ဦးပိုင်မိတ်ဖက်ကုမ္ပဏီ စတော့အိတ်ချိန်းဝင်သည့်အပေါ် အဂတိမကင်းမှုများ ဖြစ်လာနိုင်ဟု ဝေဖန်ခံရ

Ever Flow River ၏ ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းတွင် ဦးပိုင်ကရှယ်ယာအများစုပိုင်ပြီး အကောက်ခွန်ညွှန်ချုပ်နှင့် ဆိပ်ကမ်းအာဏာပိုင် အကြီးအကဲတို့က ဦးပိုင်၏ ဒါရိုက်တာများ ဖြစ်နေသည်

Published on May 28, 2020
ရန်ကုန်စတော့အိတ်ချိန်း (YSX) အဆောက်အအုံ (ဓာတ်ပုံ- ရိုက်တာ)
ရန်ကုန်စတော့အိတ်ချိန်း (YSX) အဆောက်အအုံ (ဓာတ်ပုံ- ရိုက်တာ)

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီးပွားရေးမိတ်ဖက်တစ်ခုဖြစ်သည့် ထာဝရနဒီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစု (Ever Flow River Group) ကို ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ရှယ်ယာအရောင်းအဝယ်ပြုရန် စာရင်းဝင်ကုမ္ပဏီအဖြစ် သတ်မှတ်လိုက်ခြင်းသည် ကြီးမားသော အဂတိမှုများ ပေါ်ပေါက်လာနိုင်စေသည်ဟု မြန်မာနိုင်ငံအတွက် တရားမျှတမှုအဖွဲ့ (Justice for Myanmar) က ပြောသည်။

EFR လုပ်ငန်းစုသည် မေ ၂၈ မှ စတင်ကာ ရန်ကုန်စတော့အိတ်ချိန်းတွင်ဆဌမမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် ရှယ်ယာအရောင်းအဝယ်များ စတင်လုပ်ဆောင်သွားမည်ဖြစ်သည်။ 

EFR လုပ်ငန်းစုသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စီးပွားရေးလက်ခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့် အမေရိကန်ဒေါ်လာ ၄၃ သန်းတန် Hlaing Inland Terminal and Logistics- HITLC အမည်ရှိ ကုန်းတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါ ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းမှာ လှိုင်သာယာမြို့နယ်အတွင်းရှိ အောင်ဇေယျနှင့် ရွှေပြည်သာတံတားများအနီးတွင် တည်ရှိသည်။ 

ရန်ကုန်စတော့အိတ်ချိန်းထံသို့ တင်ပြထားသည့် EFR ၏ ဖွင့်ဟကြေညာစာတမ်း (Disclosure Documents) ပါ မှတ်တမ်းများအရ အဆိုပါ HITLC ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို EFR က ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို လန်းပြီရေကြောင်းက ပိုင်ဆိုင်ထားသည်။ HITLC သည် ထောက်ပံ့ပို့ဆောင်ရေး၊ ပစ္စည်းသိုလှောင်ရုံဝန်ဆောင်မှုများအပြင် ဆိပ်ကမ်းနှင့် အကောက်ခွန်လုပ်ငန်းများကိုပါ ဝန်ဆောင်မှု ပေးမည်ဟုလည်း သိရသည်။ 

စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာများအနက် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီး ဗိုလ်မှူးဟောင်း ဦးနီအောင်သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သည်။ 

လန်းပြီနှင့် EFR တို့၏ ဖက်စပ်လုပ်ငန်းမှတစ်ဆင့် ဦးပိုင်၏ ဒါရိုက်တာများဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် ဗိုလ်မှူးဟောင်း ဦးနီအောင်တို့သည် တိုက်ရိုက်အကျိုးအမြတ်များ ရရှိနိုင်သဖြင့် ကြီးမားသော အကျိုးစီးပွားပဋိပက္ခများ ပေါ်ပေါက်လာလိမ့်မည်ဟု Justice for Myanmar က မေ ၂၅ ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

ထို့အပြင် HITCL စီမံကိန်းတွင် အကောက်ခွန်၊ ပစ္စည်းသိုလှောင်ရုံနှင့် ဆိပ်ကမ်းဝန်ဆောင်မှုများ ပါဝင်ခြင်းသည် အဂတိလိုက်စားမှုအန္တရာယ်ကို မြင့်မားစေသည်ဟုလည်း အဆိုပါလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။ 

“ရန်ကုန်စတော့အိတ်ချိန်းက EFR ရဲ့ စာရင်းတင်သွင်းမှုကို လက်ခံပေးလိုက်တာဟာ ထိတ်လန့်စရာပဲ ဖြစ်ပါတယ်။ ဒီလိုအတည်ပြုပေးလိုက်တာဟာ စတော့အိတ်ချိန်းရဲ့ စောင့်ကြည့်ဆန်းစစ်မှု (Due Diligence) စံနှုန်းနဲ့ စစ်တပ်နဲ့ ခရိုနီတွေရဲ့ ဩဇာလွှမ်းမိုးမှုကနေ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အတွက် စိုးရိမ်ဖွယ်ရာ အလွန်ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်” ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

အဆိုပါအချက်ကို ထောက်ခံသူမှာ တပ်မတော်အကြောင်း၊ ၎င်း၏ စီးပွားရေးလုပ်ငန်းများအကြောင်း ထဲထဲဝင်ဝင် လေ့လာဖူးသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးရှေ့နေ ခရစ္စ ဆီဒေါ်တီ Chris Sidoti ဖြစ်သည်။

ဦးကျော်ထင်နှင့် ဦးနီအောင်တို့သည် “အကျိုးစီးပွားပဋိပက္ခမရှိပါဘူးလို့ ငြင်းဖို့မလွယ်တဲ့အနေအထားမှာ ရှိသွားပါတယ်။ ဒါကနေ အဂတိတရားဖြစ်နိုင်ခြေ ပေါ်ထွက်လာမှာဖြစ်ပါတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။ အစိုးရ အနေဖြင့် ၎င်းတို့နှစ်ဦးအား တစ်ခုခုကိုရွေးချယ်ခိုင်းရမည်ဖြစ်ကြောင်း၊ “လက်ရှိဌာနဆိုင်ရာရာထူးတွေကနေ နုတ်ထွက်ရင် ထွက်၊ (ဦးပိုင်) ဒါရိုက်တာတွေအဖြစ်ကနေ နုတ်ထွက်ရင်ထွက်” ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

EFR ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်မင်းဟန်ထံမှ မှတ်ချက်ရရန် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။ ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်လွင်ဦးထံမှ မှတ်ချက်တောင်းခံခဲ့သော်လည်း အကြောင်းမပြန်ခဲ့ပါ။

ဦးပိုင် အထွေထွေမန်နေဂျာ ဦးလှမျိုးကမူ အဆိုပါအငြိမ်းစားတပ်မတော်အရာရှိများသည်  ၎င်းတို့၏ ဌာနဆိုင်ရာ ရာထူးများဖြင့် စီးပွားရေးကိစ္စလုပ်ငန်းများအပေါ် လွှမ်းမိုးမှုမရှိကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် HITLC တွင် မပါဝင်ကြောင်းလည်း အခိုင်အမာပြောသည်။

အကောက်ခွန်ဦးစီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်တွင်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအောက်တွင် ရှိသည်။ ဦးကျော်ထင်နှင့် ဦးနီအောင်တို့နှစ်ဦးစလုံး ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်မှုကို သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုစလုံးထံမှ သဘောထား ခွင့်ပြုချက်ယူခဲ့ပြီးဖြစ်သည်ဟု ဦးလှမျိုးက Myanmar Now ကို ပြောသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးထွန်းထွန်းနိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ဦးကျော်ထင်ကို ခန့်အပ်အဆိုပြုရန် ဝန်ကြီးဌာန၏ သဘောထားခွင့်ပြုချက် ရထားခြင်း ရှိမရှိ ၎င်းအနေဖြင့် မသိသလို ဦးကျော်ထင်က ဦးပိုင် ဒါရိုက်တာအဖွဲ့တွင် ပါဝင်နေသည်ကိုလည်း မသိထားကြောင်း ပြောသည်။

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုဝန်ကြီးများထံ တင်ပြပြီး ဦးကျော်ထင်အနေဖြင့် ထိုကဲ့သို့ လုပ်ခွင့် ရှိမရှိကို ဆွေးနွေးမည်ဟု ပြောသည်။

“အခုလိုမျိုး အကျိုးစီးပွားပဋိပက္ခဖြစ်တဲ့အနေအထားကို ခွင့်ပြုသင့်မသင့် ဆုံးဖြတ်ရမှာက ဦးပိုင်နဲ့အစိုးရအဖွဲ့တို့ပဲ ဖြစ်ပါတယ်၊ EFR မဟုတ်ပါဘူး။ ဆိုလိုတာက ဦးနီအောင်နဲ့ ဦးကျော်ထင်တို့အနေနဲ့ ဦးပိုင်ဒါရိုက်တာဘုတ်ကနေ နုတ်ထွက်မလား၊ သို့မဟုတ် ကြီးကြပ်ရတဲ့ အစိုးရဌာနဆိုင်ရာ ရာထူးတွေကနေပဲ သူတို့ကို အစိုးရက နုတ်ထွက်ခိုင်းမလားပေါ့” ဟု မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ မစ္စဗစ်ကီဘိုးမင်း (Vicky Bowman) က ပြောသည်။

အဆိုပါ အနေအထားသည် EFR ကို ထိခိုက်နိုင်သလို စတော့အိတ်ချိန်းမှတစ်ဆင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတိုးပွားနိုင်စွမ်းကိုလည်း ထိခိုက်နိုင်သည်။

“လန်းပြီ ဒါမှမဟုတ် ဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စဉ်းစားတဲ့ ဘယ်ကုမ္ပဏီမဆို သူတို့ရဲ့မိတ်ဖက်ဖြစ်လာမယ့်ကုမ္ပဏီနဲ့ ပတ်သက်ပြီး စောင့်ကြည့်ဆန်းစစ်မှု (due diligence) မှာ ဒီ အကျိုးစီးပွားပဋိပက္ခဟာ အန္တရာယ်များတယ်ဆိုတဲ့ အဖြေထွက်မှာပဲ” ဟု မစ္စဘိုးမင်းက ဆိုသည်။

“တချို့ကုမ္ပဏီတွေကတော့ ဒီအကျိုးစီးပွားပဋိပက္ခကြောင့် ပူးပေါင်းဖို့ ဆိုင်းကောင်း ဆိုင်းသွားနိုင်တယ်။ ဒါပေမဲ့ EFR ကတော့ နောက်မဆုတ်ဘဲ ပူးပေါင်းခဲ့တာ အထင်အရှားပဲ… ဒါဟာ သူတို့ရဲ့ စီးပွားရေးရွေးချယ်မှုပါ။ ပြီးတော့ ဒါက တရားဝင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

YSX ထံတင်ပြရသည့် ဖြစ်နိုင်ဖွယ်ရာစီးပွားရေးဆုံးရှုံးနိုင်ခြေများပါ အသေးစိတ်ဖော်ပြချက် အပိုင်းတွင်မူ EFR သည် ၂၀၁၉ ဩဂုတ်လထုတ် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး မစ်ရှင် အစီရင်ခံစာကို မဖော်ပြခဲ့ပေ။ ၎င်းအစီရင်ခံစာတွင် HITLC ၊ ဦးပိုင်နှင့် လန်းပြီပင်လယ်ရေကြောင်းတို့ကို စီးပွားရေးတွဲဖက်မလုပ်သင့်သည့် ကုမ္ပဏီစာရင်းတွင် ထည့်သွင်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာချိန်မှစကာ တပ်မတော်၏ တရားဝင်ခွင့်ပြု ဘတ်ဂျက် သည် တဖြည်းဖြည်းလျော့ကျလာခဲ့ရာ ၎င်းအနေဖြင့် ပြည်တွင်းစီးပွားရေးကွန်ရက်ကြီးအပေါ် ပိုမို မှီခိုလာခဲ့ရကာ တိုင်းရင်းသားဒေသများ၌ စစ်ပွဲများ ဆင်နွှဲပြီး မုဒိမ်းမှု၊ လိင်ကျွန်ပြုကျင့်မှုနှင့် နှိပ်စက် ညှဉ်းပန်းမှုများအပါအဝင် “အပြည်ပြည်ဆိုင်ရာဥပဒေအရ အကြီးလေးဆုံးသောပြစ်မှုများ” ကို ဆက်လက် ကျူးလွန်နေကြောင်း အဆိုပါ ကုလသမဂ္ဂအစီရင်ခံစာက ဆိုထားသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်၏ နိုင်ငံတကာကျွမ်းကျင်ပညာရှင်သုံးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဆီဒေါတီကမူ “အဲဒီအကြံပြုချက်ကို EFR က လျစ်လျူရှုနေတဲ့အတွက် သိပ်ကိုစိတ်ပျက်ရပါတယ်” ဟု ပြောသည်။

“လက်တွေ့မှာတော့ EFR ဟာ မြန်မာတပ်မတော်ရဲ့ စီးပွားရေးမိတ်ဖက် ဖြစ်ပါတယ်။ သူတို့ဟာ ဗိုလ်ချုပ်တွေနဲ့ တစ်ဂိုဏ်းတည်း” ဟု ၎င်းကပြောသည်။

“EFR ကုမ္ပဏီ စတော့အိတ်ချိန်းစာရင်းဝင်ဖြစ်တဲ့အခါ ရှယ်ယာတွေဝယ်ဖို့ စဉ်းစားနေသူတွေအနေနဲ့ သတိထားသင့်ပါတယ်။ သူတို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေတွေဟာ ဗိုလ်ချုပ်တွေကိုပဲ ပိုမိုအားဖြစ်ထွန်း သွားစေမယ်ဆိုတာ နားလည်သင့်ပါတယ်။ နောက်ပြီး သူတို့ရင်းနှီးမြှုပ်နှံလိုက်တဲ့ ကုမ္ပဏီဟာ အဂတိမကင်းတဲ့ အလုပ်တွေမှာပါဝင်ပတ်သက်နေနိုင်တဲ့ ကုမ္ပဏီတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတယ် ဆိုတာကိုလည်း နားလည်သင့်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အချက်များကို EFGR ၏ ဖွင့်ဟကြေငြာချက် (Disclosure) စာရွက်စာတမ်းတွင် မဖော်ပြဘဲထားခဲ့သော်လည်း “EFR ၏ (စာရင်းဝင်ဖြစ်ရေး) တင်ပြချက်သည် YSX ၏ စာရင်းဝင်ကုမ္ပဏီဖြစ်ရေးဆိုင်ရာ လိုအပ်သည့် တင်ပြချက်စံနှုန်းအရကြည့်လျှင် အလွန်ပင် ပြည့်စုံပြီး ထောင့်စေ့အောင်ပြုစုထားသည်ကို ဖတ်ရှုရသည်" ဟု မစ္စဘိုးမင်းက ပြောသည်။

ထိုတင်ပြချက်ထဲတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကုမ္ပဏီ၏အနာဂတ်အကျိုးအမြတ်ဖြစ်နိုင်စွမ်းအပေါ် ထိခိုက်နိုင်ခြေရှိသည်ဟူ၍ ကုမ္ပဏီက ထည့်သွင်းထားသည်။

"တိုင်းရင်းသားများနှင့် ကိုးကွယ်မှုဘာသာ မတူညီသူများအကြား တင်းမာမှုများသည်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခြေအနေ တည်ငြိမ်မှုတို့အတွက် အဟန့်အတားဖြစ်စေပါသည်” ဟု တင်ပြချက်တွင် တွေ့ရသည်။

ထို့အပြင် အဆိုပါပဋိပက္ခများကို တပ်မတော်က မည်သို့ကိုင်တွယ်မည်လဲဆိုသည့်အပေါ်မူတည်ကာ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတကာအရေးယူဒဏ်ခတ်မှုများ၏ အကျိုးဆက်ကိုလည်း သတိပေးထားသည်။

“သူတို့နဲ့ ဖက်စပ်လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေနဲ့ ဆက်စပ်ပြီး ဆုံးရှုံးနိုင်ခြေတွေကို ခြုံငုံဖော်ပြထားပါတယ်” ဟု မစ္စဘိုးမင်းက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးကမူ EFR သည် စာရင်းဝင်ကုမ္ပဏီ ဖြစ်ရေးအတွက် လိုအပ်သည့် အချက်အလက်များအားလုံးပြည့်စုံသည့်အတွက် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

၎င်း၏ ဆိပ်ကမ်းအသစ်ပြီးစီးသည့်အခါ တစ်နှစ်လျှင် ကုန်သေတ္တာ ၃၅,၀၀၀ မှ ၇၀,၀၀၀ အထိ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု EFR က ခန့်မှန်းထားသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် EFR သည် ဝင်ငွေ ကျပ် ၁၉ ဘီလျံ ရရှိခဲ့သည်ဟုလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။ 

(မူလသတင်းတွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံမှာ Hlaing Inland Terminal and Logistics Center- HITLC စီမံကိန်းနေရာ မဟုတ်သည့်အတွက် သတင်းဓာတ်ပုံကို ပြန်လည်ပြင်ဆင်ထားပါသည်။ မှားယွင်းမှုအတွက် တောင်းပန်ပါသည်)

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading