စစ်တွေမြို့တွင်းမှ ကားဖြင့် မိနစ်သုံးဆယ်ခန့်သာသွားရသည့် နေရာတွင် တပ်မတော်ရေယာဉ်နှင့် AA တို့ကြား ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ကြား ထိတွေ့မှုတစ်ခုဖြစ်ခဲ့ပြီး ကျည်ထိမှန်မှုကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်မှုများကြားရပြီးနောက် ဇွန် ၉ ညဉ့်သန်းခေါင်ချိန်တွင် တပ်မတော်ရေယာဉ်တစ်စီး မြစ်ကြောင်းအတိုင်း ပစ်ခတ်လာခဲ့သည်ဟု ရွာသားများက ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက “ကျွန်တော်တို့က အမြင့်ကျွန်းကျေးရွာကို ပစ်တာမဟုတ်ဘူး။ အမြင့်ကျွန်းကျေးရွာနားလေးမှာ အေအေကနေပြီးတော့ တပ်မတော်ရေယာဉ်ကို အာပီဂျီ တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒါကြောင့် ပစ်တဲ့နေရာကို ပြန်ပစ်တာ” ဟု Myanmar Now ကိုပြောသည်။
ထို့နောက် ရွာထဲသို့ ကျည်ဆန်များကျရောက်လာရာမှ အသက် ၈၀ အရွယ် လေဖြတ်နေသူ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၎င်း၏သမီး ဒေါ်မဆန်းရီ (၃၀ နှစ်) မှာ နဖူးတွင် ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
အလားတူ တစ်ရွာတည်းနေ ၁၃ နှစ်အရွယ် မနန္ဒာဝင်းဆိုသူလည်း လက်မောင်းနှင့် ဦးခေါင်းတွင် ကျည်ဆန်ထိမှန်သွားပြီး ၄၃ နှစ်အရွယ် ဦးကျော်မြင့်မှာ ဘယ်ဖက်နံရိုးနှင့် ညာဘက်နံရိုးတို့တွင် ကျည်ဆန်များထိမှန်သွားသည်။ ၎င်းတို့ အိပ်နေကြစဉ် ပစ်ခတ်သံများကြားရသဖြင့် ဘေးလွတ်ရာများသို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြစဉ် ကျည်ဆန်များ ကျရောက်လာခဲ့ခြင်းဖြစ်သည်။
“၁၂ နာရီလောက်မှာ ပစ်သံနှစ်ကြိမ် အရင်ဆုံးကြားရတယ်။ ဆိုတော့ သမီးတွေကို အောက်ကိုခေါ်တယ်။ နောက် သမီးတွေမှာ ကျည်မထိဘူး။ ဒီသမီးကို သမီးလေး ထ ထ ပြောတော့ ခေါင်းတွေမူးတယ်လို့ ပြောတယ်။ သူ့အမေက သူ့ကိုတစ်ချက် သွားနှိုးတော့ ခေါင်းမှာ သွေးတွေ”ဟု မနန္ဒာဝင်း၏ ဖခင် ဦးကျော်ကျော်ဝင်းက ဆိုသည်။
ပစ်ခတ်မှုသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် တပ်မတော်ရေယာဉ်သည် ရသေ့တောင်မြို့နယ်၊ ခြေ တော်ရာကျေးရွာဘက်သို့ ထွက်ခွာသွားသည်ဟု မျက်မြင်တွေ့ရှိလိုက်သည့် ရွာသားတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသူ သုံးဦးအနက် ဒဏ်ရာပြင်းထန်သည့် ဦးကျော်မြင့်နှင့် မနန္ဒာဝင်းတို့ကို စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသမှု ပြုလုပ်နေသည်။
ကျည်ထိမှန်ခဲ့သူ ဦးကျော်မြင့်ကို စစ်တွေဆေးရုံသို့ ယနေ့ နံနက် တစ်နာရီခွဲအချိန်ပို့ဆောင်ရာတွင် အမြင့်ကျွန်းကျေးရွာမှ စစ်တွေမြို့တွင်းသို့ ကားဖြင့် မိနစ်သုံးဆယ်ကျော်သာ ကြာမြင့်သော်လည်း စစ်ဆေးဂိတ်များကို ဖြတ်ကျော်ရသဖြင့် နံနက် လေးနာရီကျော်ခန့်မှ ဆေးရုံသို့ရောက်ရှိခဲ့သည်။
ထို့ပြင် မနန္ဒာဝင်းကိုလည်း ညတွင်းချင်း ဆေးရုံသို့ ပို့ဆောင်လိုကြသော်လည်း စစ်ဆေးရေးဂိတ်များ ပိတ်ထားသဖြင့် နံနက် ၅ နာရီခွဲခန့်မှသာ ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သည်ဟု ဦးကျော်မြင့်၏ညီမ ဒေါ်ခွာညိုက ပြောသည်။
အမြင့်ကျွန်းကျေးရွာတွင် ယခင်ကလည်း တပ်မတော်၏ပစ်ခတ်မှုကြောင့် လူသေဆုံးမှုဖြစ်ခဲ့ဖူးသည်။ ၂၀၁၉ သြဂုတ်လက အမြင့်ကျွန်းကျေးရွာအနီးရှိ ဂဏန်းဒိုင်တစ်ခုတွင် လုပ်ကိုင်နေသူနှစ်ဦး တံတားပေါ် ဖြတ်သန်းလာစဉ် တပ်မတော်က စစ်ဆေးမေးမြန်းရာ တစ်ဦးမှာ စစ်ဆေးခံခဲ့ပြီး နောက်တစ်ဦးမှာ ထွက်ပြေးသည်ဟုဆိုကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











