ထိုငွေကြေးများမှာ ပါတီတည်ထောင်စဉ်က စုဆောင်းထားသည့် ငွေကြေးများဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ဒေသများရှိ ၎င်းတို့ပါတီကို စိတ်ဝင်စားသူ၊ လိုလားသူပြည်သူများ၏ လှူဒါန်းငွေများဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ဆိုသည်။
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအသုံးစရိတ် ကျပ်ငွေသန်းထောင်ချီ အသုံးပြုသွားမည်ဟု ပါတီခေါင်းဆောင်ဖြစ်သူ သူရဦးရွှေမန်းက ပြောသည်။
“ကိန်းဂဏန်းတွေနဲ့ တိတိကျကျ မပြောနိုင်ပေမယ့် ပါတီထူထောင်တာ အပါအဝင် ရွေးကောက်ပွဲမှာ ကုန်ကျမယ့် စရိတ်ကတော့ ဘီလျံနဲ့ ချီကုန်မယ်လို့ပဲ ပြောချင်ပါတယ်” ဟု ယနေ့ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

ထိုငွေကြေးများမှာ ပါတီတည်ထောင်စဉ်က စုဆောင်းထားသည့် ငွေကြေးများဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ဒေသ များရှိ ၎င်းတို့ပါတီကို စိတ်ဝင်စားသူ၊ လိုလားသူပြည်သူများ၏ လှူဒါန်းငွေများဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ဆိုသည်။
“တို့များပါတီအနေနဲ့ ဒီပါတီသည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဖြစ်တယ်။ ပြည်ထောင်စုကြီးကို ကောင်းအောင် ကြိုးစားမယ်။ ဒါကြောင့်မို့လို့ တက်နိုင်တဲ့သူများက ငွေအားရော လူအားရော ပစ္စည်းအင်းအားရော စိတ်ဓာတ်အားတွေရော ပါဝင်ဆောင်ရွက်ပေးပါတယ်” ဟုလည်း ၎င်းက ပြောသည်။


သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မြို့နယ်ပေါင်း ၂၅၅ မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် အပါအဝင် ပါတီရုံးခွဲပေါင်း ၈၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အောင်မြင်နိုင်ရန် မျှော်လင့်ထားသည်ဟုဆိုသည်၊
၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်မှ ဝင်ရောက်ရွေးချယ်ခံသွားမည်ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။


ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းသည် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအဖြစ် ၎င်း၏ဇာတိ ဖြူးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ထိုရွေးကောက်ပွဲရှုံးနိမ့်သည့်ညက အိပ်ရာခေါင်းအုံးအောက်၌ သေနတ်ထားအိပ်စဉ် ဇနီးဖြစ်သူက "ရှင်သေနတ်ကိုင်စရာ မလိုတော့ဘူး။ ရှင်မဲရှုံးသွားပြီ။ ရှင့်ကိုရှုံးစေချင်တဲ့သူတွေ ကျေနပ်သွားပြီလေ။ ရှင့်မှာ အန္တရာယ်မရှိတော့ဘူး" ဟု ပြောကြားခဲ့ကြောင်း သူရဦးရွှေမန်းကိုယ်တိုင်ရေးသားသည့် 'သူ၊ကျွန်တော်နှင့် မြန်မာ့နိုင်ငံရေး' စာအုပ်တွင် ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်ပိုင်းခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုဖြင့် သူရဦးရွှေမန်းသည် ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ပေးခဲ့ရသည်။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရာထူးမှ သူရဦးရွှေမန်းဖယ်ပေးခဲ့ရသည့်ညကို 'သန်းခေါင်ယံ အာဏာသိမ်းပွဲ' ဟု သတင်းမီဒီယာများက ရေးသားခဲ့ကြသည်။ ထိုစဉ်က သူရဦးရွှေမန်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင် နေချိန်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးရွှေမန်းကို သစ္စာဖောက်ဟု သတ်မှတ်ပြောဆိုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် ရေးသားပြုစုပြီး ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ဝေခဲ့သည့် 'Myanmar’s Political Transition and Lost Opportunities (2010 - 2016)' စာအုပ်တွင် ဖော်ပြထားသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက လွှတ်တော်ရေးရာကော်မတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ ထိုစဉ်က သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား ရင်းနှီးသောဆက်ဆံရေးရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပါတီဖြစ်လာချိန်တွင် သူရဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
သူရဦးရွှေမန်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ကျောင်းဆင်းဖြစ်ပြီး တပ်မတော် အစိုးရလက်ထက်က နံပါတ်သုံးအဆင့် အာဏာအရှိဆုံးဖြစ်သည့် တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








