ဌာနအကြီးအကဲများ ဦးပိုင်ဒါရိုက်တာဖြစ်နေခြင်း ဥပဒေနှင့်ညီဟု ရှေ့နေချုပ်ရုံးဆို

ကိုလိုနီခေတ် ၁၉၃၈ တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းစည်းကမ်းဥပဒေအများအရ သမ္မတရုံး သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်ရှိလျှင် နိုင်ငံ့ဝန်ထမ်းများ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ ပါဝင်မှုမှာ တရားဝင်သည်ဟု ရှေ့နေချုပ်ရုံးက ဆိုသည်

 

Published on Jun 20, 2020
နေပြည်တော်တွင် ဇွန်လ ၁၉ က ပြုလုပ်ခဲ့သော ရှေ့နေချုပ်ရုံးသတင်းစာရှင်းပွဲ။ (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)
နေပြည်တော်တွင် ဇွန်လ ၁၉ က ပြုလုပ်ခဲ့သော ရှေ့နေချုပ်ရုံးသတင်းစာရှင်းပွဲ။ (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနအကြီးအကဲနှစ်ဦး တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်ပါဝင်နေမှုမှာ ဥပဒေနှင့်ညီသည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးက အတည်ပြုလိုက်သည်။

သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများဆောင်ရွက်ရာ၌ အရေးကြီးသည့် အထက်ပါအစိုးရဌာနနှစ်ခုတွင် အကြီးအကဲအဖြစ်တာဝန်ယူခဲ့ကြသူများမှာ ဦးပိုင်စတင်ထူထောင်သည့် ၁၉၉၀ မှစ၍ ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် အစဉ်တစ်စိုက်ပါဝင်နေခြင်းဖြစ်သည်။ 

လက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်တို့နှစ်ဦးသည်လည်း ဦးပိုင်လီမိတက်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် စာရင်းဝင်နေဆဲဖြစ်သည်။

ထိုသို့ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွား ဒွေးရောယှက်တင်ဖြစ်နေမှုကြောင့် အကျိုးစီးပွားပဋိပက္ခရှိမရှိ၊ ဥပဒေနှင့်ညီမညီ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ အကြံပြုချက်တောင်းမည်ဟု နိုင်ငံတော်သမ္မတရုံးက ယခုလဆန်းပိုင်းက ပြောဆိုခဲ့သည်။ 

နေပြည်တော်တွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ Myanmar Now က မေးမြန်းသည့်အခါ ကိုလိုနီခေတ်တွင်ပြဋ္ဌာန်းခဲ့ပြီး ယနေ့တိုင်တည်ဆဲဖြစ်နေသေးသည့် ၁၉၃၈ Government Service Conduct Rules နှင့် ညီညွတ်ကြောင်း အမြဲတမ်းအတွင်းဝန် မသီတာဦးကပြောသည်။

၁၉၃၈  Government Service Conduct Rules ပုဒ်မ ၁၃၊ ၁၄တွင် နိုင်ငံဝန်ထမ်းများသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးထံမှ ကြိုတင်ခွင့်ပြုချက်ရထားလျှင် အခြားစီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများ၌ ပါဝင်ပတ်သက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ၎င်းကဆိုသည်။

မသီတာဦးက “အဲဒီဥပဒေမှာ သေချာပြဋ္ဌာန်းထားပါတယ်ရှင့်”ဟု ပြောသည်။

ရှေ့နေချုပ်ဒုညွှန်ချုပ်၏ အကျိုးစီးပွားပဋိပက္ခ

ဆိပ်ကမ်းနှင့်အကောက်ခွန်အကြီးအကဲနှစ်ဦးအပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက်ခံ အင်းဝဘဏ်နှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော ထားဝယ်အထူးစီးပွားရေးဇုံဖော်ဆောင်ရေးကုမ္ပဏီလီမိတက် ( Dawei SEZ Development  Company Limited) တို့တွင် ဒါရိုက်တာဖြစ်နေသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်မှာ ထိုသို့ပါဝင်ရန်ခွင့်ပြုချက်ရှိမရှိ Myanmar Nowက ဆက်လက်မေးမြန်းရာ အစိုးရအဖွဲ့ သို့မဟုတ် သမ္မတရုံးထံမေးမြန်းပါရန် မသီတာဦးကဆိုသည်။ 

ဦးကျော်ကျော်နိုင်မှာ တပ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသော်လည်း တပ်မတော်တွင် ယခင်က တာဝန်ထမ်းဆောင်ဖူးခြင်း မရှိပေ။  

“အစတုန်းကတော့ MEC တို့၊ အင်းဝဘဏ်တို့ဆိုတာက အစိုးရရဲ့အစိတ်အပိုင်းအနေနဲ့ လုပ်ခဲ့တာပေါ့နော်။ လုပ်ခဲ့တဲ့ အချိန်မှာ (သူ့ကို)  ခွင့်ပြုချက်(သမ္မတရုံး သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးထံက) ပေးထားတယ်ဆိုရင်တော့” ဥပဒေနှင့် ညီကြောင်း ရှေ့နေချုပ်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ထို့ပြင် ထိုတပ်ပိုင်စီးပွားရေးလုပ်ငန်းများ ယခုအချိန်တွင် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ခြင်းမရှိတော့ပင်လျှင် နိုင်ငံတော်၏ ခွင့်ပြုချက်ရှိထားပါက ပါဝင်နေသူ နိုင်ငံ့ဝန်ထမ်းများ ဥပဒေနှင့် ညီညွတ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

