တိုင်စာတွင် အချက်အလက်၊ အထောက်အထား ခိုင်လုံစွာ ဖော်ပြရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တိုက်တွန်းလိုက်သည် (သတင်း အစ အဆုံး)
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စာပေးပို့ တိုင်ကြားနေကြသော်လည်း အဂတိဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ အချက်အလက် မပြည့်စုံခြင်း တို့ကြောင့် ပယ်ချခဲ့ရသည့် တိုင်စာ အရေအတွက် အများအပြား ရှိနေသည်ဟု ကော်မရှင် တာဝန်ရှိသူတို့က ဒီဇင်ဘာ ၇ တွင် ပြောသည်။
“အဂတိလိုက်စားမှုဥပဒေပါ ပြဋ္ဌာန်းထားတဲ့ မူဘောင်ထဲမှာ အကျုံးမဝင်ခဲ့သော်၊ အကျုံးမဝင်ခဲ့ရင် ကျွန်တော်တို့ အရေးယူလို့ မရပါဘူး” ဟု ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွှန့်က Myanmar Now ကို ပြောသည်။

ကော်မရှင် ပြန်လည် ဖွဲ့စည်းသည့် ၂ဝ၁၇ နိုဝင်ဘာမှ ၂ဝ၁၈ အောက်တိုဘာအတွင်း ၉,၆၄၄ စောင် လက်ခံရရှိခဲ့ကြောင်း၊ ဆက်လက် အရေးယူ ကိုင်တွယ်ခြင်း မပြုနိုင်သည့် တိုင်စာ အရေအတွက် နှစ်ထောင်ကျော်ရှိခဲ့ကြောင်း ကော်မရှင်၏ စာရင်းအရ သိရသည်။
အများစုမှာ စီမံခန့်ခွဲရေး အုပ်ချုပ်ရေး လွဲမှားမှု၊ မြေယာအငြင်းပွားမှု၊ တရားစီရင်ရေးတို့နှင့် ပတ်သက်သည့် တိုင်ကြားစာများဖြစ်သည်ဟု ရန်ကုန်တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အစီအစဉ်သို့ တက်ရောက်လာသည့် သတင်းထောက်များကို တာဝန်ရှိသူတို့က ရှင်းပြသည်။


တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြား မိတ္တူ၊ ဆက်သွယ်ရမည့် နေရပ်လိပ်စာ အပြည့် အစုံတို့ကို အတိအကျဖော်ပြရန် လိုအပ်ကြောင်း၊ မျက်မြင် သက်သေထွက်ဆိုချက်များ၊ စာရွက်စာတမ်းများ၊ ဓာတ်ပုံများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များဖြင့် ခိုင်လုံစွာ တင်ပြရန် လိုအပ်ကြောင်း သိရသည်။
အဂတိလိုက်စားမှုများတွင် တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းတို့အား တစ်ချိန်တည်း တပြိုင်တည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် မဟာဗျူဟာစီမံချက်အတိုင်း စနစ်တကျ ဆောင်ရွက်ရန် လိုသည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။


ဦးစီးဌာနသစ် တိုးချဲ့ခြင်း၊ ဖွဲ့စည်းပုံ အသစ်ဖြင့် ဝန်ထမ်းအင်အား တိုးချဲ့ခြင်း၊ အဂတိလိုက် စားမှု တားဆီး ကာကွယ်ရေး အဖွဲ့များ (Corruption Prevention Units-CPU) ဖွဲ့စည်းခြင်းနှင့် တာဝန်ယူမြှင့် တင်ရေးလုပ်ငန်းများဖြင့် အကောင်အထည်ဖော်မည်ဟု ၎င်းက ရန်ကုန်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောသည်။
“အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုတာ အချိန်တိုအတွင်းပြီးမှာ မဟုတ်ဘူး။ လုပ်လို့လည်းရမှာ မဟုတ်ဘူး။ ကျွန်တော်တို့က မြန်အောင်တော့ အရှိန်နဲ့ကြိုးစားမယ်။ သို့ရာတွင် ဆယ်စုနှစ်နှစ်ခုလောက်အထိ ကြာသွားနိုင်တယ်။ ဘာလို့လဲ ဆိုတော့ အဂတိလိုက်စားတဲ့ ယဉ်ကျေးမှုကြီးက ဖြစ်နေတာ နှစ်ပေါင်း ငါးဆယ်လောက် ရှိနေတဲ့အတွက် ခက်ပါတယ်” ဟု ဦးအောင်ကြည်က ပြောသည်။
ဌာနတိုင်းတွင် အဂတိကင်းသော စွမ်းဆောင်မှုကို အစဉ်အမြဲ စောင့်ကြည့်တိုင်းတာပြီး တိုး တက်အောင် တာဝန်ယူခြင်း၊ အများပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ၊ သတင်း မီဒီယာ များနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၏ အသံကိုနားထောင်ခြင်း၊ ပြင်ပအေဂျင်စီများကို ဖိတ်ခေါ်ပြီး မိမိတို့အလုပ်ဌာန၏ စွမ်းဆောင်မှုများအပေါ် စာရင်းစစ်ဆေးပေးရန်နှင့် စီးပွားရေးပြစ်မှုဖြစ်သောကြောင့် အဂတိလိုက်စားမှုဖြစ်နိုင်ချေ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်များကို အဓိကလုပ်ဆောင်မည်ဟု သိရသည်။
ကော်မရှင်၏ နှစ်နှစ်တာကာလအတွင်း ကိုင်တွယ်သည့် အမှု တချို့ကို အများပြည်သူက စိတ်ဝင်စားခဲ့သည်။
လူသိအများဆုံးနောက်ဆုံးဖြစ်စဉ်မှာ အွန်လိုင်းဆယ်လီသရုပ်ဆောင် အောင်ရဲထွေ သေဆုံးမှုနှင့် ပတ်သက်နေသည်။ ထိုအမှုတွင် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူတချို့ လွတ်မြောက်ရေးအတွက် ဥပဒေစိုးမိုးရေးအရာရှိ အများအပြား အဂတိလိုက်စားခဲ့သည်ဟု ဆိုကာ ကော်မရှင်က ထိုအရာရှိတို့ကို တရားစွဲထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












