ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် လူနာများမှာ လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်ဟု သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ လူနာ ၄ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ပိုးတွေ့လူနာ ၂ ဦး၊ စုစုပေါင်း ၆ ဦး ရှိနေပြီး ၎င်းတို့မှာ ၂၀၁၇ အရေးအခင်းတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မကြာသေးခင်က ပြန်ဝင်ရောက်လာကြသူများ ဖြစ်ကြသည်။
ဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် လူနာများမှာ လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေသည်ဟု သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ စုံစမ်းသိရှိရသည်။

ဇွန် ၁၇ အထိ ကိုဗစ်နိုင်တင်းရောဂါနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်တွင် ကြိုတင်ကာကွယ်ရန်နှင့် ပိုးတွေ့လူနာများ သွားလာခဲ့သည့်နေရာများကို အသွားအလာ ကန့်သတ်လိုက်ပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ မောင်တောမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို တိုးချဲ့ဆောင်ရွက်နေသော်လည်း အသွားအလာကန့်သတ်ထားမှု မရှိသေးပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများကို မောင်တောရှိ လှဖိုးခေါင် ယာယီ ပြန်လည်လက်ခံရေးစခန်းတွင် ယာယီဖွင့်လှစ်ထားသည့် Quarantine Center တွင် သီးခြားစောင့်ကြည့်ထားရှိပြီး ဆေးစစ်ချက်အရ ပိုးတွေ့လူနာများကို မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးနေသည်။


မောင်တောမြို့နယ်တွင် ပထမဆုံး ကိုဗစ်နိုင်တင်းပိုးတွေ့လူနာသည် ဦးရှည်းကျကျေးရွာတွင်နေထိုင်ခဲ့ပြီး ၂၀၁၇ သြဂုတ်လ ပဋိပက္ခဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့ဘဇားခရိုင် ကူတူပါလောင်ဒုက္ခသည်စခန်းသို့ မိသားစုလိုက် ၃နှစ်ကြာ နေရပ်စွန့်ခွာထွက်ပြေးနေထိုင်ခဲ့ကြသည်။ အဆိုပါ လူ ၅ဦးပါ မွတ်စလင်လူမျိုးမိသားစုသည် ပြီးခဲ့သည့် မေ ၃၀က မြန်မာနိုင်ငံဘက်ရှိ ယခင်ကနေထိုင်ခဲ့သည့် ဦးရှည်းကျကျေးရွာသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
၎င်းမိသားစု ၅ ဦး တစ်ဖက်နိုင်ငံမှ ရောက်ရှိလာသည်ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သတင်းပေးပို့ခဲ့၍ မေ ၃၁ တွင် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတွင် Quarantine ထားရှိခဲ့ကာ ၎င်းတို့အား ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခဲ့သည်။


ဇွန် ၄ တွင် အဆိုပါမိသားစု ၅ ဦးထဲမှ အသက် (၃၈)နှစ်အရွယ် မွတ်စလင်အမျိုးသား အိမ်ထောင်ဦးစီးဖြစ်သူထံ၌ Covid 19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံ၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ နုကေသီစံက Myanmar Now သို့ ပြောသည်။
“အခု ပိုးတွေ့လူနာတစ်ဦးတွေ့ပြီဆိုတော့ ပိုပြီးတော့ ဂရုစိုက်ရတော့မယ်။ တစ်ခုရှိတာက သူက မောင်တောမြို့ပေါ်မှာရှိလို့ တွေ့တာတော့ မဟုတ်ဘူးပေါ့နော်။ တစ်ဖက်နိုင်ငံက ဝင်လာတဲ့အချိန် ပါလာတာဆိုတော့ တစ်ဖက်နိုင်ငံက ဝင်လာလို့ရှိရင် ချက်ချင်းသတင်းပေးဖို့ ၊ ပြီးတော့ သီးခြားထားဖို့ ၊ အဲဒါတွေကို ညွှန်ကြားထားတာတွေရှိပါတယ်။ တရားဝင် ဝင်လာတာတော့ မဟုတ်ဘူး။” ဟု ဒေါက်တာ နုကေသီစံက ပြောသည်။
ဘူးသီးတောင်တွင် ပိုးတွေ့သည့် လူနာတစ်ဦးမှာ ထင်ရှားပြင်ကျေးရွာတွင်ဖြစ်ပြီး နောက်လူနာတစ်ဦးမှာ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းဖြစ်သည့် ငါးရံ့ချောင်းအုပ်စု ကျီးနှုတ်သီးကျေးရွာဇာတိဖြစ်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်မပြန့်ပွားရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် မောင်တောမြို့အဝင်ဂိတ် အပါအဝင် ရွှေဇားတံတား နှင့် မြန်မာ- ဘင်္ဂလားနယ်စပ် ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် မောင်တောပီအိုအီးဂိတ်ကို အထွက်အဝင် ကျန်းမာရေးစစ်ဆေးရန် ပြုလုပ်ဆောင်ရွက်လျှက်ရှိနေသည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောသည်။
အလားတူ ဘူးသီးတောင်မြို့နယ်တွင် မောင်တောမြို့ဘက်မှလာသည့် မြို့အဝင်ဂိတ်၊ ၆ မိုင် စစ်ဆေးရေးဂိတ်၊ စစ်တွေမှလာသည့် အမြန်ရေယာဉ်ဆိပ်ကမ်း စစ်ဆေးရေးဂိတ်၊ စျေးဝင်ပေါက်များကို ကျန်းမာရေးစစ်ဆေးမှုများ တိုးမြင့်ဆောင်ရွက်လျက် ရှိနေသည်ဟု သက်ဆိုင်ရာမြို့နယ်ရှိ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











