ရွေးကောက်ပွဲ

ပါတီရန်ပုံငွေ လစဉ်ကျပ်သိန်းနှစ်ထောင်ကျော်ရှိဟု ဒီချုပ်တာဝန်ရှိသူပြော 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များ၏လစာမှ လေးပုံတစ်ပုံကို ပါတီရန်ပုံငွေအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက စတင်ကောက်ခံခဲ့ရာ လစဉ်ကျပ်သိန်း နှစ်ထောင်ကျော်ရရှိသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောသည်။

ကောက်ခံရရှိသည့် ပါတီရန်ပုံငွေများကို ဘဏ်အချို့တွင် အပ်နှံထားပြီး လက်ကျန်ငွေ ကျပ်လေးဘီလျံ (ကျပ်သန်း ၄ ထောင်) ခန့်ရှိသည်ဟု ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်မေဝင်းမြင့်က Myanmar Now ကို ပြောသည်။ 

“ဧရာဝတီဘဏ်မှာဆိုရင် သိန်းပေါင်း ၄၄,၀၀၀ ကျော် ရှိတယ်။ မြန်မာ့စီးပွားရေးဘဏ်မှာဆိုရင် သိန်းပေါင်း ၄,၀၀၀ ကျော်ရှိတယ်။ အခုလက်ရှိ လက်ကျန်ငွေပေါ့” ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် လစာ၏ ၂၅ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီးအဆင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် ၂၀ ရာခိုင်နှုန်းစီကို ပါတီရန်ပုံငွေအဖြစ် ဒုတိယအကြိမ်လွှတ်တော်စတင်ချိန်နှင့် အစိုးရဖွဲ့ပြီးချိန် ၂၀၁၆ တွင် စတင်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ 

လစာကျပ် ၁၀ သိန်းရရှိသည့် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်သည် ပါတီရန်ပုံငွေအဖြစ် လစဉ်ကျပ် နှစ်သိန်းခွဲထည့်ဝင်ရကာ လစာကျပ်ငါးသိန်း ရရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လစဉ်ကျပ်တစ်သိန်းထည့်ဝင်ရသည်။

“ပြည်ထောင်စုအဆင့်မှာ ဆိုရင် သမ္မတ၊ ဒုသမ္မတ အပါအဝင် NLD ကိုယ်စားပြုအားလုံး ကောက်တယ်။ တိုင်းနဲ့ပြည်နယ်အဆင့်မှာဆိုရင် ဝန်ကြီးချုပ်တွေ အစိုးရအဖွဲ့ရော လွှတ်တော်ကိုယ်စားလှယ်ရော ကောက်တယ်” ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၃၉၀ အနိုင်ရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် ၄၇၆ ဦး အနိုင်ရရှိခဲ့သည့်အတွက် ဒီချုပ်ပါတီဝင် စုစုပေါင်း ၈၆၆ ရှိသည်။ 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ် ၄၃ ဦး အနိုင်ရရှိခဲ့ပြီး ၎င်းတို့ရရှိသည့် လစာကျပ်သုံးသိန်းအနက် ကျပ်သုံးသောင်းကိုသာ ရန်ပုံငွေအဖြစ် ကောက်ခံခဲ့သည်ဟုလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။

ပါတီရန်ပုံငွေအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များ၏ ထည့်ဝင်ငွေသာရှိပြီး “ပါတီစီးပွားရေးလုပ်ငန်း လုံးဝမရှိဘူး” ဟု ဒေါ်မေဝင်းမြင့်က အခိုင်အမာပြောသည်။

ကောက်ခံရရှိသည့် အဆိုပါ ပါတီရန်ပုံငွေကို ပါတီရုံးခွဲများ တည်ဆောက်ခြင်းနှင့် ပါတီစည်းရုံးရေးအတွက် အသုံးပြုသည်ဟု ဒေါ်မေဝင်းမြင့်က ဆိုသည်။ 

မြို့နယ်အဆင့်ပါတီရုံး ၁၉၂ ရုံးအတွက် တစ်ရုံးလျှင် သိန်း ၁၅၀၊ တိုင်းနှင့်ပြည်နယ်အဆင့်ရုံး ၁၆ ရုံးအတွက် တစ်ရုံးလျှင် သိန်း ၇၀၀ နှင့် နေပြည်တော်ပါတီရုံးခွဲ မြေနေရာ ၁၆ ဧကကျော်အတွက် သိန်း ၂,၄၀၀ ကျော် ပါတီက ထောက်ပံ့ပေးခဲ့သည်ဟုလည်း ဒေါ်မေဝင်းမြင့်က ဆိုသည်။ 

ရုံးခွဲများအတွက် အဆိုပါထောက်ပံ့မှုကို ၂၀၁၉ တွင် စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ရှမ်းမြောက်နှင့် မန္တလေးပါတီရုံးခွဲများအတွက် ထုတ်ပေးရန် ကျန်ရှိသေးသည်ဟု ပြောသည်။

အဆိုပါ အချက်အလက်များအရ နေပြည်တော်အပါအဝင် မြို့နယ်အဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့် ပါတီရုံးခွဲများ ဆောက်လုပ်ရန် ကျပ်သန်းလေးထောင်ကျော် ထောက်ပံ့ပေးပြီးသည့် သဘောဖြစ်သည်။  

ပါတီစည်းရုံးရေးစရိတ်

၂၀၁၉ ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ စည်းရုံးရေးအသုံးစရိတ် ထုတ်ပေးရန် ဆုံးဖြတ်ပြီးနောက် မြို့နယ်တစ်မြို့နယ်လျှင် သိန်း ၃၀၊ ခရိုင်တစ်ခုလျှင်  ၁၀ သိန်းနှင့် တိုင်းနှင့်ပြည်နယ်အဆင့်အတွက်  သိန်း ၃၀ ထောက်ပံ့ပေးနေသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က Myanmar Now ကို ပြောသည်။ 

မြို့နယ်ပေါင်း ၃၀၀ ကျော်အတွက် စည်းရုံးရေးအသုံးစရိတ်ပေးရန်ရှိပြီး လက်ရှိအထိ မြို့နယ် ၂၄၀ ကျော်ကို ပေးပြီးဖြစ်သည်ဟုလည်း သိရသည်။

ထို့ကြောင့် ပါတီရန်ပုံငွေမှ ကျပ်သန်းတစ်ထောင်ခန့်ကို ပါတီစည်းရုံးရေးအသုံးစရိတ်အတွက် ထောက်ပံ့မည့် အခြေအနေဖြစ်သည်။ ပါတီစည်းရုံးရေးအသုံးစရိတ်များကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် စတင်ထုတ်ပေးပြီး နောက်တစ်ကြိမ် ထပ်မံထုတ်ပေးရန် အစီအစဉ်ရှိသည်ဟုလည်း ပါတီတာဝန်ရှိသူများက ပြောသည်။ 

“အခုမှသာ စည်းရုံးရေးစရိတ် ပေးနိုင်တာပါ။ စည်းရုံးရေးမှူးကိုတော့ မပေးနိုင်ပါဘူး။ (ပါတီမှာ) လခပေးထားတဲ့ စည်းရုံးရေးမှူး မရှိပါဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများအတွက် ပါတီက ထောက်ပံ့ပေးမှု မရှိခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထောက်ပံ့ပေးရန် အစီအစဉ်ရှိပြီး ပမာဏမည်မျှ ထောက်ပံ့ပေးသွားမည်ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက မဆုံးဖြတ်ရသေးကြောင်း ဒေါ်မေဝင်းမြင့်က ပြောသည်။ 

အာဏာရ NLD ပါတီသည် လက်ရှိတွင် ပါတီဝင်အင်အား တစ်သန်းခန့် ရှိသည်ဟု ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။ 

ပါတီဝင်တစ်ဦးလျှင် နှစ်စဉ်ကြေး ကျပ် ၁,၀၀၀ ကောက်ခံပြီး အဆိုပါ ပါတီဝင်ကြေးများ၏ တစ်ဝက်ကို မြို့နယ်ပါတီရုံးခွဲများ အသုံးစရိတ်အတွက် ပြန်လည်ခွဲဝေပေးပြီး ကျန်တစ်ဝက်ကို ပါတီက ကျင်းပသည့် ညီလာခံ၊ အခမ်းအနားနှင့် အလှူအတန်းများအတွက် အသုံးပြုသည်ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။

Show More

Related Articles

Back to top button