိသည့်အနက် ပလက်ဝမှ ကျောက်တော်၊ ကျောက်တော်မှတဆင့် ရန်ကုန်သွားရန်ဖြစ်သည်။ မိုင် ၆၀၀ ကျော်ဝေးသည့်လမ်းဖြစ်သည်။

ပလက်ဝမှ စတင်ထွက်ခွာပြီး ကုလားတန်မြစ်ကြောင်းအတိုင်း သုံးနာရီကြာ စက်လှေခရီးကို မနက်စောစော စတင်ခဲ့သည်။ လမ်းတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကျောက်တော်အထိ တိုက်ရိုက်မသွားနိုင်ဘဲ လမ်းတဝက်ဖြစ်သည့် တုမဝကျေးရွာတွင် ရပ်တန့်ခဲ့ရသည်။ 

တုမဝမှတဆင့် တောင်တက်ခြေလျင်ခရီးကြမ်းဖြင့် ဆက်ရသည်။ အန္တရာယ်များလွန်းသည့်အတွက် တုမဝရွာသားများက မသွားစေလိုကြပေ။ နောက်ကြောင်းပြန်လှည့်ရန် အကြောင်းမရှိသည့်အတွက် ဒေါ်ပြည်တင်တို့ သားအမိ ရှေ့ခရီးဆက်ခဲ့ကြသည်။ 

မနက်စောစော တောင်ပေါ်ခြေလျင်ခရီးသွားနေစဉ် ကောင်းကင်၌ ပျံဝဲနေသည့် တိုက်လေယာဉ် ရဟတ်ယာဉ်များကို မြင်တွေ့ရသလို အမြှောက်သံများ ပစ်ခတ်တိုက်ခိုက်သံများလည်း ဆူညံစွာကြားခဲ့ရသည်။

“ဘယ်ကိုပစ်နေမှန်းတော့မသိဘူး။ အသံတွေကတော့ ဆူညံနေတာပဲ။ သေမှာတော့ကြောက်တယ်။ ဒါပေမယ့် သေရင်လည်းသေပါစေဆိုပြီး အမြန်လျှောက်ကြတာပဲ” ဟု ဒေါ်ပြည်တင်က ပြောသည်။

ကျောက်တော်ရောက်သည့်အချိန်တွင် ညနေ ၅ နာရီခန့်ရှိပြီဖြစ်သည်။ ကားမရှိတော့သဖြင့် ထိုမှာပင် ညအိပ်ရတော့သည်။ နောက်တစ်နေ့နံနက် မင်းပြားသို့ ခရီးဆက်ရာတွင် တိုက်ပွဲနှင့်ကြုံရပြန်သည်။ ဒေါ်ပြည်တင်တို့ နောက်မှ မြစ်ကူးသည့်ကားကို ကျည်ဆံထိမှန်သဖြင့် ခရီးသည်အချို့ ဒဏ်ရာရခဲ့ကြသည်။

အမ်းမရောက်ခင် လမ်းတဝက်တွင် AA အဖွဲ့၏ စစ်ဆေးခြင်းခံခဲ့ရသော်လည်း တစ်စုံတစ်ရာအန္တရာယ်ပြုခြင်းမျိုး မရှိသဖြင့် ခရီးဆက်နိုင်ခဲ့သည်။ အမ်းမြို့တွင် တစ်ညအိပ်စက်ခဲ့ပြီး နောက်တစ်နေ့ညပိုင်းတွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ ခူမီးဧဝံဂလိခရစ်ယာန်အသင်းတော်သို့ ရောက်ရှိခဲ့သည်။ 

ခူမီးဧဝံဂလိခရစ်ယာန်အသင်းတော်သို့ ဒေါ်ပြည်တင်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် မီးလက်ဝရွာ၊ စိမ့်စင်းရွာနှင့် လောင်းဂဒူးရွာစသည့် ရွာများမှ စစ်ရှောင်များ ထပ်မံရောက်ရှိလာသည်။ 

ပလက်ဝကို စွန့်ခွာကာ ထပ်မံရောက်ရှိလာသူများတွင် မီးလက်ဝရွာသား ဦးရိုင်းပလည်း ပါဝင်သည်။ ရှေ့က တင်ကြိုသွားနှင့်သူများကြောင့်သာ ရန်ကုန်ကိုဦးတည်ထွက်ခွာလာခြင်းဖြစ်သော်လည်း ရန်ကုန်မြို့ရှိရာအရပ်ကို ဦးရိုင်းပတစ်ယောက် သိသည်မဟုတ်ပေ။ 

“ရန်ကုန်က မြို့ကြီးလေ။ အလုပ်အကိုင်ကောင်းကောင်းလည်းရနိုင်မယ်၊ သားသမီးတွေပညာရေးလည်း အဆင်ပြေမယ်ဆိုပြီး ရန်ကုန်ကိုပဲသွားမယ်ဆိုပြီး ထွက်ခဲ့တာ" ဟု ဦးရိုင်းပက ပြောသည်။

မိသားစုဝင် ခြောက်ယောက်ရှိသည့် ဦးရိုင်းပတို့သည် အခြားမိသားစုတစ်ခုနှင့်အတူ ရန်ကုန်သို့ထွက်လာခြင်းဖြစ်သည်။ ပလက်ဝ - မတူပီ - ပခုက္ကူ - ရန်ကုန်လမ်းကြောင်းအတိုင်းလာခဲ့ရာ ကားသမားများ၏ လမ်းညွှန်မှုကြောင့်သာ ရန်ကုန်ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လမ်းခရီးတွင် အခက်အခဲမျိုးစုံးကြုံခဲ့ရပြီး အဆိုးဆုံးမှာ ပါလာသည့်ငွေ မလောက်မည်စိုးသဖြင့် မိသားစုဝင်အားလုံး တစ်နေ့ထမင်းတစ်နပ်သာ စားခဲ့ကြသည်။ 

လူဦးရေ ၆၁ ဦးရှိလာသည့်အတွက် ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီက ပလက်ဝစစ်ဘေးရှောင်များကို မှော်ဘီသို့ ထပ်ဆင့်ရွှေ့ပြောင်းပေးရန် စီစဉ်ခဲ့သည်။ 

ရန်ကုန်တွင် ပလက်ဝကို စွန့်ခွာလာသည့် စစ်ဘေးရှောင် ၁၅၀ ခန့်ရှိနေပြီး ချင်းပြည်နယ် ဟားခါးတွင် ၄၀ ကျော်နှင့် ထန်တလန်တွင် ၁၈၀ ခန့်ရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးစိုးထက်က ပြောသည်။

တကွဲတပြား မိသားစုအသိုက်အမြုံ

ရန်ကုန်တွင် ရောက်နေသော်လည်း ပလက်ဝသတင်းကိုသာ အမြဲနားစွင့်နေရသည်။ သတင်းတွေလည်း မျိုးစုံကြားနေရသည်။ ပလက်ဝမြို့ထဲ တချို့ရပ်ကွက်တွေမှာ AA ရောက်နေပြီဆိုသည့်သတင်း၊ ဘယ်နေ့တွင် မြို့ကိုသိမ်းမည်ဆိုသည့် ကောလာဟလသတင်းများ အပါအဝင်ဖြစ်သည်။

စစ်ပွဲအတွင်း ပိတ်မိနေသည့် ကျေးရွာများတွင် ရိက္ခာပြတ်လပ်နေသည့်အကြောင်းနှင့် စားသောက်ကုန် ဈေးနှုန်းများအကြောင်း ကြားမိသည့်အခါတိုင်း ကျန်ခဲ့သည့် ခင်ပွန်းနှင့် သားသမီးများအတွက် ဒေါ်ပြည်တင်စိတ်ပူရသည်။ ရန်ကုန်ကိုလိုက်လာချင်သော်လည်း ခင်ပွန်းနှင့် သားသမီးများမှာ တိုက်ပွဲကြားမှာပိတ်မိရင်း ပလက်ဝမြို့ပေါ်ရှိ မူလတန်းကျောင်းတစ်ခုတွင် လိုလှုံနေရသည်။ 

မိသားစုအသိုက်အမြုံက တကွဲတပြားဖြစ်လာသည်။ မီးလက်ဝသို့ ပြန်ရန်လည်း မဖြစ်နိုင်တော့ပေ။ မေလ ၂၆ ရက်က မီးလက်ဝတွင် အိမ်ခြေ ၆၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒေါ်ပြည်တင်တို့နေထိုင်ရာအိမ်လည်း ပါသွားခဲ့သည်။ 

ပလက်ဝမြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုနှင့် မီးရှို့ခံရမှုကြောင့် အနည်းဆုံးကျေးရွာငါးရွာမှ အိမ်ခြေတစ်ရာကျော် ဆုံးရှုံးခဲ့ရသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။

တိုက်ပွဲများပြီးဆုံး၍ အေးချမ်းသည့်အခါ ရွာပြန်မည်ဆိုသော ဒေါ်ပြည်တင်၏ အတွေးသည်လည်း မီးလောင်သွားသည့် မိသားစုနေအိမ်နှင့်အတူ ပျောက်ကွယ်မှုန်ဝါးခဲ့ပြီဖြစ်သည်။ မီးလက်ဝရွာသား ဦးရိုင်းပသည်လည်း ထိုနည်းနှင်နှင်ဖြစ်သည်။ အဘက်ဘက်က နိမ့်ကျနေချိန် နေထိုင်ရာအိမ် မီးထဲပါသွားခဲ့သည်။ 

“ဒီစစ်ကြီးက ဘယ်တော့ပြီးမလဲလည်းမသိဘူး။ ပြီးသွားရင်တောင် အရင်လို အေးအေးချမ်းချမ်းပြန်ဖြစ်ဖို့ဆိုတာ နှစ်တွေအကြာကြီးစောင့်ရဦးမှာ” ဟု တွေးတွေးဆဆပြောလိုက်သည့် ဦးရိုင်းပ၏ မျက်နှာတွင် မရေရာသည့် အရိပ်အယောင်များ ပြည့်နက်နေသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading