ကိုကျော်ဝင်းသန့်သည် အားလုံးကို သိမ်းကျုံးပြောခဲ့သည်မှလွဲလျှင် ၎င်းဝေဖန်သလို အကျင့်ပျက်စီးသည့် ရဟန်းများရှိသည်မှာ မှန်သည်ဟု မန္တလေးမြို့ခံ ဆရာတော်တစ်ပါးက မိန့်သည်
မျိုးဆက်ပွားကျန်းမာရေး သင်ရိုးအပေါ်အငြင်းပွားရာမှ လူမှုကွန်ရက်ပေါ်တွင် သံဃာများကို ရိုင်းပျစွာဝေဖန်ခဲ့သည်ဆိုကာ သာသနာညှိုးနွမ်းစေမှု ဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ကိုကျော်ဝင်းသန့်ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် ၉ လ ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။
အသက် ၃၁ နှစ်အရွယ် မိတ္ထီလာမြို့ခံဆရာဝန်တစ်ဦးဖြစ်သည့် အဆိုပါ Kyaw Win Thant အကောင့်ပိုင်ရှင် ကိုကျော်ဝင်းသန့်မှာ ၂၀၂၀- ၂၀၂၁ စာသင်နှစ်တွင် စတင်သင်ကြားမည့် အခြေခံပညာသင်ရိုးသစ်တွင်ပါရှိသည့် မျိုးဆက်ပွားကျန်းမာရေးသင်ရိုးအပေါ် ဝေဖန်ရေးသားသည့် သံဃာများကို ပြန်လည်ရေးသားရာမှ မေ ၁၇ တွင် ပြဿနာစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းရေးသားခဲ့သည့်စာများတွင် “ကတုံးတွေက Sex Education ဘယ်သိမလဲ သူတို့မှမသင်ဖူးတာ အာ့တော့ မြန်မာ့ယဉ်ကျေးမှုဘာညာ ဝင်ရောင်းတော့တာပေါ့” “စောက်လုပ်လဲ လုပ်မစားဘူး …. လှူတာအလကားစား တော်ကီပွားတယ်” ဟုလည်းကောင်း၊ “လူတွေလုပ်သမျှလည်း လိုက်လုပ်တယ် ဖာတန်းလည်းသွား အောကားလည်းကြည့် ဘောလုံးပွဲလည်းလောင်း ဒိုင်တောင်ကိုင်သေး” စသဖြင့် ဝေဖန်ရေးသားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့သံဃာများအပေါ် ဝေဖန်သည့်စာများ လူမှုကွန်ရက်ပေါ်တွင် ရေးတင်ခဲ့ပြီးနောက် မိတ္ထီလာမြို့လူထုအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် မေ ၁၉ တွင် ကိုကျော်ဝင်းသန့်က မိတ္ထီလာမြို့နယ် အောင်ဇေယျာရပ်ကွက်ရှိ ကိုးနဝင်းကျောင်းတိုက်တွင် မြို့နေသံဃာများကို ဝန်ချတောင်းပန်ပွဲ ပြုလုပ်ခဲ့သည်။
သို့သော် ယင်းတောင်းပန်ပွဲသို့ လူအများအပြားရောက်ရှိလာပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ရာမှ ၎င်းကိုတရားစွဲဆိုရန်အထိ ဖြစ်ခဲ့ပြီး ယင်းနေ့တွင်ပင် မိတ္ထီလာရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းခဲ့သော်လည်း လုံခြုံရေးကြောင့် ယင်းနေ့တွင်ပင် မန္တလေးအိုးဘိုထောင်သို့ လွှဲပြောင်းခဲ့သည်။
၎င်းကို ပုဒ်မ ၂၉၄ (ခ)အရ ထောင်ဒဏ် ၃ လနှင့် ပုဒ်မ ၂၉၅ (က) အရ ၁ နှစ် ၆ လ သီးခြားစီကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဘုန်းကြီးများကို ဆဲဆိုသည့် အသုံးအနှုန်းသုံးစွဲခဲ့မှုကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄ (က)ဖြင့်လည်းကောင်း၊ သူတပါး၏ဘာသာရေးစိတ်ကို နာကြည်းစေအောင်ပြုလုပ်ကြောင်း ပေါ်ပေါက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၂၉၅ (ခ) အရလည်းကောင်း တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ချမ်းအေးသာစံ မြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းကဆိုသည်။
၎င်းကိုမန္တလေးခရိုင်သာသနာရေးဦးစီးမှူး ဦးတင်မောင်အေး တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုကို တရားရုံးက သက်သေ ၅ ယောက် ကြားနာစစ်ဆေးခဲ့ကြောင်း ၎င်းကဆိုသည်။
“တရားခံက ဝန်ခံတဲ့အတွက်သူ့ကိုထောင်ဒဏ် စုစုပေါင်း ၁ နှစ် ၉ လ အမိန့်ချမှတ်ခဲ့တယ်” ဟု၎င်းကဆိုသည်။
ယင်းသို့အမိန့်ချမှတ်မှုအပေါ် မန္တလေးမြို့ခံဆရာတော် ဦးသောဘိတက ၎င်းပြောဆိုမှုမှာ ဝေဖန်သည်ထက် အကုန်လုံးကိုသိမ်းကျုံး စွပ်စွဲစော်ကားသလို ဖြစ်သွားကြောင်း အကြောင်းအကျိုးကို ယဉ်ယဉ်ကျေးကျေးဖြင့် ပြောဆိုဝေဖန်သင့်ကြောင်း မိန့်သည်။
“အခုချမှတ်လိုက်တဲ့ အမိန့်ဟာမျှတတယ်လိုတော့ ဦးပဉ္စင်းတို့ယူဆတယ်။ အခုလိုမျိုး တစ်သာသနာလုံးကို သိမ်းကျုံးပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာမျိုးကတော့ ဘယ်ဘာသာရေးပဲဖြစ်ဖြစ် နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးလို့ ဦးပဉ္စင်းတို့မြင်ပါတယ်” ဟု ၎င်းကမိန့်သည်။
မန္တလေးမြို့ခံ ဆရာတော်တစ်ပါးပင်ဖြစ်သည့် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသကမူ ကိုကျော်ဝင်းသန့်ပြောသည်များထဲတွင် မှန်သည့်အချက်များပါကြောင်း၊ ဝေဖန်ခြင်းကိုကြိုဆိုကြောင်း မိန့်သည်။
“သူက အကုန်လုံးပတ်ဆဲသလို ဖြစ်သွားတာ၊ အဲဒါ နည်းနည်းပိုဆိုးသွားတာ၊ အပြစ်လွတ်အောင် ပြောလို့ရပါတယ်။ ဝေဖန်လို့ရပါတယ်၊ ဝေဖန်တာကို ဦးပဉ္စင်းတို့က အရမ်းကြိုဆိုပါတယ်၊ ဝေဖန်မှ အမှားတွေ လျော့ပါးနိုင်မယ်၊ ဘုန်းကြီးတို့ထဲမှာလည်း သူဝေဖန်သလို လောင်းကစားလုပ်၊ မကောင်းတာလိုက်စားတဲ့ ဘုန်းကြီးတွေ အများကြီးပါ၊ ဒါမျိုးဝေဖန်မှမလုပ်ရဲမှာ၊ မပြောဘဲနေကြရင် သာသနာပျက်စီးမယ်လေ” ဟု ဆရာတော်က မိန့်သည်။
ယင်းသို့အမိန့်ချမှတ်မှုမှာ ဖြစ်သင့်ကြောင်း သို့သော် တရားစွဲဆိုမှုမှာ လူပုဂ္ဂိုလ်များ၏အလုပ်သာဖြစ်ပြီး ဘုန်းကြီးများက ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ဆရာတော်ကမှတ်ချက်ပြုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











