ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စိုင်းပြင်းနေသည့် နန်ကျင်စီးပွားရေးဇုန် 

မြစ်ကြီးနားမြို့အနီးတွင် စီးပွားရေးဇုန် အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီမှာ ခိုင်မာမှုအားနည်းပြီး စီမံကိန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဝေဖန်ထောက်ပြမှုများရှိနေသည်

Published on Jun 18, 2020
Published on Jun 18, 2020
နန်ကျင်ရွာဆိုင်းပုဒ်နှင့် နန်ကျင်ရွာအဝင်ကို မတ်လ ၆ ရက်နေ့က တွေ့မြင်ရစဉ်(ဓာတ်ပုံ - ချမ်းသာ/Myanmar Now)
နန်ကျင်ရွာဆိုင်းပုဒ်နှင့် နန်ကျင်ရွာအဝင်ကို မတ်လ ၆ ရက်နေ့က တွေ့မြင်ရစဉ်(ဓာတ်ပုံ - ချမ်းသာ/Myanmar Now)

တရုတ် - မြန်မာ စီးပွားရေးစင်္ကြံ(CMEC) သဘောတူညီချက်အရ မြစ်ကြီးနားမြို့မြောက်ဘက် နန်ကျင်ရွာအနီး မြေဧက ၄,၇၀၀ ပေါ်တွင် တည်ဆောက်အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိသည်။ ထိုစီမံကိန်းသည် ရည်ရွယ်ချက်ကြီးမားလွန်းသည့် တရုတ်အစိုးရ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ 

စီမံကိန်းကို ယူနန်ပြည်နယ်အခြေစိုက် ယူနန်ထိန်ချုံးဟိန်ရုန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (YTHIC) က တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီအကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက ဆွေးနွေးနေခြင်းဖြစ်သည်။

တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်းလေ့လာစောင့်ကြည့်သူများက ထောက်ပြဝေဖန်မှုများရှိသလို ဒေသခံများ၏ စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

နန်ကျင်ဒေသခံများ စိုးရိမ်နေသည့် တရုတ်စီးပွားရေးဇုန်

 စီမံကိန်းအကောင်အထည်ဖော်တည်ဆောက်မည့် မြစ်ကြီးနားမြို့မြောက်ဘက်ရှိ နန်ကျင်ရွာကို Myanmar Now က ပြီးခဲ့သည့် မတ်လအတွင်း သွားရောက်ခဲ့သည်။ နန်းကျင်ရွာမှာ ရွာကြီးတစ်ရွာဖြစ်ပြီး လူဦးရေအားဖြင့် အခြားဒေသများမှ လာရောက်နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားများအပါအဝင် ၂,၀၀၀ ကျော်ရှိသည်။ လီဒိုလမ်းမကြီးပေါ်ရှိ နန်ကျင်ရွာမှ နှစ်မိုင်ခန့်အကွာရှိ စီမံကိန်းလျာထားရာနေရာမှာ ရော်ဘာပင်တချို့ ၊ ဘေးပတ်လည်တွင် တောအုပ်ငယ်များနှင့် အရိုင်းဆန်စွာရှိနေသေးသည်။ 

စီမံကိန်းမြေနေရာ တိုင်းတာခြင်းမှအပ အကြမ်းထည်သာရှိသေးသော်လည်း မည်သို့အကောင်အထည်ဖော်မည် ကို မသိရသည့်အတွက် နန်ကျင်ဒေသများက စိုးရိမ်ကြောင့်ကြလျက်ရှိသည်။

 ”ဖွံ့ဖြိုးတိုးတက်ဖို့တော့ မျှော်လင့်တာပေါ့။ ကျွန်တော်တို့စိုးရိမ်တာက စက်ရုံအလုပ်လာလုပ်ရင်းနဲ့ နိုင်ငံခြားသားတွေ ပါလာမယ်။ သူတို့မိသားစုတွေပါလာမယ်။ သူတို့လူမျိုးပဲအလုပ်လုပ်မယ်။ ဒေသခံတွေကို မခိုင်းဘူး။ ဒေသခံတွေ ဝင်ဖို့ထွက်ဖို့ ခက်ခဲမှာ စိုးရိမ်တယ်။ လူမှုရေးပြဿနာတွေ ဖြစ်လာမှာစိုးရိမ်တယ်” ဟု နန်ကျင်ရွာသား ၇၁ နှစ်အရွယ် ဦးသန်းမောင်က ပြောသည်။

စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များက တစ်စုံတစ်ရာ အသိပေးအကြောင်းခြင်းမရှိဘဲ မြေတိုင်းတာခြင်းနှင့် ကောင်းကင်ယံမှ ဒရုန်းများဖြင့် မှတ်တမ်းယူခြင်းများ တွေ့မြင်ရသည့်အခါမှသာ စီမံကိန်းတည်ဆောက်မည်ကို သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

ဒေသခံများမှာ နှစ်ရှည်သီးနှံပင် စိုက်ပျိုးခြင်း၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်း၊ ထင်းခုတ်ခြင်းနှင့် မီးသွေးဖုတ်ခြင်း စသည့်အသက်မွေးမှုလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြသည်။

စီမံကိန်းတည်ဆောက်မည့်နေရာတွင် မြေဧက ၃၀ ပါဝင်နေသည့် နန်ကျင်ရွာသူ အသက် ၅၀ အရွယ် ဒေါ်ကိုင်ပူက စီမံကိန်းအပေါ် မျှော်လင့်ချက်မထားသော်လည်း မြေဆုံးရှုံးမည့်အရေးနှင့် ရင်ဆိုင်နေရသည်။ “မျှော်လင့်တာက မရှိဘူး။ ကျွန်မတို့က ကြောက်တာပဲသိတယ်” ဟု ၎င်းက ပြောသည်။ 

မြေယာဆုံးရှုံးမှုအပြင် စီမံကိန်းကြောင့် ပတ်ဝန်းကျင်နှင့် ရေသယံဇာတ ပျက်စီးဆုံးရှုံးမည့် အခြေအနေလည်း ရှိနေသည်။ 

“ရွာမှာရှိတဲ့ ရေတွင်းတွေက ချောင်းရေတက်လာရင် တက်တယ်။ ချောင်းရေကျရင် ကျတယ်။ စက်ရုံက စွန့်ပစ်လိုက်တဲ့အဆိပ်တွေက ချောင်းထဲကျမယ်ဆိုရင် ကျွန်တော်တို့ သောက်သုံးနေတဲ့ ရေတွင်းရေကန်တွေလည်း မလွတ်ဘူး” ဟု ဦးသန်းမောင်က ပြောသည်။

စီမံကိန်းတည်ဆောက်မည့် တရုတ်ကုမ္ပဏီ 

စီမံကိန်းအကောင်အထည်ဖော်မည့် YTHIC ကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းအချက်အလက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသည့်အပြင် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာ၊ ငွေစာရင်းရှင်းတန်း၊ စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှုနှင့် ကုမ္ပဏီ၏လုပ်ငန်းပိုင်းဆိုင်ရာများလည်း မတွေ့ရှိရပေ။

ပြည်တွင်းအခြေစိုက် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP) ‌၏ အချက်အလက်များအရ YTHIC ကုမ္ပဏီသည် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ၊ တဲဟုန်နှင့် ကျင်ဖိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ရှိမြို့အခြေစိုက် Yunnan Baoshan Hengyi စီးပွားရေးလုပ်ငန်းစု ‌(ယူနန်ပေါင်စန်းဟိန်ယိအုပ်စု)က ပိုင်ဆိုင်ထားသည်။ 

ယူနန်ပေါင်စန်းဟိန်ယိအုပ်စုဥက္ကဋ္ဌ မစ္စတာတွမ့်ကျိကု (Duan Zhiku) သည် မြစ်ကြီးနားစီးပွားရေးဇုန် စီမံကိန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ယခင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်းနှင့် နေပြည်တော်တွင် လာရောက်တွေ့ဆုံခဲ့ဖူးကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့က ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်းကလည်း အဆိုပါကုမ္ပဏီတာဝန်ရှိသူများသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဖူးသည်။ 

အဆိုပါကုမ္ပဏီ၏ ခိုင်မာမှု၊ စီးပွားရေးဇုန်တည်ဆောက်ရေးဆိုင်ရာ ကျွမ်းကျင်မှုအပေါ် သံသယဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ထုတ်ပြန်သည့် သန္နိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Goverance Institue) ၏ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းစောင့်ကြည့်ရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

“‌YTHIC ရဲ့ Track Record (နောက်ခံသမိုင်းကြောင်းမှတ်တမ်း) ကိုကြည့်တဲ့အခါ အင်တာနက်ထဲမှာတောင် သေသေချာချာမတွေ့ရဘူး” ဟု သန္နိအုပ်ချုပ်စီမံမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာဦးခိုင်ဝင်းက ပြောသည်။

သန္နိအုပ်ချုပ်စီမံမှုအဖွဲ့သည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို စောင့်ကြည့်လေ့လာ နေသည့် ပြည်တွင်းအခြေစိုက်အဖွဲ့ဖြစ်ပြီး 'မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်' စောင့်ကြည့်လေလာရေး အစီရင်ခံစာ ကို The Center for International Private Enterprise (CIPE) ၏ ပံ့ပိုးကူညီမှုဖြင့် ပြုစုထားခြင်းဖြစ်သည်။ 

စီမံကိန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု

‌ကချင်ပြည်နယ်အစိုးရနှင့် YTHIC ကုမ္ပဏီကြား စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ် မေလအတွင်း လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းမဟာဗျူဟာ၊ စီးပွားရေးအစီအစဉ်နှင့် လိုအပ်သည့် စာချုပ်များ ချုပ်ဆိုရန် ပြည်နယ်အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ စိုင်းပြင်းနေကြဆဲဖြစ်သည်။ 

နန်ကျင်စီးပွားရေးဇုန်တွင် စက်ရုံပေါင်း ၅၀၀ နှင့် အဆောက်အအုံပေါင်း ၅,၀၀၀ ခန့် ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း ISP ‌၏ အချက်အလက်များအရ သိရသည်။

စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ စီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၄၀၀ အကုန်အကျခံ တည်ဆောက်မည်ဆိုသော်လည်း အကောင်အထည်ဖော်မည့်အစီအစဉ်၊ ငွေကြေးထည့်ဝင်မှုနှင့် အကျိုးအမြတ်ခွဲဝေမှု စသည့်အချက်အလက်များကိုမူ မသိရပေ။

စီမံကိန်းနှင့် ပတ်သက်သည့်အချက်အလက်များသည် ပြုစုဆဲအဆင့်သာရှိသေးပြီး အပြီးသတ်စာချုပ်ချုပ်ဆိုခြင်းမပြုမီ စာချုပ်ပါသဘောတူညီချက်များအား ပြည်နယ်လွှတ်တော်ကို တင်ပြကာ ပြည်သူထံလည်း ချပြသွားမည် ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းက Myanmar Now ကို ပြောသည်။

“အချိန်တန်ရင်တော့ အားလုံးကို ချပြမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်နယ်အချုပ်အခြာအာဏာကို မထိပါးရန်၊ စီးပွားရေးနှင့်ပတ်သက်၍ လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုရန်နှင့် စီမံကိန်းမကျရှုံးစေရန် စင်ကာပူနိုင်ငံမှ ရှေ့နေများငှားရမ်း၍ ဒေါ်လာ ၆၀,၀၀၀ အကုန်အကျခံရေးဆွဲနေကြောင်း၊ နားလည်တတ်ကျွမ်းသည့် ပညာရှင်များဖြင့် အသေးစိတ်ညှိနှိုင်းမည်ဖြစ်ကြောင်းလည်း ဦးဝေလင်းက ပြောသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် စီးပွားရေးကော်မတီထံ သဘောထားမှတ်ချက်တောင်းခံရဦးမည်ဖြစ်ပြီး စီးပွားရေးဇုန်တည်ဆောက်ရေးနှင့် အပြီးသတ်နိုင်မည့်အခြေအနေများကို ချပြမည်ဟု ၎င်းကဆိုသော်လည်း အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်မည့်အချိန်ကိုမူ အတိအကျပြောဆိုနိုင်ခြင်း မရှိပေ။ 

တရုတ်နှင့် ချုပ်ဆိုသည့် စီမံကိန်းသဘောတူညီချက်များတွင် တရုတ်ဘက်က အသာစီးယူလေ့ရှိပြီး အစိုးရဘက်က လိုက်လျောချုပ်ဆိုနေရသဖြင့် စီမံကိန်းပါအချက်အလက်များကို လူထုအား အသိပေးချမပြခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ပြောသည်။ 

“ကျွန်တော်တို့က ကျွန်တော်တို့ရေ၊ ကျွန်တော်တို့မြေပေါ်မှာ ကျွန်တော်တို့အကျိုးစီးပွားကို ကာကွယ်ရမှာဗျ” ဟု ၎င်းက ပြောသည်။ 

စီမံကိန်းကို ကန့်ကွက်ဆန့်ကျင်မည်ကို အစိုးရက စိုးရွံ့သောကြောင့် လူထုကို အသိမပေးခြင်းဖြစ်ပြီး ဖွံ့ဖြိုးရေးကိုရည်ရွယ်သည့် စီမံကိန်းသည် ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့် အကျိုးအပြစ် မဝေခွဲနိုင်ဘဲ အန္တရာယ်ပိုရှိနိုင်ကြောင်း ဒေါက်တာအမ်ကောန်လက ပြောသည်။ 

တရုတ်ကုမ္ပဏီဘက်က အသာစီးရယူထား

‌စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရက တစ်စုံတစ်ရာထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း ဒေသခံများနှင့် စောင့်ကြည့်လေ့လာသူများ၏ အဆိုအရ စီမံကိန်းတွင် တရုတ်ကုမ္ပဏီဘက်က အသာစီးရယူထားသည်။ 

အဓိကအားဖြင့် စီမံကိန်းစတင်အကောင်အထည်ဖော်သည့်အချိန်မှ ၁၅ နှစ်အထိ မြစ်ကြီးမြို့နယ်အတွင်း အခြားသော ဖက်စပ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်မပြုရဟူသည့် အချက်ပါဝင်နေကြောင်း နားလည်မှုစာချွန်လွှာပါ အချက်အလက်များအရ သိရသည်။ YTHIC ကုမ္ပဏီမှလွဲ၍ အခြားမည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျှ ဝင်ရောက်ခွင့်မရှိသည့် သဘောဖြစ်သည်။ 

အခြေအနေတစ်ခုခုကြောင့် စီမံကိန်းရပ်တန့်ထားရလျှင် သို့မဟုတ် အကောင်အထည်မဖော်နိုင်လျှင် အခြားရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ခွင့် မရနိုင်ကြောင်း ဦးခိုင်ဝင်းက ပြောသည်။ “အဲဒါမျိုး အချက်တွေက စိုးရိမ်ဖို့ကောင်းတယ်” ဟု ၎င်းက ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီ၏ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကာလရှည်ကြာ ရပ်ဆိုင်းထားရသည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို သန္နိအုပ်ချုပ်စီမံမှုအဖွဲ့အစီရင်ခံစာက သာဓကပေးထားသည်။

စီမံကိန်းကြောင့် ဒေသခံများ မည်မျှအကျိုးအမြတ်ရှိမည်ကို မမှန်းဆနိုင်သော်လည်း တရားမဝင်နယ်စပ်ကုန်သွယ်မှု၊ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ထွက်သွားလာမှု ပြဿနာများ ပိုမိုကြီးထွားလာနိုင်သည်ဟုလည်း အဆိုပါအစီရင်ခံစာက သတိပေးထားသည်။

လုံလောက်သော ဥပဒေအကာအကွယ်မရှိသောကြောင့် နန်ကျင်စီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ပြီး ၂၀၁၈ ခုနှစ်တွင် ပြန်လည်ရေးဆွဲခဲ့သည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေအရ မျိုးရိုးစဉ်ဆက် လုပ်ကိုင်နေသည့် မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြုမထားသဖြင့် ဌာနတိုင်းရင်းသားများအတွက် နစ်နာဆုံးရှုံးမှုများရှိနိုင်သည်ဟုလည်း အစီရင်ခံစာက ထောက်ပြထားသည်။

စီမံကိန်းလျာထားမြေမှာ ဧကပေါင်း ၄,၇၀၀ ရှိသော်လည်း ကချင်ပြည်နယ်၏ များပြားလှသော မြေလွတ်မြေရိုင်းများအနက် အစိတ်အပိုင်းလေးတစ်ခုသာဖြစ်ပြီး ကချင်ပြည်နယ်လူထု ဘဝပျက်လောက်အောင် မဆုံးရှုံးနိုင်ကြောင်း ပြည်နယ်ဝန်ကြီး ဦးဝေလင်းက ပြောသည်။ 

ကချင်ပြည်နယ်တွင် စိုက်ပျိုးနေသည့် တစ်ရှူးငှက်ပျောစိုက်ခင်းတစ်ခင်းစာသာ ရှိသည်ဟုလည်း ၎င်းက ပြောသည်။

သို့သော်လည်း ဧကထောင်ချီကျယ်ဝန်းသည့် စီမံကိန်းဖြစ်၍ ဒေသခံတိုင်းရင်းသားများ၏ မိရိုးဖလာလုပ်ကိုင်သည့်မြေများ ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ပြည်နယ်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင်ဦးယုက ပြောသည်။ 

စီမံကိန်းနှင့် သက်ဆိုင်သည့် စာရင်းအချက်အလက်များ မရရှိသေးသော်လည်း ထိုစီမံကိန်းကို သဘောမကျကြောင်းလည်း ၎င်းက ပြောသည်။ 

“တရုတ်က လက်ဝါးကြီးအုပ်တာများတော့ တရုတ်တွေကို လက်မခံချင်တဲ့ အပိုင်းလည်းပါတာပေါ့” ဟု ဆိုသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading