အခွန်သက်သာခွင့် အကျိုးသက်ရောက်မှုနည်းဟုဆို 

ထပ်တိုးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သက်သာခွင့်ပေးခြင်းဖြင့် Covid-19 ကြောင့်ထိခိုက်နေသည့် စီးပွားရေးလုပ်ငန်းများ ခံစားခွင့်မရနိုင်ကြောင်း ဝေဖန်မှုများရှိနေသည်

Published on Jun 19, 2020
ကိုဗစ်နိုင်တင်းကပ်ရာဂါကြောင့် စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ရန် အစိုးရက တစ်ဆင့်ချင်း အခွန်ကောက်ခံမှု လျှော့ပေါ့ပေးခြင်းဖြင့် ကြိုးပမ်းလျက်ရှိသည်။ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
ကိုဗစ်နိုင်တင်းကပ်ရာဂါကြောင့် စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ရန် အစိုးရက တစ်ဆင့်ချင်း အခွန်ကောက်ခံမှု လျှော့ပေါ့ပေးခြင်းဖြင့် ကြိုးပမ်းလျက်ရှိသည်။ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ကိုဗစ်နိုင်တင်း (Covid-19) စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ အခွန်သက်သာခွင့်ပေးမည့်အစီအစဉ် မှာ ရှုပ်ထွေးပြီး စီးပွားရေးကဏ္ဍတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှု အားနည်းကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်သည်။

အခွန်သက်သာခွင့် အမျိုးအစားလေးမျိုးအတွက် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေဆိုင်ရာအမိန့်ကို သမ္မတရုံးက ယခုလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အခွန်သက်သာခွင့်လေးမျိုးနှင့်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ယခုလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခွန်သက်သာခွင့်လေးမျိုးမှာ (၁) လုပ်ခလစာအပေါ် အခွန်ခုနှိမ်ခွင့်ပြုခြင်း၊ (၂) လုပ်ခလစာအပေါ် အသုံးစရိတ်တိုးမြှင့်နုတ်ပယ်ခွင့်ပြုခြင်း၊ (၃) မ-တည်ပိုင်ပစ္စည်းများနှင့်ဆိုင်သည့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ခုနှိမ်ခွင့်ပြုခြင်းနှင့် (၄) ထပ်တိုး မ-တည်ပိုင်ပစ္စည်းများအပေါ် တန်ဖိုးလျော့စရိတ် တိုးမြှင့်ခွင့်ပြုခြင်းများဖြစ်သည်။

အခွန်သက်သာခွင့်အရ ထပ်တိုးပေးချေရသည့် လုပ်ခလစာစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို အခွန်ခုနှိမ်ခွင့်၊ ထပ်တိုးပေးချေရသည့် လုပ်ခလစာစုစုပေါင်း၏ ၁၂၅ ရာခိုင်နှုန်းကို အသုံးစရိတ်အဖြစ် နှုတ်ပယ်ခွင့်၊ မတည်ပစ္စည်းတိုးချဲ့ဝယ်ယူရာတွင် စုစုပေါင်းပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို အခွန်ခုနှိမ်ခွင့်နှင့် ထပ်တိုးရယူသည့် မတည်အပိုင်ပစ္စည်းများအတွက် တန်ဖိုးလျော့စရိတ်၏ ၁၂၅ ရာခိုင်နှုန်းကို စရိတ်အဖြစ် နှုတ်ပယ်ခွင့်ပြုမည်ဖြစ်သည်။

ယခုအခွန်ဖြေလျှော့မှုသည့် လုပ်ငန်းအမျိုးအစားအလိုက် ခံစားပိုင်ခွင့်ကွာခြားမည်ဖြစ်ပြီး စက်ယန္တယားများ၊ အလုပ်သမားဝန်ထမ်းအများအပြားဖြင့် လည်ပတ်နေသည့် ကုမ္ပဏီများအတွက် သက်သာခွင့်ပိုရနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က Myanmar NOW ကိုပြောသည်။ 

အစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ငန်းတိုးချဲ့စေလိုပြီး ဝန်ထမ်းများထပ်မံခန့်အပ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အခွန်ဖြေလျှော့ခြင်းဖြစ်ကာ ထပ်မံတိုးလာမည့် ဝန်ထမ်းလစာပမာဏ၊ ထပ်တိုးဝယ်ယူမည့် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များကို ဝင်ငွေခွန်ဆောင်ရာတွင် ခုနှိမ်ခွင့်နှင့် နှုတ်ပယ်ခွင့် ပိုပေးခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုသည် အကြမ်းဖျင်းအမြတ်ကျပ်သိန်း ၁၀၀၀ ရရှိရာတွင် ကုန်ကျစရိတ် ၅၀၀ နှုတ်ပါက အမြတ်သိန်း ၅၀၀ အပေါ်တွင် ၂၅ ရာခိုင်နှုန်းပေးဆောင်ရသော်လည်း ယခုအခါ ကုန်ကျစရိတ် ၅၀၀ တွင် ရာခိုင်နှုန်းအလိုက်နှုတ်ပယ်ခွင့် ပိုမိုရမည်ဖြစ်ရာ ဝင်ငွေခွန်ပေးဆောင်ရာတွင် လျော့နည်းသွားမည့် သဘောဖြစ်သည်။

ထပ်တိုးရင်းနှီးမြှုပ်နှံမှုအပေါ် သက်သာခွင့်ပေးခြင်းဖြင့် ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်နေသည့် စီးပွားရေးလုပ်ငန်းများ ခံစားခွင့်မရနိုင်ကြောင်း အဆိုးမြင်ဝေဖန်မှုများရှိသော်လည်း စီးပွားရေးကို ပြန်လည်လှုံ့ဆော်သည့် အနေဖြင့် ယင်းကဲ့သို့ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

စီးပွားရေးလုပ်ငန်းများတိုးချဲ့ခြင်းနှင့် အလုပ်သမားတိုးမြှင့်ခန့်အပ်ခြင်းကို အခြေခံ၍ အခွန်သက်သာခွင့်ပေးခြင်းဖြစ်သော်လည်း ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် လုပ်ငန်းများတိုးချဲ့ရန် မလွယ်သဖြင့် အကျိုးသက်ရောက်မှုနည်းကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

“အလုပ်သမားတွေတိုးခန့်နိုင်တာ၊ အလုပ်တွေတိုးချဲ့ပြီးတော့ အခြေခံပစ္စည်းဝယ်နိုင်တယ်ဆိုတာနည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ အရောင်းအဝယ်အားလုံးက တုံ့နှေးသွားတယ်။ ယေဘူယျအားဖြင့်တော့ ဒီအခွန်ဖြေလျှော့မှုက စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုအလွန်နည်းတယ်” ဟု ၎င်းက ပြောသည်။

အခွန်ဖြေလျှော့မှုသည် စာရင်းမှန်မှန်ကန်ကန်တင်ပြကာ အခွန်ပေးဆောင်သည့် ကုမ္ပဏီကြီးများအတွက် အခွန်သက်သာခွင့်ပေးရာရောက်ပြီး စာရင်းဇယားစနစ်တကျမရှိသည့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အခွန်သက်သာခွင့်ပေးသော်လည်း အကျိုးမထူးကြောင်း မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က ပြောသည်။

“နဂိုကတည်းကိုက SME လေးတွေက စာရင်းလည်း စနစ်တကျမရှိဘူး။ အဲ့ဒီအပေါ်မှာသွားကြည့်မယ်ဆိုရင် မြန်မာစကားပုံလိုပေါ့။ ပေးကာပေး၏ မရဖြစ်နိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုကို ပြန်လည်ကုစားနိုင်ရန် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ ငွေကြေးသုံးစွဲရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ရည်မှန်းထားသည်။ 

အခွန်ဝင်ငွေလျော့ကျမှုကြောင့် ဘဏ္ဍာရေးလိုငွေပြနိုင်သော်လည်း အသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက် မကျော်ရန်ဆောင်ရွက်နေကြောင်း ဒီချုပ်ပါတီ၏ စီးပွားရေးကော်မတီဥက္ကဌ ဦးဟံသာမြင့်က Myanmar Now ကို ပြောကြားထားသည်။ 

ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် ပြည်တွင်းအခွန်ရရှိမှုမှာ ယခင်နှစ်ထက် ကျပ်ဘီလျံ ၁၂၀၀ ကျော်အထိ လျော့နည်းနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ခန့်မှန်းထားပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၈ - ၂၀၁၉ တွင် အခွန်ဝင်ငွေစုစုပေါင်း ကျပ် ၆၅၈၁ ဒသမ ၃ ဘီလျံရရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာတွင်မူ ကျပ် ၅၃၁၁ ဒသမ ၂ ဘီလျံသာ ရရှိမည်ဟု အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Myanmar Now ကို ပြောကြားထားသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading