တာဝန်နှင့်ကြောက်စိတ်တို့ကြား ရုန်းကန်ရသည့် ဝေဘာဂီဆေးရုံမှကိုဗစ်သူနာပြုများဘဝ

ကိုဗစ်နိုင်တင်းလူနာစတွေ့သည့်နေ့မှစ၍ ထိတ်လန့်တုန်လှုပ်ခြင်း၊ ဝရုန်းသုန်းကားပြင်ဆင်ရခြင်း၊ ရယ်ရအခက်ငိုရအခက်ဖြစ်ရခြင်း စသည့်ဘဝထိုထိုကို ဝေဘာဂီမှ သူနာပြုဆရာမ ၂ ဦးကပြောပြထားသည်

အထက်တန်းသူနာပြုများ ဖြစ်သည့် ဒေါ်ဇင်မျိုးထွေးနှင့် ဒေါ်ခင်မာဦးတို့ကို ဝေဘာဂီအထူးကုဆေးရုံ၌ မေလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံ၏ ခုခံအားကျဆင်းမှုရောဂါ (HIV) လူနာဆောင်၌ လူနာများကို ဆေးပေး၊ ဆေးထိုးပြီးချိန် ည ၁၀ နာရီကျော်ခန့်တွင် အထက်တန်းသူနာပြု ဒေါ်ဇင်မျိုးထွေးထံ ဆေးရုံအုပ်ကြီးထံမှ မမျှော်လင့်ထားသည့် ဖုန်းဝင်လာခဲ့သည်။

ကမ္ဘာ့တိုင်းပြည်အများအပြားတွင် အုတ်အော်သောင်းနင်းဖြစ်ကာ နေ့စဉ်နှင့်အမျှ ကူးစက်သူ၊ သေဆုံးသူဦးရေ တက်နေသော ကိုဗစ်နိုင်တင်းကပ်ရောဂါသည် ၎င်းတာဝန်ထမ်းဆောင်နေသော ဆေးရုံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့မည်ဟူသည့် ဆေးရုံအုပ်ထံမှ သတင်းစကားသည် အသက် ၄၀ ရှိ ဒေါ်ဇင်မျိုးထွေး၏ သူနာပြုလုပ်သက် ၁၃ နှစ်အတွင်း ထိတ်လန့်စရာအကောင်းဆုံး ဖြစ်ခဲ့သည်။

ရန်ကုန်ဧရိယာအတွင်းရှိ ကိုဗစ်နိုင်တင်းအတည်ပြုလူနာများကို ပို့ဆောင်ကုသရမည့် သတ်မှတ်ဆေးရုံမှာ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီအထူးကုဆေးရုံဖြစ်သည့်အတွက် ဆေးရုံ၌ ၎င်းတာဝန်ယူထားသည့် HIV ဝေဒနာရှင် ၁၅ ယောက်ကို စောင့်ကြည့်ကုသရမည့်တာဝန်များကို တခြားသူနာပြုများထံ ချက်ချင်းလွှဲပေးလိုက်ပြီး ကိုဗစ်နိုင်တင်းလူနာကို လက်ခံနိုင်ရေးအတွက် အလျင်အမြန် ပြင်ဆင်ရသည်

ဝေဘာဂီဆေးရုံ၌ သူနာပြု ၃၃ ဦးနှင့် စေတနာ့ဝန်ထမ်းသူနာပြု ၁၆ ဦး ရှိပြီး ကိုဗစ်နိုင်တင်းလူနာများကို စောင့်ရှောက်ကုသရန် လေးဦး သို့မဟုတ် ငါးဦးပါ အဖွဲ့တစ်ရက်လျှင် သုံးဖွဲ့ဖြင့် အလှည့်ကျ တာဝန်ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ အလှည့်ကျ အလုပ်ဆင်းရမည့် ကျန်းမာရေးဝန်ထမ်းများစာရင်းကို မတ် ၁၈ ကတည်းက ဆေးရုံက စာရင်းထုတ်ထားပေးခဲ့သည်။ ကိုဗစ်လူနာများကို အနီးကပ်စောင့်ကြပ်ပေးရသည့် သူနာပြုများသည် ၂၄ နာရီ ဆက်တိုက် အလုပ်ဆင်းပြီးလျှင် နားရက်နှစ်ရက် ရကြသည်။

ကိုရိုနာဗိုင်းရပ်ရောဂါပိုးသည် အရှေ့တောင်အာရှနိုင်ငံအတော်များများတွင် ဇန်နဝါရီလလယ်ကတည်းက ပျံ့နှံ့နေခဲ့ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရောဂါပိုးတွေ့သူ ရှိလာပါက လုပ်ဆောင်ရမည့် အစီအမံအတိအကျကို မရေးဆွဲနိုင်ခဲ့သေးဘဲ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများကို အလှည့်သာခွဲနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်နိုင်တင်း အတည်ပြုလူနာနှစ်ဦးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၃ ည ၁၁ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ လူနာ အမှတ် (၁) မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် ခုတင် ၁၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူမည်ဖြစ်ပြီး လူနာအမှတ် (၂) မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်သည့်နေရာမှ ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့လာတော့မည် ဖြစ်သည်။ ဆေးရုံရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည်လည်း ၎င်းထံ ထိတ်လန့်ကြီးစွာ ရောက်လာကြသည်။

“ငါတို့တော့ သူများနိုင်ငံမှာ အတုံးအရုံး သေနေတဲ့ ရောဂါကြီးနဲ့ တွေ့ရတော့မယ် တွေ့ရတော့မယ်နဲ့ အကုန်လုံး ထိတ်လန့်နေကြပြီး ဝရုန်းသုန်းကား ဖြစ်ကုန်တာပေါ့” ဟု ဒေါ်ဇင်မျိုးထွေးက မတ် ၂၃ ညက အတွေ့အကြုံကို ပြောပြသည်။

ဝေဘာဂီဆေးရုံအတွက် ပထမဆုံး ကိုဗစ်နိုင်တင်းလူနာကို လက်ခံကုသရန် ဆေးရုံ၏ သုံးထပ်ဆောင်အသစ်မှာ ရေ၊ မီးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အဆင်သင့် မဖြစ်သေးပေ။ ဆေးရုံအုပ်ကြီးထံမှ ဖုန်းဝင်လာပြီး မိနစ်ပိုင်းအကြာမှာပင် ဒေါ်ဇင်မျိုးထွေးအပါအဝင် သူနာပြုများသည် အောက်ခြေဝန်ထမ်းများနှင့်အတူ သန့်ရှင်းရေးလုပ်ခြင်း၊ ခုတင်နှင့် ဆေးပစ္စည်းများသယ်ခြင်း၊ အဝတ်နှင့် ခန်းဆီးများသယ်ခြင်း၊ ကုသဆောင်၌ လျှပ်စစ်မီးရရှိရေး စသည်တို့ ပြုလုပ်ရင်း ဆေးရုံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ကုသဆောင်အတွက် လိုအပ်သောပစ္စည်းများကို နှစ်နာရီအတွင်း အလျင်အမြန် ပြောင်းရွှေ့ခဲ့ရသည်။

“ဆေးထိုးအပ်တွေကအစ ကျွန်မတို့မှာ အဆင်သင့် မဖြစ်သေးဘူး။ ဆေးထိုးအပ်တွေဆိုလည်း HIV အဆောင်ကနေ ပြေးဆွဲခဲ့ရတာ။ မိုးတောင် ဘယ်လိုလင်းလို့ လင်းသွားမှန်းတောင်မသိဘူး” ဟု ဒေါ်ဇင်မျိုးထွေးက ပြောသည်။

ဝေဘာဂီဆေးရုံအတွက် ပထမဆုံးကိုဗစ်နိုင်တင်းလူနာ စရောက်ပြီး မတ်လနှောင်းပိုင်းနှင့် ဧပြီတို့တွင် ဆေးရုံ၌ ပစ္စည်းနှင့် လူအင်အား မလုံလောက်သည့်အတွက် ဒေါ်ဇင်မျိုးထွေးကဲ့သို့ သူနာပြုများသည် လူနာပြုစုစောင့်ရှောက်ရေး အလုပ်တစ်ခုတင် မကတော့ဘဲ လူနာဆောင်အတွက် လိုအပ်သည့်ပစ္စည်းများ သွားရောက်ဝယ်ယူပေးခြင်း၊ လူနာများ၏ နေထိုင်စားသောက်ရေးနှင့် သန့်ရှင်းရေးဝေယျာဝစ္စများကိုပါ ပြုလုပ်ပေးခဲ့ကြရသည်။

ရောဂါအသစ်ကို လက်ခံလိုက်ရသည့် ဆေးရုံအဆောက်အအုံသစ်

ဒေါ်ဇင်မျိုးထွေးသည် ၎င်း၏ သူနာပြုလုပ်သက် ဆယ်နှစ်ကျော် ကာလအတွင်း HIV ကူးစက်ရောဂါပိုးရှိသူများ၊ အီဘိုလာ (Ebola) နှင့် ဆားစ် (SARS) နှင့် ရာသီတုပ်ကွေး H1N1 ကဲ့သို့ ကူးစက်ရောဂါပိုး သံသယနှင့် အတည်ပြုလူနာများကို ကုသပေးခဲ့ရဖူးသည့် အတွေ့အကြုံရှိသူလည်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာဖြစ်တော့ ကျွန်မတို့ဆေးရုံကို ပို့မယ်လို့ သိတဲ့အခါမှာ ဝန်ထမ်းတိုင်းက ကြောက်နေကြတယ်။ ကြောက်ပေမယ့် ရှောင်လွှဲလို့မရတဲ့ တာဝန်ဖြစ်တယ်။ ဒီအချိန်မှာ လျစ်လျူရှုပြီး ထွက်သွားရမှာလည်း မလုပ်နိုင်ကြဘူး။ တစ်ခုခုဖြစ်သွားရင်လည်း ခံလိုက်တော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ကြတာ” ဟု ဒေါ်ဇင်မျိုးထွေးက ဆိုသည်။

ဆေးရုံသို့ ကိုဗစ်နိုင်တင်းလူနာစရောက်ပြီး နောက်တစ်ရက်မှစကာ ဒေါ်ဇင်မျိုးထွေးသည် မိဘနှစ်ပါး၊ မောင်တစ်ယောက်နှင့် ၎င်း၏ ၁၃ နှစ်အရွယ် သမီးတို့နှင့် အတူတူနေသည့် ရွှေပြည်သာရှိ အိမ်သို့ မပြန်ဖြစ်တော့ဘဲ ဆေးရုံက စီစဉ်ပေးသည့် ဝန်ထမ်းအဆောင်၌သာ အခြားလုပ်ဖော်ကိုင်ဖက်များနှင့် နေထိုင်နေသည်။ ဒေါ်ဇင်မျိုးထွေးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အထက်တန်းသူနာပြု ဒေါ်ခင်မာဦးတို့နှစ်ဦးလုံးသည် ဧပြီတစ်လလုံး နားရက် မယူခဲ့ကြဘဲ ဆေးရုံနှင့် လူနာများအတွက်သာ စိတ်နှစ်လုပ်ကိုင်ခဲ့ကြသည်။

ဝေဘာဂီဆေးရုံ၌ အဆောက်အအုံ ၅ ခုရှိသည့်အနက် ၃ ခုမှာ အတွင်းလူနာဆောင် ဖြစ်သည်။ ကိုဗစ်နိုင်တင်း အတည်ပြုလူနာတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေချိန်အထိ ကိုဗစ်နိုင်တင်းလူနာများကို ထားမည့် ဆေးရုံ၏ သုံးထပ်ဆောင် အဆောက်အအုံမှာ ဆေးရုံသုံးပစ္စည်းများပင် မထားနိုင်သေးဘဲ အကြမ်းထည်သာ ရှိနေသေးသည်။

“အဆောက်အအုံကို ကြည့်လိုက်ရင် အသစ်ကြီး။ လူနာရောက်တော့ အထဲမှာ ဘာမှမရှိဘူး။ လူနာကို အဆောက်အအုံပေါ် ပစ်တင်လိုက်ရသလိုဖြစ်သွားတာ။ ဘာပစ္စည်းမှ မရှိဘူး။ ဆောက်လက်စကြီး။ မီးမလင်း ဘာမလင်းနဲ့။ ကြိုးတွေ၊ အဝတ်တွေဆိုရင် တခြားအဆောင်တွေက လိုက်ဆွဲယူရတာပေါ့” ဟု ဒေါ်ဇင်မျိုးထွေးက ပြောသည်။

ယင်းသုံးထပ်ဆောင် အဆောက်အအုံ ဆောက်လုပ်နေမှုမှာ မတ်လကုန်တွင် ပြီးစီးသွားခဲ့သော်လည်း လိုအပ်သောပစ္စည်းနှင့် ယိုယွင်းမှုတို့ကို ဖြည့်စွက်ရသည့်အလုပ်ကို ဒေါ်ဇင်မျိုးထွေးနှင့် ဒေါ်ခင်မာဦးတို့က ဦးဆောင် တာဝန်ယူခဲ့ကြရသည်။

အဆောင်ဆောက်လုပ်စဉ်က တပ်ဆင်ခဲ့သော မီးပလပ်များမှာလည်း အသုံးပြုမရခြင်း၊ တပ်ဆင်ထားသော လက်လှည့်ဘေစင်များသည်လည်း လူနာများနှင့် ထိတွေ့ပြီး လက်ဆေးလျှင် အဆင်မပြေသောကြောင့် ခြေနင်းဘေဇင်များအဖြစ် ပြောင်းလဲတပ်ဆင်ရန် လိုအပ်ခြင်း စသည့် လိုအပ်ချက်များကို ဆရာဝန်များအကြံပေးချက်နှင့် အညီ တပ်ဆင်မည့် အလုပ်သမားများကို ရှာဖွေပေးခဲ့ရကြောင်းလည်း ၎င်းတို့နှစ်ဦးက ပြောသည်။

ဧပြီ ၉ မှ မေ ၁၀ အထိ ဝေဘာဂီဆေးရုံ၌ ကုသမှု ခံယူခဲ့သည့် ကိုဗစ်နိုင်တင်းလူနာအမှတ် (၂၅) ဦးသန့်စင်ကမူ ၎င်းဆေးရုံစရောက်သည့်အချိန်အထိ သုံးထပ်ဆောင်မှာ ဆောက်လုပ်မှု သေချာမပြီးစီးသေးဟု သိရသည်။

“ကျွန်တော်ရောက်တော့ ဆေးရုံက သေချာမပြီးသေးဘူး။ ပြုပြင်ဆဲကြီး။ နေ့လယ်ဆိုလည်း ထုသံ၊ ရိုက်သံတွေ ကြားရတယ်။ တခြားအခန်းမှာ ခုတင်ရွှေ့တာတွေ အကုန်ကြားနေရတာ” ဟု ဦးသန့်စင်က Myanmar Now ကို ပြောသည်။

ဦးသန့်စင်သည် ပိုးမတွေ့ရတော့သဖြင့် မေ ၁၀ တွင် ဆေးရုံမှဆင်းခွင့်ရခဲ့သူဖြစ်သည်။

“သူ့အလုပ် ကိုယ့်အလုပ် ခွဲနေလို့မရတော့ဘူး”

ဇွန် အထိ ကိုရိုနာဗိုင်းရပ်ရောဂါပိုးရှိသူ မြန်မာနိုင်ငံတွင် ၂၄၃ ဦး တွေ့ရှိထားပြီး ၎င်းတို့အနက် ၆ ဦးမှာ သေဆုံးခဲ့သည်။ ရောဂါပိုးရှိ မရှိ လူပေါင်း ၃,၂၁၁ ဦးကို စစ်ဆေးထားပြီး စောင့်ကြည့်လူနာ ၅,၀၀ ကျော်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဆေးရုံသို့ ပထမဆုံးကိုဗစ်လူနာ စရောက်ပြီး နောက်တစ်ရက်မှာ ဒေါ်ဇင်မျိုးထွေး၏ နားရက်ဖြစ်သော်လည်း မပြည့်စုံလှသည့် အဆောက်အအုံအတွက် လိုအပ်သောပစ္စည်းများကို ဈေးဝယ်ထွက်ခဲ့ရသေးသည်။ ယခင်က ဆေးရုံအတွက် လိုအပ်ချက်များကို အောက်ခြေဝန်ထမ်းများက ဆောင်ရွက်ကြသော်လည်း ဝေဘာဂီဆေးရုံသို့ ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့သူ စရောက်ပြီး နောက်တစ်ရက်မှစကာ ဧပြီလကုန်အထိ ယင်းတာဝန်ကို ဒေါ်ဇင်မျိုးထွေးနှင့် ဒေါ်ခင်မာဦးတို့က လွှဲပြောင်းယူပြီး ရန်ကုန်မြို့ထဲရှိ ဈေးများ၌ လိုအပ်သမျှကို ဦးဆောင်ရှာဖွေဝယ်ယူခဲ့ရသည်။

“အခုချိန်မှာ သူ့အလုပ် ကိုယ့်အလုပ် ခွဲနေလို့မရတော့ဘူး။ အလုပ်ဖြစ်ဖို့နဲ့ပဲ အဆင်ပြေဖို့ လုပ်ခဲ့ကြရတာ။ ကိုဗစ်လူနာဆောင်ကို တခြားသူတွေဝင်ရင် ကူးမှာ စိုးရိမ်နေရတာ။ နောက်ပြီး ဘာတွေလိုတယ်ဆိုတာ ကျွန်မတို့က သိတော့ ကျွန်မတို့ပဲ ဝယ်လိုက်တာ” ဟု ဒေါ်ဇင်မျိုးထွေးက ဆိုသည်။

နားရက်နှစ်ရက်ကို ဈေးဝယ်ခြင်းဖြင့် ကုန်ဆုံးခဲ့ရသည့် ဒေါ်ဇင်မျိုးထွေးနှင့် ဒေါ်ခင်မာဦးတို့မှာ ရှောင်ဖယ်ခံရသည့်ဖြစ်စဉ်များ မကြာခဏ ကြုံတွေ့ရသည်။ ဈေးဝယ်ပြီး ပြန်ရန် အငှားယာဉ်ငှားသည့်အခါတိုင်း “ဝေဘာဂီဆေးရုံ” ဟု သွားမည့်နေရာပြောလိုက်လျှင် ယာဉ်မောင်းများက လိုက်ပို့ပေးရန် ငြင်းပယ်ကြသည်။

“‘အားနာပါတယ် ညီမ’ ဆို မောင်းထွက်သွားကြတာ။ ဘယ်သူမှ မလိုက်ကြဘူး။ ပစ္စည်းတွေက တစ်နေရာတည်းမှာ အကုန်မရှိတဲ့အခါကျတော့ သုံး၊ လေးနေရာလောက် သွားဝယ်ရတယ်။ ပြန်တော့မယ်ဆိုရင် ငှားရင် မရဘူး” ဟု ဒေါ်ဇင်မျိုးထွေးက ဆိုသည်။

ဧပြီလ တတိယအပတ်အထိ ကားငှားရမလွယ်ကူသည့် အခက်အခဲကြုံတွေ့ရပြီးနောက် ဆေးရုံထဲမှ အသိတစ်ယောက်အကူအညီဖြင့် ကားတစ်စီးကို ပုတ်ပြတ်ခေါ်လိုက်ရသည်။

“ခွဲခြားဆက်ဆံတယ်လို့တော့ မမြင်ဘူး။ ကြောက်ကြတယ်လို့ မြင်တယ်။ သူတို့နောက်က မိသားစုရှိတော့ ကျွန်မတို့ကို လိုက်ပို့လို့ ကူးစက်မှာကို ကြောက်တတ်မှုတစ်ခုပါပဲ” ဟု ဒေါ်ခင်မာဦးက ဆိုသည်။

ယင်းသို့ ကြုံတွေ့ရသော်လည်း တခြားသော ကျန်းမာရေးဝန်ထမ်းများအား ဆေးဝါးကုသရေးအပိုင်းကို ပိုမိုအာရုံစိုက်နိုင်စေပြီး ကပ်ဘေးကာလအတွင်း အခက်အခဲမရှိ တာဝန်ထမ်းဆောင်နိုင်စေရန် ၎င်းတို့က ရည်ရွယ်သည်။ လက်ရှိတွင် ကိုဗစ်နိုင်တင်းလူနာဆောင်အတွက် လိုအပ်ချက်များ တည်ငြိမ်စပြုလာပြီဟု ဒေါ်ဇင်မျိုးထွေးက Myanmar Now ကို မေလဆန်းပိုင်းတွင် ပြောသည်။

ဝေဘာဂီဆေးရုံ၌ ကိုဗစ်နိုင်တင်းလူနာ အယောက် ၄၀ လက်ခံကုသနိုင်ပြီး လူနာခုတင်နှစ်ခုပါ အထူးကြပ်မတ်ကုသခန်း တစ်ခန်းသာရှိသည်။ ဝေဘာဂီဆေးရုံ၌ ကိုဗစ်နိုင်တင်းလူနာ ၃၁ ဦး တက်ရောက်ကုသနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန် ၃ မနက်ပိုင်းတွင် ထုတ်ပြန်သည်။

ဝေဘာဂီ၏ ပထမဆုံးကိုဗစ်နိုင်တင်းလူနာ အမှတ် (၂) သည် လန်ဒန်မြို့မှ ရန်ကုန်သို့ မတ် ၂၂ တွင် ပြန်လည်ရောက်ရှိခဲ့ပြီး မတ် ၂၃ တွင် ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲခန်းအဖြေထွက်ခဲ့ရာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသည့်နေရာမှ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်။ အဆိုပါကိုဗစ်နိုင်တင်းလူနာသည် ည ၁၂ နာရီဝန်းကျင်တွင် ဝေဘာဂီသို့ ရောက်လာခဲ့သည်။

လူနာရောက်လာချိန်တွင် ဆေးရုံမှ ပါမောက္ခ ဒေါက်တာဒေါ်စံပယ်ဖြူက လူနာအခန်းထဲသို့ ဦးဆုံးဝင်ကာ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဆရာဝန်တစ်ဦး၊ ဒေါ်ဇင်မျိုးထွေး၊ ၎င်း၏ လုပ်ဖော်ကိုင်ဖက်သူနာပြုတစ်ဦးနှင့် ဆေးရုံအလုပ်သမား နှစ်ဦးတို့က CCTV မှသာ စောင့်ကြည့်နေကြပြီး အရေးအပေါ်အခြေနေအတွက် အသင့်ပြင်ဆင်နေခဲ့ကြသည်။

ပါမောက္ခက လူနာကို တစ်နာရီခန့်ကြာအောင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အခန်းပြင်ပမှ စောင့်ကြည့်နေသည့် ဒေါ်ဇင်မျိုးထွေးတို့ ဝင်ရောက်ပြီး ယင်းလူနာကို အပူချိန်တိုင်းခြင်းနှင့် အခြားကျန်းမာရေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးရသည်။ လူနာမှာ နှလုံးခုန်နှုန်းမြန်နေသည်မှလွဲပြီး ရောဂါကြီးတစ်ခုခံစားနေရသကဲ့သို့ မဟုတ်သဖြင့် PPE ဝတ်စုံ၊ နှာခေါင်းစည်း၊ မျက်မှန်များ (Goggles) စသည့်အကာအကွယ်ပစ္စည်းများ အထပ်ထပ် ဝတ်ထားသည့် သူနာပြုများနှင့် ဆရာဝန်များကို လူနာများက မျက်နှာမမြင်ရပေ။

“သူ့ နှလုံးခုန်နှုန်းက မြန်နေတယ်။ ‘ဆရာမကို မြင်ပြီး နှလုံးခုန်နေတာ’ လို့ ပြောတယ်။ PPE ကြီးဝတ်ထားတာ မျက်နှာမမြင်ရဘဲ ပြောတော့ အခန်းထဲမှာရှိတဲ့လူတွေ အကုန်ရယ်ကြတာပေါ့။ အသံကြားတာနဲ့ နှလုံးခုန်တာလို့ နောက်တာ။ အဲဒီလို ပျော်ပျော်ပါးပါးပဲ” ဟု ကိုဗစ်နိုင်တင်းလူနာ စရောက်သည့်နေ့က ၎င်း၏ အတွေ့အကြုံကို ဒေါ်ဇင်မျိုးထွေးက ရယ်ရယ်မောမော ပြန်ပြောပြသည်။

ကိုဗစ်နိုင်တင်းလူနာများနှင့် ထိတွေ့ဆက်ဆံရသူအားလုံးသည် တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ (PPE) ဝတ်ဆင်ပြီး လူနာများမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မခံရစေရန် ကာကွယ်ကြရသည်။ သို့သော် အဆိုပါ PPE ဝတ်စုံများကို အချိန်ကြာကြာဝတ်ဆင်ထားလျှင် သက်သောင့်သက်သာ မရှိပေ။

လူနာအမှတ် (၂၅) ဦးသန့်စင်က ဆရာဝန်နှင့် သူနာပြုများသည် PPE ဝတ်ဆင်ကာ လူနာများကို လိုက်လံကြည့်ရှုကုသရသည့်အတွက် ကျန်းမာရေးဝန်ထမ်းများ အခက်အခဲကြုံရသည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း Myanmar Now ကို ပြောသည်။

“တစ်ရက်မှာ PPEဝတ်စုံဝတ်ထားတဲ့ ဆရာမတစ်ယောက်က သူ့မှာ ချွေးတွေ ထွက်လာတယ်။ မူးနေပြီ။ သူ မခံနိုင်တော့ဘူးတဲ့။ တခြား ဆရာမတွေကို ပြောနေတာ ကျွန်တော်ကြားလိုက်ပါတယ်။ သူ့ကို ဝတ်စုံပြန်ချွတ်ပြီး လူလဲပေးလိုက်ရတယ်” ဟု ဦးသန့်စင်က ပြန်ပြောင်းပြောပြသည်။

ကိုဗစ်လူနာများရှိသည့်အဆောင်သို့ ဆရာဝန်များနှင့်အတူ သူနာပြုများက မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်ဝင်ရသည်။ သို့သော် လူနာများ အရေးပေါ်အခြေအနေရှိပါကလည်း လိုအပ်သလို ဝင်ရောက်ကုသပေးရသည်။ ကိုဗစ်နိုင်တင်းလူနာများ၏ ဆေးမှတ်တမ်းများ နှင့် ကိုဗစ်လူနာဆောင်သို့ အဝင်၊ အထွက်မှတ်တမ်းများကို ဒေါ်ဇင်မျိုးထွေးတို့ သူနာပြုများက စာရင်းပြုစုရသည့်အပြင် လူနာများ စားသုံးလိုသည့် အစားအစာများကိုပါ စာရင်းပြုစုပေးရသည်။

“ကျွန်မတို့က အဆောင်ရဲ့ အိမ်ရှင်လိုဖြစ်နေတဲ့အခါကျတော့ သူတို့သွေးလာဖောက်တာ၊ ဓာတ်ခွဲခန်းက ဝန်ထမ်းတွေ၊ ဆရာဝန်တွေကိစ္စအဝဝသည် သူနာပြုတွေကပဲ တာဝန်ယူစီစဉ်ပေးတယ်။နေ့လယ်စာ ထမင်းဆိုတာလည်း ဘယ်အခန်းကို ဘာပို့ရမယ်ဆိုတာ စီစဉ်ပေးရတယ်” ဟု ဒေါ်ဇင်မျိုးထွေးက ပြောသည်။

ဝေဘာဂီဆေးရုံသို့ လာရောက်လှူဒါန်းမှုများထဲမှ ကိုဗစ်နိုင်တင်းလူနာများ စားသုံးလိုသည်များကို လူနာဆီအရောက် ဝန်ဆောင်မှုပေးနိုင်ရေးကိုလည်း ဒေါ်ဇင်မျိုးထွေးတို့ သူနာပြုများက စီမံပေးရသည်။

ဝေဘာဂီဆေးရုံမှ လူနာများအပါအဝင် ကျန်းမာရေးဝန်ထမ်းများအတွက် နေ့စဉ် ထမင်းဗူး ၂၀၀ ခန့်စီစဉ်ရသည်။ သူနာပြုများက လူနာများအတွက် စားသောက်ရေးပြင်ဆင်ချိန်တွင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရသူများထဲတွင် ဘာသာမတူသူများ၊ နိုင်ငံခြားသားများရှိနေသည့်အတွက် မတူညီသည့် ထုံတမ်းများကို အလေးထား၍ စီစဉ်ပေးရသည်ဟု ဒေါ်ဇင်မျိုးထွေးက ပြောသည်။

“ဟလ္လာဖြစ်ရဲ့လား ခွဲရတယ်။ မနက်စာဆိုလည်း အချိန်မီအောင် လုပ်ပေးရတယ်။ အဆင်မပြေသေးရင် ဘယ်အချိန်လောက်တော့ စောင့်ပေးပါလို့ တောင်းပန်ရတာပေါ့။ သူတို့လိုတာမေးပြီး အတတ်နိုင်ဆုံးတော့ သူနာပြုတွေက စီစဉ်ပေးတာပဲ” ဟု ဒေါ်ဇင်မျိုးထွေးကပြောသည်။

ထို့အတူ စားပြီးသားပန်းကန်များ၊ ဗူးများကို လာသိမ်းပေးရန် လူနာများ တောင်းဆိုသည့်အခါတွင်လည်း သူနာပြုများက သန့်ရှင်းရေးလုပ်ပေးကြရသည်ဟု ဒေါ်ခင်မာဦးက ဆိုသည်။ လူနာရှိသည့်အခန်းထဲသို့ ဝင်လျှင် PPE ဝတ်စုံများ မဖြစ်မနေ ဝတ်ရသည့်အတွက် အကာအကွယ်ပစ္စည်းများ အသုံးပြုမှုကို လျှော့ချရန် သန့်ရှင်းရေးနှင့် အလုပ်သမားများကို မဖြစ်မနေကိစ္စများမှ လွဲပြီး လူနာခန်းထဲသို့ သွားရောက် မလုပ်စေလိုခြင်းဖြစ်သည်။

“ဆရာဝန်လုပ်မှ ရမယ့်ဟာတစ်ခုပဲ ကျွန်မတို့ မလုပ်ရတာ။ အမှိုက်ဆိုလည်း ပစ်ရတာပဲ။ ကိုဗစ်လူနာနဲ့ HIV လူနာနဲ့ ခြားနားချက်ကတော့ ကိုဗစ်လူနာမှာ သူနာပြုတွေက ‘က’ အစ ‘အ’အဆုံးပဲ။ သန့်ရှင်းရေးလုပ်တာ ကျွန်မတို့ မလုပ်ဘူး။ ဒါပေမဲ့ အခုချိန်မှာ အားလုံးက အလုပ်ရှုပ်နေတော့ ကျွန်မတို့ လျစ်လျူရှုလို့ မရဘူး” ဟု ဒေါ်ခင်မာဦးက ဆိုသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါမှာ တစ်ကမ္ဘာလုံးအတွက် မကြုံဖူးသည့် ရောဂါဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများသည် လူနာများကို ပြုစုစောင့်ရှောက်ရင်း ရောဂါကူးစက်ခံရမည်ကို စိုးရိမ်သည်မှာ သဘာဝပင်ဖြစ်သည်။ မိသားစုနေထိုင်မှုပုံစံပြောင်းလဲလိုက်ရသည့်အပြင် ရောဂါပိုးကူးစက်ခံရမည်ကိုလည်း ၎င်း၏ မိဘများက စိုးရိမ်သဖြင့် ၎င်းကို အလုပ်ထွက်ရန် တိုက်တွန်းခဲ့ဖူးသည်ဟု ဒေါ်ဇင်မျိုးထွေးက ပြောသည်။

“မိသားစုကိုလည်း တစ်ခါတည်း ရှင်းပြထားလိုက်တယ်။ ကျွန်မကတော့ (အလုပ်)မထွက်ဘူးလို့။ လုပ်နေရင်းနဲ့ လိုအပ်တာတွေ ကို သိသွားတယ်။ ကျွန်မမှာ လုပ်ပေးချင်တဲ့စိတ် ပိုများလာတော့ မထွက်တော့ဘူး” ဟု ၎င်းက ပြောသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading