အင်တာဗျူး | တပ်မတော်ကိုပြုပြင်ချင်၍ ကိုယ်စားလှယ်လျှောက်ထားရဟု တပ်အရာရှိဟောင်းဆို

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ရေး လက်မှတ်ထိုးခဲ့သဖြင့် ထောင် ၂ နှစ်ကျခဲ့သည့် ဗိုလ်မှူးဟောင်းကိုကျော်စွာဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD မှဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်နေသည်

Published on Jun 11, 2020
ဗိုလ်မှူးဟောင်းကိုကျော်စွာဝင်း (ဓာတ်ပုံ - ရန်မိုးနိုင် / Myanmar Now)
ဗိုလ်မှူးဟောင်းကိုကျော်စွာဝင်း (ဓာတ်ပုံ - ရန်မိုးနိုင် / Myanmar Now)

၂၀၁၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုံ့ဆော်ပွဲတွင် ထောက်ခံလက်မှတ်ထိုးခဲ့သဖြင့် ထိုစဉ်က တပ်မတော်အင်ဂျင်နီယာ ဗိုလ်မှူးကျော်စွာဝင်းသည် စစ်ဥပဒေအရ ထောင်နှစ်နှစ်ချမှတ်ခံရကာ တပ်မတော်မှလည်း ထုတ်ပယ်ခံခဲ့ရသည်။ ၂၀၁၅ ဇူလိုင်တွင် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်လာခဲ့သည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်တစ်နေရာစာရထားသည့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် NLD ကိုယ်စားလှယ်လောင်းအဖြစ် ပါတီထံ လျှောက်လွှာတင်ထားသည်။ ပါတီက ၎င်းကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးခဲ့လျှင်လည်း ပါတီအောင်နိုင်ရေးအတွက် ဝန်းရံသွားမည်ဟု ဆိုသည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးဟောင်းကျော်စွာဝင်းကို Myanmar Now က ၎င်းနေထိုင်ရာ ပြင်ဦးလွင်မြို့၌ တွေ့ဆုံမေးမြန်းထားသည်။

Myanmar Now - ဘာကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လက်မှတ်ထိုးဖြစ်ခဲ့တာလဲ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့အလုပ်တစ်ခုကို ထောက်ခံတဲ့သဘောနဲ့ လက်မှတ်ထိုးတာပါ။ လက်မှတ်ထိုးတဲ့နေ့မှာပဲ တပ်အချုပ်ထဲကို ထည့်ပြီးတော့ ထောင်နှစ်နှစ် ချလိုက်တယ်။ ထောင်ကထွက်လာတဲ့အခါကျတော့(ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့) ၂၀၁၅ မှာ NLD ပါတီနဲ့ ပူးပေါင်းပြီး ရန်ကုန်ရုံးချုပ်ထိအောင် လိုက်ပြီးပြောပါတယ်။ ကိုယ်စားလှယ်တွေက လျာထားပြီးသွားပြီပေါ့နော်။ အချိန်မမီတော့ဘူး။ ဒီ ၂၀၂၀ ကျတော့ အဲဒီကိုယ်စားလှယ်လောင်း လျှောက်ခွင့်ရတယ်။ ဒါပါပဲ။

