ပုဒ်မတစ်ခုတည်းကိုပင် တရားရုံးအများအပြားခွဲ၍စွဲခြင်းကြောင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များမှာ အများဆုံးထောင်ဒဏ် ၅နှစ်အထိ ကျခံရနိုင်သည်
မြို့နယ်များခွဲ၍ တပ်မတော်၏ တရားစွဲဆိုမှုခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ငါးခုမြောက်တရားရုံးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တရားရုံးကလည်း ထောင်ဒဏ်တစ်နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
သင်္ကြန်သံချပ်ထိုးရာတွင် တပ်မတော်ကို ထိခိုက်နစ်နာစေသည့် စာသားများသုံးနှုန်း၍ဟုဆိုကာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို တပ်မတော်က တရားရုံးခြောက်ရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့တွင် ဒေးဒရဲမြို့နယ်တရားရုံးက ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေတို့ သုံးဦးကို တပ်မတော်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည် ၂၀၁၉ သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာတွင် “ဉာဏ်ပညာ အသိပညာမရှိ၊ နာခံမှုနှင့်အမိန့်သာရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကိုတန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကိုရှောင်၊ အိုင်စီစီကို ကြောက်တဲ့ဘဝ နေပြည်တော်က အဘ” စသည့် သံချပ်စာသားများအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်များတွင် ပါရှိသည်။
ယင်းအတွက်ကြောင့် တပ်မတော်အရာရှိများက ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ သံချပ်တိုက်ရာတွင် ဖြတ်သန်းသွားခဲ့သည့် ဗိုလ်တထောင်၊ မရမ်းကုန်း၊ မအူပင်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ပုသိမ် မြို့နယ်တရားရုံးတို့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်များကို တရားစွဲခဲ့သည်။
ယနေ့ဒေးဒရဲတရားရုံး၏ အမိန့်မှာ ပုဒ်မ ၅၀၅(က) နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်သည်။ ပုသိမ်မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အတွက် ဆက်လက်အမှုရင်ဆိုင်ရဦးမည်ဖြစ်သည်။
ပုဒ်မ ၅၀၅ (က) မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်းပြုစေရန် အကြံနှင့်ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။
ပုဒ်မ ၅၀၅(က)၏ အမြင့်ဆုံးပြစ်ဒဏ် သတ်မှတ်ချက်မှာ ထောင်ဒဏ် နှစ်နှစ်ဖြစ်သော်လည်း တရားရုံးငါးရုံးက အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့မှုကြောင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များမှာ စုစုပေါင်းထောင်ဒဏ် ၅နှစ်အထိ ကျခံရမည်ဖြစ်သည်။
-
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဖျာပုံတရားရုံးကလည်း ထောင်ဒဏ်ချမှတ်
-
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၆ ဦးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်စီထပ်ချ
-
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၄ ဦးကို ဆက်သွယ်ရေး ဥပဒေဖြင့် ထောင် ၆ လချ
-
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ကျခံစေရန် အမိန့်ချ
လက်ရှိတွင် အမှုခုနစ်မှုအတွက် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူမှာ ထောင်ဒဏ် ၆၆ လစီ၊ ကိုပိုင်ဖြိုးမင်းမှာ ထောင်ဒဏ် ခြောက်နှစ်ကျခံရမည်ဖြစ်ပြီး အမှုသုံးမှုစီဖြင့်တရားစွဲခံခဲ့ရသော ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနှင့် မဆုရတနာမြင့်တို့မှာ ထောင်ဒဏ် နှစ်နှစ်စီ၊ မကေခိုင်ထွန်းမှာ ထောင်ဒဏ် လ ၃၀ ကျခံရမည်ဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ယနေ့ထုတ်ပြန်သည်။ ကိုငြိမ်းချမ်းစိုး (ခ) ချစ်ယုံမှာမူ တရားစွဲဆိုခံထားရသော နှစ်မှုလုံးမှ တရားရှင်လွတ်ခဲ့သည်။
“ပုံမှန် တစ်ရုံးမှာ တစ်နှစ်ထိပဲ ချလို့ရတဲ့ ပြစ်မှုကို တရားရုံးတွေအများကြီး နယ်မြေတွေအများကြီး ခွဲပြီးစွဲလိုက်တဲ့အတွက်ကြောင့် အခုလို ၅ နှစ်တွေ ၆ နှစ်တွေ ဖြစ်သွားတယ်။ တကယ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့သဘောပါ” ဟု ဒေးဒရဲမြို့နယ်တရားရုံး၏ အမိန့်ချမှတ်ခံရပြီးနောက် ကိုဇေယျာလွင်က Myanmar Now ကို ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








