“ ဖမ်းဆီးခံထားရသူများ ပြန်မလွှတ်ပေးပါက ဆန္ဒပြပွဲ အရှိန် ထပ်မြှင့်မည်ဟု ဆန္ဒပြသမားများက ဆိုသည်"
(ရန်ကုန်) – မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာ ၇ တွင် ထောင်ဒဏ် အပြစ်ပေးလိုက်သည့် ကချင်တက်ကြွလှုပ်ရှားသူ သုံးဦးအား ပြန်လွှတ်ပေးရန် ထောင်နှင့်ချီသော ဆန္ဒပြသူများက ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တွင်း လှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်၊ ဒေါ်နန်ပူတို့သည် တိုက်ပွဲများတွင်း ပိတ်မိနေသည့် အရပ်သားများအား ကယ်ထုတ်ရန် ပြီးခဲ့သည့် မေလအတွင်းက တောင်းဆိုခဲ့သည့် လှုပ်ရှားမှုအတွင်း တပ်မတော်ကို အကြည်ညိုပျက်စေသည့် ဟောပြောချက်များ ထုတ်ဖော်ပြောဆိုသည်ဟုဆိုကာ ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေတစ်သိန်း အပြစ်ပေးခံခဲ့ရခြင်းဖြစ်သည်။

အနည်းဆုံး လူ ၄၀၀၀ ခန့် ပါဝင်သည်ဟု ခန့်မှန်းရသော အဆိုပါဆန္ဒပြပွဲသည် မြစ်ကြီးနားတရားရုံး၏ ဆုံးဖြတ်ချက်ကို မတရားဟု ယူဆသောကြောင့် ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးနော်အောင်က ပြောသည်။
“လွတ်လပ်ပြီးမျှတတဲ့ တရားစီရင်ရေး ဖြစ်ဖို့အတွက် အဓိကရည်ရွယ်တာပါ မတရားမှုတွေကို ကျွန်တော်တို့ ရှုတ်ချတာပါ ” ဟု ကချင်လူမှုဖွံ႔ဖြိုးရေးကွန်ယက်၏ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးနော်အောင်က ပြောသည်။


မနက် ၈ နာရီခန့်တွင် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက် မနောကွင်းတွင် စုရုံးပြီး မနက် ၁၀ နာရီခန့်တွင် မြစ်ကြီနားမြို့တွင်း လှည့်လှည်ကာ ဖမ်းဆီးခံ လူငယ်သပိတ်ခေါင်းဆောင် များကို အမြန်ဆုံး လွှတ်ပေးရေး အပါအဝင် ကြွေးကြော်သံ ၆ ချက်ဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်။
ထို့အပြင် ဆန္ဒဖေါ်ထုတ်သူများက တရားဥပဒေ ကျဆုံးသွားခြင်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည့် Failed Law စာတမ်းပါ ကပ်ခွာများကိုလည်း မြစ်ကြီးနာမြို့နယ် တရားလွှတ်တော်ရုံး နှင့် ရဲစခန်း ဆိုင်းဘုတ်များတွင် လိုက်လံကပ်ခဲ့ကြသည်။


ဆန္ဒပြပွဲအတွက် လူ ၆၀၀၀ စာရင်းတင်ခဲ့ပြီး ခွင့်ပြုချက်တင်ရာတွင် အသံချဲ့စက်အသုံးပြုမှုနှင့် ကချင်အမျိုးသားအလံ၊ Failed Law ဗွီနိုင်း နှင့် လူငယ်သပိတ်ခေါင်းဆောင် ၃ ဦးတို့၏ပုံများ မပါဝင်သည့် အတွက် ဆက်လက်အသုံးမပြုရန် မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ ဆန္ဒပြသမားများကို အကြောင်းကြားခဲ့သည်။
တရားမျှတမှုအတွက်တောင်းဆိုမှုများကို မလိုက်လျောပါက ဆန္ဒဖေါ်ထုတ်ပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ဆွမ်လွတ်လုဆန်က ပြောသည်။
လူငယ်သပိတ်ခေါင်းဆောင် ၃ ဦးကို အမိန့်ချမှတ်သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့နယ်တရားရုံးမှ မနောကွင်းသို့ လမ်းလျှောက်ဆန္ဒပြသောကြောင့် ဦးဆောင်သူ ၃ ဦးဖြစ်သည့် ဦးဆိုင်းခွမ်းအောင်၊ ဦးဘရန်မိုင်နှင့် မဆွတ်ဆိုင်းထွယ် တို့သုံးဦးအား ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့်မြစ်ကြီးနားရဲတပ်ဖွဲ့မှ တရားစွဲဆိုထားသည်။
လူငယ်သပိတ်ခေါင်းဆောင် တက်ကြွလှုပ်ရှားသူ ၃ ဦးဖြစ်သည့် ကိုလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူတို့အား ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် ဥရောပသမဂ္ဂ(EU)၊ အမေရိကန်သံရုံးတို့က တရားရုံး ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်ရန် တောင်းဆိုထားပြီး အရပ်ဖက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်ကလည်း ကန့်ကွက်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