Myanmar Now - တပ်မတော်ကအရေးယူရတဲ့ ပြစ်မှုက ဘာများလဲ။

ဖြေ - အမိန့်မနာခံမှုပေါ့။ … ဘယ်လိုအမိန့်မနာခံမှုလဲဆိုတော့ (၁၉၅၉ခု တပ်မတော်အက်ဥပဒေ) ပုဒ်မ ၄၁(င)ပေါ့ ၄၁(င) မှာ … တပ်မတော်က ယေဘုယျ ထုတ်ပြန်ထားတဲ့ အမိန့်တစ်ခုကို မနာခံတာ။ ပေးထားတဲ့အမိန့်ကို မနာခံတာမဟုတ်ဘူး။ ပေးထားတဲ့အမိန့်ကို မနာခံရင် သေဒဏ်အထိ ပေးလို့ရတယ်။ ကိုယ့်ဘာသာသိပြီး လိုက်နာရမယ့်အမိန့်ကို မနာခံတာက ၄၁ (င) ပေါ့။ အဲဒါနဲ့အရေးယူတာ။ ပုဒ်မ ၆၅ (၁၉၅၉ တပ်မတော်အက်ဥပဒေပါ နောက်ထပ်ပုဒ်မတစ်ခု) ဆိုတာကတော့ အမြင်ကပ်ရင် ပုဒ်မ ၆၅ တပ်လို့ရ တယ်။ စစ်တပ်မှာခေါ်တာကတော့ အမြင်ကပ်ပုဒ်မလို့ ခေါ်တယ်။ ၆၅ တစ်ခုတည်းနဲ့ အရေးယူလို့ မရဘူး။ ရှေ့ကနေ အကြောင်းပြချက်တစ်ခုပေးရတယ်။ ၄၁ (င) ဆိုတာကို အကြောင်းပြတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉ အရ နိုင်ငံ့ဝန်ထမ်းတိုင်းက ပါတီနိုင်ငံရေးကင်းရှင်းရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ အရ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမယ်။ ဒီနှစ်ချက်အရ ပုဒ်မ ၆၅ နဲ့ စွဲတာ၊ အဲဒါနဲ့တင်တာ။ ပြောရရင် အပြစ်ရှိလို့ဖမ်းတာမဟုတ်ဘဲ ဖမ်းပြီးမှ အပြစ်လိုက်ရှာတာပေါ့။ အပြစ်မရှိလည်း သူတို့လုပ်မယ်ဆိုတဲ့ ဟာတစ်ခုကတော့ လုပ်မှာပဲ။ စစ်တပ်ရဲ့ ထုံးစံအတိုင်း ဝန်ခံရင်ထောင်တစ်နှစ်၊ ဝန်မခံရင်နှစ်နှစ်ဆိုတော့ ရှေ့ကဟာကိုတော့ ဝန်ခံတယ်၊ လက်မှတ်ထိုးတယ် အခြေခံဥပဒေမကာကွယ်ဘူး မှန်တယ်။ ရတယ် စွဲ။ နောက်ပြီး ပါတီနိုင်ငံရေး မကင်းဘူး၊ အဲဒီအတွက်ဝန်ခံတယ်။ ဒါပေမဲ့ နောက်ထပ် ပုဒ်မပြန်ပြောင်းတဲ့ ပုဒ်မ ၄၁ (င) ပေးမထားတဲ့ အမိန့်ကို မနာခံတာတို့ဘာတို့၊ ယေဘုယျအမိန့်ကို မနာခံတာတို့ အဲဒါတွေတော့ အပြစ်မရှိဘူးလို့ ငြင်းတယ်။ ကျွန်တော်က ထောင်တစ်နှစ်ကို မယူဘူး၊ ငြင်းပြီး နှစ်နှစ်ကို ယူလိုက်တယ်။ အဲဒါပါပဲ။

Myanmar Now - အပြစ်ပေးခံရတာနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - တပ်မတော်ထဲကို စစ်သည်အဆင့်အတန်းအားလုံးစဝင်တဲ့အချိန်မှာ ကျမ်းသစ္စာ ကျိန်ဆိုရတယ်။ တပ်မတော်သားတစ်ယောက်က စစ်ဘက်ဥပဒေကို လိုက်နာပါမယ်၊ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေကို လိုက်နာပါမယ်ဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုရတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ဆိုလို့ရှိရင် လက်မှတ်ကောက်ယူတာကလည်းတရားဝင်။ တရားဝင်အဖွဲ့အစည်းခွင့်ပြုချက်တောင်းပြီးတော့မှ တရားဝင်လုပ်တဲ့အလုပ်။ လက်မှတ်ထိုးတာကလည်း နိုင်ငံသားတစ်ယောက်ရဲ့လွတ်လပ်ခွင့်။ ပြောရရင် ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်ယုံကြည်ရာ လုပ်လို့မရဘူးလား၊ နိုင်ငံသားတစ်ယောက်ရဲ့ လွပ်လပ်ခွင့်က စစ်သားတွေမှာ မရှိတော့ဘူးလား၊ တရားမျှတမှု မှန်ကန်မှုအတွက် စစ်သားတစ်ယောက်က လွပ်လပ်ခွင့်ရှိရမယ်။ စစ်သားတစ်ယောက်က အပြစ်မဖြစ်ဘူးဆိုရင် ကိုယ်ယုံကြည်ရာ လုပ်လို့ရရမယ်။

Myanmar Now - ဒါနဲ့ပတ်သက်ပြီး နောက်ကွယ်က မိသားစုကရော ဘာတွေကြုံခဲ့ရသေးလဲ။

ဖြေ - ဖိအားတွေကြုံရတာပေါ့။ အမေရိကန်မှာဆိုလို့ရှိရင် စစ်သားတစ်ယောက်က နိုင်ငံ့အကျိုးကို စွန့်လွှတ်ခဲ့လို့ ရှေ့တန်းစစ်မြေပြင်မှာ သေတယ်ဆိုလို့ရှိရင် နောက်ကမိသားစုကို စောင့်ရှောက်မှုတွေရှိတယ်။ ဒီမှာကျတော့က ကိုယ့်မိသားစုကိုစောင့်ကြည့်တာ၊ အဝင်အထွက်တွေကအစ နောက်ဆုံး ဝင်စစ်ဆေးတယ်။ သုံးလလောက် ကျွန်တော့်မိသားစုကို စောင့်ကြည့်တယ်။ သွားတဲ့ လာတဲ့နေရာတွေ စောင့်ကြည့်တယ်။ အိမ်မှာ ကင်းချထားတယ်။ ကျွန်တော် ဘယ်သူတွေနဲ့ ပတ်သက်တယ်၊ ဘယ်သူတွေဝင်ထွက်တယ်ဆိုတာကို စောင့်ကြည့်တယ်။

Myanmar Now - အခုရွေးကောက်ပွဲဝင်ဖို့ NLD နဲ့ ဘယ်လို ချိတ်ဆက်မိတာလဲ။

ဖြေ - ပါတီနဲ့က ထောင်ကထွက်ကတည်းက အဆက်အသွယ်ရှိတယ်။ ၂၀၁၅ အောင်နိုင်ရေးဆိုလည်း လိုက်ပါပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးတာရှိပါတယ်။ ကျွန်တော့်စိတ်ခံယူချက်ကိုက တာဝန်ယူမှုရှိတဲ့ အစိုးရတစ်ရပ်၊ တရားစီရင်ရေးတစ်ရပ် ဖြစ်ပေါ်လာရေးပေါ့နော်။ ဒါတွေပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်။ ဥပမာပြောရရင် တရားသူကြီးတစ်ယောက်က မှားယွင်းပြီးတော့ စီရင်ချက်ချလိုက်ရင် ဒီတရားသူကြီးမှာ အပြစ်မရှိပါဘူးတဲ့။ အရေးမယူဘူး။တရားသူကြီးမှားရင် အထက်ရုံးကိုအယူခံခွင့်ရှိတယ်၊ အဲ့ဒီတော့ တရားသူကြီးတစ်ယောက်က သူ့မှားယွင်းမှုအတွက် ဘာမှအပြစ်မဖြစ်ဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ကျတော့ တရားသူကြီး မှားယွင်းဆုံးဖြတ်တဲ့အခါ တအားနစ်နာတယ်။ လုပ်ပိုင်ခွင့်ကို ငွေအဖြစ် ပြောင်းကြတဲ့နေရာတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဒီဘက်ကို ဝင်ရောက်ပြီးတော့ အဆိုပြုတာ ဖြစ်ပါတယ်။

