ပန်းဘဲတန်းမြို့နယ်ရှိ လူငယ်များရိပ်သာ အားကစားခန်းမစီမံခန့်ခွဲပိုင်ခွင့်နှင့် ပတ်သက်၍ နှစ်ဖက် အပြန်အလှန်အမှုဖွင့်ရာတွင် လာဘ်ပေးလာဘ်ယူမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ လူငယ်များရိပ်သာ အားကစားခန်းမစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ဂေဟာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ကြား နှစ်ဖက်အပြန်အလှန် အမှုဖွင့်ခဲ့ရာတွင် ကျပ်သိန်း ၆၀ ကျော် လာဘ်ပေးလာဘ်ယူမှု ပေါ်ပေါက်သဖြင့် ခရိုင်ဥပဒေအရာရှိနှင့် ဒုတိယရဲမှူးအပြင် လာဘ်ထိုးခဲ့သူနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇွန် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူခံထားရသူများမှာ ပန်းဘဲတန်းမြို့မရဲစခန်းမှ ဒုတိယရဲမှူးအောင်ဇော်မိုး၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း (လက်ရှိ မြောင်းမြခရိုင် ဥပဒေအရာရှိ)၊ ရန်ကုန်မြို့လူငယ်များဂေဟာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ဖြစ်သည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံအုပ်ချုပ်ဌာနတွင် ဦးစီး(၅)ရာထူးဖြင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူ ဒုရဲမှူးအောင်ဇော်မိုးသည် ပန်းဘဲတန်းမြို့မရဲစခန်းတွင် တာဝန်ကျစဉ်က အမှုသည် ဦးမြင့်ဦးထံမှ ရဲခံဝန်ချုပ် အာမခံပြုလုပ်ရန် ငွေကျပ်ခြောက်သိန်း လက်ခံခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်ဥပဒေအရာရှိဖြစ်သူ ဒေါ်နီနီဝင်းမှာ ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးအဖြစ်ရှိစဉ် အဆိုပါအမှုကို အကြံပေးပြင်ဆင်ရာ၌ အမှုသည်ထံမှ ကျပ် ၅၇ သိန်းကို ခုနှစ်ကြိမ် အရစ်ကျခွဲ၍ ရယူကြောင်း ပေါ်ပေါက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ ဖြင့် ပန်းဘဲတန်းမြို့မစခန်းတွင် အမှုဖွင့်ထားကြောင်း ကော်မရှင်ထုတ်ပြန်ချက်တွင် ပါရှိသည်။


ခရိုင်ဥပဒေအရာရှိ ဒေါ်နီနီဝင်းကို မြောင်းမြမြို့နယ်မှ ဇွန် ၁၈ တွင် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရပေ။ Myanmar Now က ကော်မရှင်ကို ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့၏လုံခြုံရေးအရ သတင်းတွင် ထည့်သွင်းခြင်းမပြုရန် တားမြစ်ခဲ့သည်။
တရားရေးဝန်ထမ်းနှင့် ရဲအရာရှိတို့ကို ကျပ်သိန်း ၆၀ ကျော် လာဘ်ထိုးခဲ့သည့် ရန်ကုန်မြို့လူငယ်များဂေဟာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ကို အဂတိလိုက်စားမှု ကျူးလွန်ရာ၌ အားပေးကူညီသည်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ ဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထိုဂေဟာရှိ အားကစားခန်းမစီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ဂေဟာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ကြား အငြင်းပွားမှုမှာလည်း မပြီးပြတ်သေးဘဲ တရားရင်ဆိုင်နေဆဲဖြစ်သည်ကို Myanmar Now က စုံစမ်းသိရှိရသည်။ အဆိုပါဂေဟာမှာ ချိတ်ပိတ်ထားသည်ကို တွေ့ရပြီး ဂေဟာတာဝန်ရှိသူများထံ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း လက်တလောတွင် ဆက်သွယ်၍မရသေးပေ။
လာဘ်ပေးလာဘ်ယူပြုသူလေးဦးစလုံးနှင့် ပတ်သက်၍ တိုင်းတန်းသူကို ကော်မရှင်က ထုတ်ဖော်ခွင့်မရှိကြောင်း နှင့် ၎င်းတို့လေးဦးကို မည်သည့်ရက်တွင် စတင်ရုံးထုတ်စစ်ဆေးမည်ကို မသိရသေးကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။
“ပေးတဲ့သူရော ယူတဲ့သူရော အရေးယူတာပေါ့နော်။ တိုင်တဲ့သူက ကြားလူပေါ့နော်။ သိတဲ့သူကနေ တိုင်တာပေါ့”ဟု ၎င်းက ပြောသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုဖြစ်ပွားရာတွင် လာဘ်ငွေတောင်းသူကိုသာမက လာဘ်ငွေပေးသူကိုပါ အရေးယူခဲ့ရသည့် အမှုပေါင်းမှာ ၂၀၁၇ မှစ၍ သုံးနှစ်အတွင်း ငါးမှုခန့်ရှိပြီဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူက ပြောသည်။
ဂေဟာအားကစားခန်းမမှ ရရှိသည့် ဝင်ငွေအပေါ် စီမံခန့်ခွဲပိုင်ခွင့်ရရှိရေးအတွက် ဂေဟာတာဝန်ရှိ အဖွဲ့နှစ်ဖွဲ့ကြား အပြန်အလှန်အငြင်းပွားခဲ့ရာမှတဆင့် ပန်းဘဲတန်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ကြခြင်းဖြစ်သည်။ ထိုမှတဆင့် လာဘ်ပေးလာဘ်ယူမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
အားကစားခန်းမ အငြင်းပွားမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးသို့ တိုင်ကြားသဖြင့် ၂၀၁၆ ခုနှစ်ကတည်းက နှစ်ကြိမ်တိုင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ဖူးကြောင်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂) ဒေါ်စိုးပပလှိုင်က ပြောသည်။
လာဘ်ပေးလာဘ်ယူမှု ပါဝင်ခဲ့သည့် ဂေဟာအုပ်ချုပ်ရေးအဖွဲ့မှ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးမြင့်ဦးသည် အဆိုပါ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးလည်းဖြစ်သည်ဟု သိရသည်။
ရန်ကုန်လူငယ်များဂေဟာသည် ပန်းဘဲတန်းမြို့နယ်၊ အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် တည်ရှိပြီး ‘ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေးအဖွဲ့’ ဟု ဆိုင်းဘုတ်တင်ထားသည့် အုတ်တိုက် အဆောက်အအုံဖြစ်သည်။
အဆိုပါ ရန်ကုန်မြို့လူငယ်များဂေဟာကို ကိုလိုနီခေတ် ၁၉၂၉ ခုနှစ်တွင် နေရှင်နယ်ကောင်စီ အမျိုးသမီးနှင့် ဝိုင်-အမ်-စီ-အေ (Y.M.C.A.) ခေါ် ခရစ်ယာန်လူငယ်အသင်းတို့က မိဘမဲ့နှင့် ခိုကိုးရာမဲ့ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ချက်ချက်ဖြင့် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းဂေဟာကို ထိန်းသိမ်းစောင့်ရှောက်ရန် အဖွဲ့ဝင်ကိုးဦးပါဝင်သော ဂေဟာကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ခေတ်အဆက်ဆက် အမွေဆက်ခံခဲ့ကြသည်။ နောက်ဆုံးအမွေဆက်ခံသူ ဂေဟာဥက္ကဋ္ဌဦးကျော်အောင်မှာ လွန်ခဲ့သည့်တစ်နှစ်ခန့်က သေဆုံးခဲ့သည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောသည်။
ဦးကျော်အောင် သေဆုံးပြီးနောက် ဂေဟာစီမံခန့်ခွဲပိုင်ခွင့် အငြင်းပွားရာမှ ပန်းဘဲတန်းမြို့နယ်တရားရုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ပန်းဘဲတန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က Myanmar Now ကို ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