အထက်ပါကိစ္စများကို အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်အကြံပြုခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာ တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဦးပိုင်ကုမ္ပဏီတွင် ၎င်း၏ရှယ်ယာ ရှိမရှိကို မသိရသေးပေ။

ဒုတိယ ညွန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးကျော်ကျော်နိုင်သည်

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်မရှင် လက်အောက်ခံ အင်းဝဘဏ်တွင် ရှေ့နေချုပ်ရုံး ဒုတိယ ညွန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးကျော်ကျော်နိုင်သည် ဒါရိုက်တာအဖြစ်ပါဝင်နေသည်။ (ကိုးကား-ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)

စိစစ်မှုများပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည့် နိုင်ငံတော်သမ္မတရုံးထံ Myanmar Now က ယမန်နေ့တွင် မေးမြန်းသည့်အခါ ရှေ့နေချုပ်ရုံး၏အကြံပြုချက်ကို သက်ဆိုင်ရာဌာနများက တောင်းခံရရှိပြီးဖြစ်သော်လည်း သမ္မတရုံးထံ တင်ပြလာခြင်းမရှိသေးဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

“သံသယကင်းကင်းဖြစ်စေချင်တယ်ဆိုရင် ဒါတွေ(ဌာနအကြီးအကဲများ)ကို တိုက်ရိုက်ခန့်တဲ့ နိုင်ငံတော်သမ္မတဆီတင်ပြဖို့ ရှေ့နေချုပ်ရုံးက အကြံပြုထားတယ်လို့သိရတယ်။ သမ္မတရုံးကို တင်ပြလာခြင်းမရှိသေးဘူး။ တင်ပြလာတဲ့အခါမှာလည်း သမ္မတဆီတင်ပြပြီးအဆုံးအဖြတ်ခံယူသွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၅ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ၌ မည်သည့်အရာထမ်း၊ အမှုထမ်းမဆို ဆိပ်ကမ်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် တိုက်ရိုက်/သွယ်ဝိုက်မပါဝင်ရန် ပြဋ္ဌာန်းထားသော်လည်း လက်ရှိဆိပ်ကမ်းအကြီးအကဲ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ဦးပိုင်သည် ရန်ကုန်တွင် ဆိပ်ကမ်းလုပ်ငန်းများရှိနေခြင်းအပေါ် သမ္မတရုံး၏ ရှုမြင်ချက်ကို Myanmar Now က ထပ်မံမေးမြန်းရာ အများပြည်သူသံသယကင်းရှင်းစေရန် လုပ်ဆောင်မည်ဟု ဦးဇော်ဌေးက ပြန်ဖြေသည်။

“(သက်ဆိုင်ရာဌာနများက) တင်ပြလာလာတဲ့အပေါ်မှာ ခုနပြောတဲ့ ဥပဒေကြောင်းအရရှိမယ်။ နောက်တစ်ခုက အကျိုးစီးပွားပဋိပက္ခအပေါ်မှာ အများပြည်သူသံသယကင်းအောင် လုပ်ရမယ့်အပိုင်းတွေရှိတယ်”ဟု ၎င်းက ဆို သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အခန်း ၈ ပါ လုပ်ပိုင်ခွင့်အာဏာရှိသူက ပိုင်ဆိုင်သည့် ငွေကြေး ပစ္စည်းပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များကြေညာရန် ပြဋ္ဌာန်းချက်ကို ဦးဇော်ဌေးက ရည်ညွှန်းခြင်းဖြစ်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေး ဆွေးနွေးလျှက်ရှိသည်ဟုဆိုသည်။

“လုပ်ပိုင်ခွင့်ရှိသူဆိုတာကို ဘယ်လိုသတ်မှတ်မလဲဆိုတာ ကျွန်တော်တို့(အစိုးရအဖွဲ့) ဆွေးနွေးနေဆဲဖြစ်တယ်။ ကြေညာရင်လည်း ဘယ်အဆင့်အထိ ကြေညာမလဲ”ဟု ၎င်းက ရှင်းပြသည်။

ဦးဇော်ဌေးရည်ညွှန်းသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ၂၀၁၃ ကတည်းက ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေ အပြီးသတ်ရေးဆွဲမှုတွင် ကြန့်ကြာနေခြင်းဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနအကြီးအကဲနှစ်ဦး ဒါရိုက်တာအဖြစ်တာဝန်ယူထားသော ဦးပိုင်ကုမ္ပဏီကို တပ်မတော်က ၁၉၉၀ တွင်ထူထောင်ခဲ့ပြီး ၎င်းကုမ္ပဏီသည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအများအပြားတွင် လုပ်ကိုင်နေသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် "ပြည်ထောင်စု" စာသားကိုဖြုတ်ကာ 'မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ' ဟု ပြောင်းလဲခဲ့သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာ နှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။

ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading