ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် လူနှစ်ဦး အဖမ်းခံရသည့်အကြောင်း Facebook Messenger တွင် ဆက်သွယ်ပြောဆိုနေသည်ကို တွေ့ရှိသွားပြီး ခေါ်ဆောင်သွားခံရခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်
တပ်မတော်နှင့် ရဲ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း စစ်ဆေးနေစဉ် ဖုန်းအသုံးပြုနေသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်နှစ်ဦးကို ဖမ်းဆီးသွားပြီး စစ်တွေအမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကာ ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု မိသားစုဝင်များက ပြောသည်။
တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လဝက စုစုပေါင်းအင်အား တစ်ရာကျော်သည် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့နယ် ကြွီတဲကျေးရွာသို့ ဝင်ရောက်ကာ နေအိမ်တချို့တွင် မှတ်ပုံတင်၊ ဖုန်းနှင့် အိမ်ထောင်စုများကို စစ်ဆေးခဲ့ရာမှ ၁၈ နှစ်အရွယ် မခင်မာလှိုင်နှင့် ၁၇ နှစ်အရွယ် မခင်ဝင်းဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ လုံခြုံရေးအဖွဲ့များက မခင်မာလှိုင်ဖုန်းကို စစ်ဆေးနေစဉ် “ကြွီတဲ ပိုက်ဆိပ်မှာ လူနှစ်ယောက်ဖမ်းသွားတယ်လို့ စျေးမှာ ပြောနေကြတယ်။ ဟုတ်လား” ဟု မခင်ဝင်းဦးက Facebook Messenger မှ စာပို့လာသည်ကို တွေ့ရှိသွားရာက စတင်ခဲ့သည်။ ထို့နောက် စာပို့ခဲ့သည့် တစ်ရွာတည်းနေ မခင်ဝင်းဦးကို ဆက်လက်ရှာဖွေကာ နှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်ဟု မိသားစုဝင်က ဆိုသည်။
“ဘာမှ မဖြစ်ဘူး၊ ရွာမှာ ခဏလေးမေးပြီးရင် ထားခဲ့မယ်ပြောတယ်။ စျေးနားရောက်တော့ ကားနားမှာ မေးမယ်၊ မေးပြီးရင် ပြန်လွှတ်လိုက်မယ် ပြောတယ်။ ပြီးတော့ ကားပေါ်တင်တယ်။ ကျွန်မကို မတက်ခိုင်းဘူး။ ကျွန်မကတော့ သူတို့နှစ်ယောက်ကို စိတ်မချလို့ တက်မယ်ပြောတယ်။ ဆိုတော့ တက်တဲ့။ လမ်းတစ်ပိုင်းလောက် ရောက်တော့ သူတို့ကို လက်ထိပ်ခတ်တယ်”ဟု မခင်မာလှိုင်၏ မိခင် ဒေါ်ဦးခင်မေက ပြောသည်။


ကားလမ်းတစ်လျှောက်နှင့် ရဲစခန်းတွင် ၎င်းတို့နှစ်ဦးကို အမည်၊ နေရပ်များကို အထပ်ထပ်အခါခါ မေးမြန်းစစ်ဆေးခဲ့ပြီး ရဲစခန်းတွင်လည်း ထပ်မံစစ်ဆေးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု သူက ဆိုသည်။
“သိပ်စိတ်ပူနေပြီ။ အိမ်ကို ရောက်ရင် ပြီးပြီ။ ကျေနပ်ပြီ။ သူ့မှာက အဖေလည်းမရှိဘူး” ဟု ဆိုပြီး “(ကျွန်မက) သမီးလေးတစ်စုနဲ့နေတာ။ ယောက်ျားသားဆိုလည်း တစ်ယောက်မှမရှိဘူး။ အားလုံး မိန်းမ။ အားလုံးကလေးတွေ” ဟု ဒေါ်ဦးခင်မေက ပြောသည်။


မခင်ဝင်းဦးသည် ကျေးရွာတွင် စက်ချုပ်သင်နေပြီး မခင်မာလှိုင်မှာ ငါးပိစက်ရုံများတွင် အလုပ်လုပ်ကိုင်သည်။ ၎င်းတို့နှစ်ဦးအတွက် မစိုးရိမ်ကြရန်နှင့် ပြန်လွတ်လာလိမ့်မည်ဟု ရဲမှူးတစ်ဦးက ပြောဆိုခဲ့သော်လည်း ညနေ ၄ နာရီခွဲအထိ ပြန်မလွတ်သေးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြသိန်းက Myanmar Now ကို ပြောသည်။
“ကျနော်လိုက်ရမလား မေးလိုက်သေးတယ်။ (တပ်မတော်နဲ့ ရဲက) လိုက်ဖို့ မလိုဘူးလို့ ပြောတယ်။ အရေးကြီးရင်လည်းပြော၊ သူတို့ (အမျိုးသမီးငယ်နှစ်ဦး) က တစ်ခုမှ အသိတရားလည်းမရှိ၊ မသိတာတွေ။ မသိလို့လည်း ဒီလိုဖြစ်သွားတာ။ အဲဒါတွေကိုလည်း ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ရဖို့ ဆိုပြီးတော့ ပြောလိုက်သေးတယ်”ဟု ဦးအောင်မြသိန်းက ဆိုသည်။
ယခု ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို မေးကြည့်ရန်နှင့် စစ်ဆေးရန် လိုအပ်၍ ခေါ်ယူခြင်းလည်း ဖြစ်နိုင်ကြောင်း ပြောသည်။ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ဆက်သွယ်ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