Myanmar Now - အရွေးခံရပြီဆိုရင် ဘာတွေလုပ်မယ် စိတ်ကူးထားပါသလဲ။

ဖြေ - အဓိကကတော့ တပ်မတော်သားတွေရဲ့ တရားမျှတမှု၊ အခုပဲ မတ္တရာမှာကြုံလို့ဝင်ခဲ့တယ်။ ကျွန်တော်စာသင်ပေးခဲ့တဲ့ ကျွန်တော့် တပည့်တစ်ယောက်ပဲ။ သူ့မိဘကဘာမေးလဲဆိုတော့ သူ့သားလေးထွက်ချင်တယ်၊ လမ်းကြောင်းလေးမရှိဘူးလားတဲ့။ သူရဲ့ တာဝန် ထမ်းဆောင်တဲ့အသက်က ၁၀ နှစ်ကျော်ပြီ။ အရာရှိတစ်ယောက်ရဲ့ စာချုပ်ချုပ်ထားတဲ့ သက်တမ်းက ၁၀ နှစ်ပဲ။ ဗိုလ်လောင်းတစ်ယောက်က အရာရှိအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ ၁၀ နှစ်အထိ တာဝန်ထမ်းဆောင်ပါ့မယ်လို့ စာချုပ်ချုပ်ထားရတာ။ ဒါက ဥပဒေပါအခွင့်အရေး။ ဒါပေမဲ့ အဲဒီအခွင့်အရေးဟာ လက်တွေ့မှာမရကြဘူး။ သူ့လမ်းကြောင်းနဲ့သူတော့ ရှိတာပေါ့။ လမ်းကြောင်းရှိတဲ့သူက ရတယ်၊ မရှိတဲ့သူက မရဘူး။ ဆိုတော့ ပြောရရင် အခွင့်အရေးဟာ ညီမျှမှုမရှိဘူး။ ဥပဒေက စာအုပ်ထဲမှာပဲရှိတယ်။ တရားမျှတမှုဆိုတာ အောက်လူတွေအပေါ်မှာ ရောက်မလာဘူး။ ဒါက ဥပမာပေးပြောတာ။ ကျွန်တော်တို့လည်း တပ်မတော်အထဲမှာ နေတဲ့အချိန်မှာ အများကြီးဖိနှိပ်ခံခဲ့ရတာပေါ့။ မညီမျှမှုတွေ အများကြီးကြုံခဲ့ရတာပေါ့။ တပ်မတော်သားတွေ အင်မတန်မှ အဖိနှိပ်ခံနေရတာကို မြင်တဲ့အခါကျတော့ တပ်မတော်သားတွေကို ဖိနှိပ်လို့မရတဲ့ စနစ်တစ်ခု၊ တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးညီမျှမှုတစ်ခုကို ရှေးရှုပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။

Myanmar Now - အရပ်ဘက်ပြည်သူတွေအပေါ်မှာရော ဘာလုပ်ပေးချင်တာရှိပါသလဲ။

ဖြေ - ရှိပါတယ်။ ကျွန်တော်တို့ကို ရုရှားမှာ ပညာတော်သင်စေလွှတ်တယ်။ စေလွှတ်တာက nuclear power plant (အဏုမြူဓာတ်ပေါင်းဖို) တစ်ခုတည်ဆောက်ဖို့။ ဒါတွေကို အသုံးမချနိုင်ဘူး။ အစိုးရပြောင်းသွားပြီးတဲ့နောက်မှာ ဒါတွေက ငုပ်ပြီးပျောက်သွားတယ်။ နိုင်ငံမှာ nuclear power plant တစ်ခု တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်ပေါ့။ အဲဒီလိုဆိုရင် ရန်ကုန်နဲ့ မန္တလေးကို စက်မှုမြို့တော်အဖြစ် ပြောင်းလဲနိုင်မှာပဲဆိုတဲ့ မျှော်လင့်ချက်ပေါ့။ မြန်မာပြည်ရဲ့စီးပွားရေး တိုးတက်လာပြီးတော့ နယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တောထဲမှာ ထမင်းငတ်ခံပြီးတော့တော့ တိုက်မနေတော့ဘူး၊ ဒီဖွံဖြိုးတိုးတက်တဲ့နေရာမှာ အလုပ်လာလုပ်မယ်၊ အဲဒီတော့ ငြိမ်းချမ်းရေးပါ ရရှိမယ်လို့ယုံကြည်တယ်၊။ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စနစ်တစ်ခု အကောင်အထည်ဖော်ခွင့်ရရင် လူ့ပတ်ဝန်ကျင် လူ့အသိုင်းအဝိုင်းကို အများကြီး အကျိုးပြုပါလိမ့်မယ်။

Myanmar Now - ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာရင် လွှတ်တော်ထဲမှာ ဘယ်ဥပဒေတွေ ပြင်ချင်လဲ။

ဖြေ - တစ်ခုတည်း ထုတ်ပြောဖို့တော့ ခက်တယ်။ ဥပဒေရှိတယ်၊ နည်းဥပဒေတွေရှိတယ်။ ဒါပေမဲ့ ဥပဒေ၊ နည်းဥပဒေတွေ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ နောက်ကညွှန်ကြားချက်တစ်ခု ထွက်လိုက်တာနဲ့ ရှေ့ကဥပဒေတွေက အကျုံးမဝင်တော့ဘူး။ ဥပမာပြောရရင် နိုင်လွတ်လုံဥပဒေ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ) က ကောင်းတယ်။ ဒါပေမဲ့ မပြည့်စုံတဲ့အခါကျတော့ အားနည်းချက်တွေပေါ်တယ်။ အားနည်းချက်တွေ မပြင်ဘဲနဲ့ ဘာလုပ်လိုက်သလဲဆိုတော့ ရှေ့နေချုပ်ရုံးကနေ ဒါ ပြည်သူပြည်သူချင်း စွဲရင်မသင့်ဆိုတဲ့ ညွှန်ကြားချက်နဲ့ ပြည်သူပြည်သူချင်း စွဲမရတော့ဘူး။ ညွှန်ကြားချက်က ဥပဒေကို ဖုံးလွှမ်းတာက တကယ်တော့ မဖြစ်သင့်ဘူး။ ဌာနဆိုင်ရာတွေရဲ့ အမိန့်နဲ့ညွှန်ကြားချက်က ဥပဒေအပေါ်မှာ သွားပြီးတော့ လွှမ်းမိုးတာ။ စစ်တပ်ဆိုရင် ပိုပြီးတော့လွှမ်းမိုးတယ်။ ဆိုတော့ အဲဒီညွှန်ကြားချက်တွေ ဥပဒေအပေါ်မှာ လွှမ်းမိုးနေသမျှ ဘယ်လိုဖယ်ဖျောက်မလဲ။ ဥပဒေတစ်ခုဟာ မသုံးချင်တော့ဘူးဆိုရင် အာဏာရှိတဲ့သူက ညွှန်ကြားချက်တစ်ခု ထုတ်လိုက်တာနဲ့ အဲဒီဥပဒေဟာ သုံးမရတော့ဘူး။ သုံးချင်ရင် ဥပဒေမရှိလည်း ညွှန်ကြားချက်တစ်ခုနဲ့တင် ကြိုက်သလို ပြောင်းလို့ ရနေပြန်ရော။ ညွှန်ကြားချက်က အထက်ရောက်နေတဲ့ စနစ်ကတော့ လွှတ်တော်ကို အားလျော့စေတာပေါ့။ ဒီညွှန်ကြားချက်တွေကို ဥပဒေအောက်ရောက်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာတော့ ဝိုင်းဝန်းပြီးတော့ စဉ်းစားရမယ်။

Myanmar Now - ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်လဲ။

ဖြေ - အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဖြေဟာ တစ်ခုတည်းပဲရှိပါတယ်။ နိုင်ငံကိုကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ပါ။ မဲဆန္ဒနယ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းလောက်နိုင်မှ အစိုးရဖွဲ့နိုင်မှာ။ တကယ်လို့ မနိုင်ခဲ့ဘဲနဲ့ ညွန့်ပေါင်းဖွဲ့တာတို့ ဘာတို့ဆိုရင် သူ့ရဲ့ အဖြေသည် အမျိုးမျိုးပြောင်းသွားနိုင်တယ်။ ပြည်သူတွေက နိုင်ငံရေးခံယူချက်မှန်ဖို့ပေါ့။ ဒါဟာ အစိုးရရွေးပွဲပါ။

Myanmar Now - တပ်မတော်ကလာတာဆိုတော့ တပ်မတော်ထဲမှာ တပ်မတော်သားတွေ ရွေးကောက်ပွဲမဲပေးရတဲ့ အခြေအနေလေးတွေ သိချင်ပါတယ်။

ဖြေ - ကျွန်တော်က ၂၀၁၀ ရွေးကောက်ပဲ ကြုံခဲ့ရတော့ ကြိုတင်မဲတွေပေးရတဲ့ အနေအထားရှိတယ်။ ပြောပြန်ရင်လည်း ကျွန်တော် နောက်တစ်ကြိမ် ထောင်ကျနိုင်တယ်။ အဲဒီတော့ တပ်မဲရုံတွေ အပြင်ထုတ်တာ မှန်ပါတယ်လို့ အဓိကပြောချင်ပါတယ်။

Myanmar Now - တပ်မဲရုံတွေ အပြင်ထုတ်မယ်ဆိုတော့ တပ်မတော်သားတွေ မဲပေးပိုင်ခွင့်ကို ဘယ်လိုမြင်လဲ၊ ဘယ်လို ဖြစ်လာနိုင်သလဲ။

ဖြေ - ဖြစ်စေချင်တာမဟုတ်ဘူး။ ဖြစ်ကိုဖြစ်လာမှာပါ။ တပ်မတော်သားတွေ အပြင်ထွက် မဲပေးရမယ်ဆိုရင်တော့ တပ်မတော်သားတွေက သူတို့ကြိုက်တဲ့ပါတီ သူတို့မဲပေးမှာပဲ။ ဗေဒင်မေးစရာ မလိုဘူး။ တပ်မတော်သားတွေရဲ့ မဲအများစုက NLD ရမှာပဲ။ တစ်ခုတော့ရှိတယ်။ ကြိုတင်မဲ ဂရုစိုက်ရမယ်။ ဘယ်လိုကြိုတင်မဲပေးတယ်၊ ကြိုတင်မဲကို ထိန်းချုပ်မယ့်စနစ်၊ ကြိုတင်မဲသည်လည်းပဲ မဲပေးမယ့်သူနဲ့ တိုက်စစ်ပြီးတော့မှ မဲရုံစာရေးရဲ့ တာဝန်ခံမှုနဲ့ ကြိုတင်မဲကို ပေးရမယ်။

ဒီမဲရုံစာရေးက အားနည်းတာနဲ့ ကြိုတင်မဲတွေက မှားယွင်းသွားနိုင်တယ်။

Myanmar Now - တပ်မတော်သားတွေသာ လွတ်လွပ်လပ်လပ် မဲပေးခွင့်ရမယ်ဆိုရင် NLD ကိုပေးမယ်လို့ ဘာ့ကြောင့်သုံးသပ်တာလဲ။

ဖြေ - ဖိနှိပ်မှုတွေကို မခံနိုင်လို့ပေါ့။ ပြောရရင် တပ်ထဲမှာ ပျော်ပြီးနေရတဲ့သူ အင်မတန်နည်းပြီး တပ်ထဲကထွက်ချင်တဲ့သူ အင်မတန်များနေတယ်။ အဲဒီတော့ ဒီမကျေနပ်မှုတွေကြောင့်ပဲ သူ့ရဲ့မဲသည် NLD ဘက်ကို ရောက်လာမှာ။ အပေါ်ပိုင်းကတော့ တဖက်ကိုရောက်ချင်ရောက်ပေမယ့် အောက်ခြေပိုင်းတွေက ဒီဘက်မှာရှိတယ်။ သူတို့လုပ်တာ မတရားမှုတွေရှိလေ NLD ဘက်ကိုရောက်လေပဲ။ ဘယ်လိုမတရားမှု လုပ်လဲဆိုတာတော့ ကျွန်တော်တို့ကိုယ်တိုင် နေခဲ့တာပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပြောရရင် မတရားမှန်း သိသိနဲ့လည်း လုပ်ရတာပဲ။ မှန်တာ မမှန်တာထက်ကို အမိန့်ဆိုတာနဲ့ လုပ်ရတော့တာ။ တရားတာ မတရားတာမရှိဘူး၊ မှန်တာ မမှန်တာမရှိဘူး၊ အရင်တုန်းကတော့ ရှိခဲ့ဖူးတာပေါ့။ ဗိုလ်ချုပ်(အောင်ဆန်း) ကတော့ ပြောခဲ့ဖူးတာပဲ၊ ကိုယ့်ပေးတဲ့အမိန့်တစ်ခုက မတရားဘူးထင်ရင် ဘာလုပ်မလဲ။ အမိန့်ပေးတဲ့ လူထက်ကြီးတဲ့သူကို သွားပြီးတော့ တရားလား မတရားလား။ မှန်လား မမှန်လား သွားတွေ့ပြီးတော့မေးပါတဲ့။ မကျေနပ်သေးရင် တဆင့်တဆင့်တက်ပြီးတော့ တရားလား မတရားလားမေးပါတဲ့။ ဗိုလ်ချုပ်တို့ခေတ်တုန်းကတော့ မှန်တာပေါ့။ ဖြစ်နိုင်ရင်ဖြစ်နိုင်ခဲ့မှာပေါ့။ ဒီဘက်မှာတော့ ဒီလူကို မတင်ပြဘဲ တိုင်လို့ကိုမရဘူး။ ကျော်တိုင်ဖို့တော့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading