မကြာခင် အိမ်ပြန်ဖို့နီးလာသည့် ကချင်စစ်ဘေးရှောင်များ တကယ်အဆင်သင့်ဖြစ်ရဲ့လား

နေရပ်ပြန်ရန် လမ်းစပေါ်လာသော်လည်း မူလနေရပ်တွင် လုံခြုံစွာနေနိုင်ရေး၊ မြေမြှုပ်မိုင်းအန္တရာယ်၊ လယ်ယာမြေပြန်လည်ပိုင်ဆိုင်ရေးဆိုင်ရာ မေးခွန်းများကို တာဝန်ရှိသူများဖြေရန်ရှိသေးသည်

Published on May 28, 2020
ဒေါ်လုတောင်ကို ဝိုင်းမော်မြို့နယ် မိုင်းနား စိန့်ဂျိုးဇက် စစ်ရှောင်စခန်းရှိ ၎င်း၏ အခန်းအတွင်း၌ မတ် ၉ က တွေ့ရစဉ်။ အဆိုပါအခန်းငယ်အတွင်း၌ ဒေါ်လုတောင်တို့ မိသားစုဝင်ခြောက်ဦး အတူတူ နေထိုင်ကြသည်  (ဓာတ်ပုံ- ချမ်းသာ/ Myanmar Now)
ဒေါ်လုတောင်ကို ဝိုင်းမော်မြို့နယ် မိုင်းနား စိန့်ဂျိုးဇက် စစ်ရှောင်စခန်းရှိ ၎င်း၏ အခန်းအတွင်း၌ မတ် ၉ က တွေ့ရစဉ်။ အဆိုပါအခန်းငယ်အတွင်း၌ ဒေါ်လုတောင်တို့ မိသားစုဝင်ခြောက်ဦး အတူတူ နေထိုင်ကြသည် (ဓာတ်ပုံ- ချမ်းသာ/ Myanmar Now)

အိမ်သစ်တက်ပွဲပင်မကျင်းပရခင် စွန့်ခွာခဲ့ရသည့် သူ့အိမ်ကို ကိုးနှစ်နီးပါးအကြာ ပြီးခဲ့သည့် မတ်လအတွင်း ဒေါ်လုတောင် ပထမဆုံးအကြိမ်ပြန်ရောက်သည်။ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ရွာရှိ သူ့ခြံဝင်းသည် သစ်ပင်များမရှိတော့ဘဲ ပြောင်ရှင်းနေသည်။ မိသားစုခြောက်ယောက် နေဖို့ ပြင်ဆောက်ထားခဲ့သည့်အိမ်ပေါ်တွင် လမ်းပြင်လုပ်သားများ နေထိုင်နေကြသည်။

အစိုးရနှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ၁၇ နှစ်တိုင်ရရှိခဲ့သည့် ငြိမ်းချမ်းရေး ပျက်စီးသွားခဲ့သည့် ၂၀၁၁ ဇွန်လမှာပင် ဒေါ်လုတောင်သည် အခြားရွာသားများနည်းတူ အိမ်နှင့်ရွာကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။ ကိုးနှစ်အကြာမှာ ပထမဆုံးအကြိမ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းနံဘေးရှိရွာကိုပြန်ရောက်အပြီး ခြံနှင့်အိမ်ကိုမြင်တော့ မျက်ရည်များဝဲလာကာ ကချင်စကားဖြင့် တတွတ်တွတ်ညည်းတွားသည်။

တပ်စခန်းများနှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို ကြောက်သဖြင့် ကိုးနှစ်ခန့် ကြာအောင် ရွာအနားမသီနိုင်ခဲ့သည့် ဒေါ်လုတောင်သည် ပထမဆုံးအကြိမ် အိမ်ပြန်အရောက်တွင် ရွာမှာမျက်နှာစိမ်းများ နေထိုင်နေသည်ကို တွေ့ခဲ့ရသလို ချုံနွယ်နှင့် သစ်ပင်ကြီးများ ဖုံးအုပ်ကာ ပျက်စီးနေသည့် အိမ်များ၊ ထရံမရှိတော့သည့် အိမ်တိုင်များဖြင့် တောအုပ်ပမာ တိတ်ဆိတ်ခြောက်ကပ်နေသည့် ရွာကိုလည်း မမှတ်မိနိုင် ဖြစ်နေခဲ့သည်။

“ဘာမှ မရှိတော့ဘူး။ မနည်းလုပ်ထားရတဲ့အိမ်။ အခု မလုပ်နိုင်တော့ဘူး” ဟု ယိုယွင်းနေသည့် ၎င်း၏ အိမ်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ဒေါ်လုတောင်က Myanmar Now ကိုပြောသည်။

တပ်မတော်နှင့် KIA တို့၏ တစ်ကျော့ပြန်စစ်ပွဲများကြောင့် ကချင်တိုင်းရင်းသား ၁၂၀,၀၀၀ နီးပါးသည် ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ စစ်ရှောင်စခန်း ၁၇၇ ခုတွင် ခိုလှုံနေကြရသည်မှာ ကိုးနှစ်ရှိပြီဖြစ်သည်။ ကချင်ပြည်နယ်တွင် ၂၀၁၈ နှစ်လယ်နောက်ပိုင်း တိုက်ပွဲများပြင်းပြင်းထန်ထန် မဖြစ်ပွားတော့သော်လည်း စစ်ရှောင်အများစုမှာ စခန်းများမှာပင် ဆက်လက်နေထိုင်ရဆဲဖြစ်သည်။

အစိုးရနှင့် KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ထင်ရှားပြတ်သားသည့် ရလဒ်များ ထွက်ပေါ်မလာသေးသော်လည်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် နိုင်ငံတစ်ဝန်းရှိ စစ်ဘေးရှောင်များကို ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည် ပို့ဆောင်နိုင်ရေးကို ၂၀၁၇ နှောင်းပိုင်းကတည်းက စီစဉ်လျက်ရှိသည်။ နေရပ်ပြန်ပို့ရန် လျာထားခံရသည့် စစ်ဘေးရှောင်များအနက် ယခု အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်လုတောင်နှင့် ၎င်း၏မိသားစုလည်း ပါဝင်သည်။

ဆယ်စုနှစ်တစ်ခုနီးပါးအကြာတွင် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရန် လမ်းစပေါ်လာသော်လည်း မူလနေရပ်တွင် လုံခြုံစွာနေနိုင်ရေး၊ တပ်စခန်းများရုပ်သိမ်းရေး၊ မြေမြှုပ်မိုင်းအန္တရာယ်၊ ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများကို မူလအတိုင်း ပြန်လည်ခံစားခွင့် ရရှိပါ့မလားဟူသည့် မေးခွန်းများက မဖြေရသေးဘဲ ရှိနေသည်။

နေရပ်ပြန်ပို့ရေး အစီအစဉ်

တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ပိတ်သိမ်းပြီး စစ်ဘေးရှောင်များကို ပြန်လည်နေရာချထားနိုင်ရေး အတွက် NLD အစိုးရသည် “အမျိုးသားအဆင့်မဟာဗျူဟာ” တစ်ရပ်ကို ကုလသမဂ္ဂ၊ လူမှုရေးအဖွဲ့အစည်း များ၊ စစ်ရှောင်စခန်းများမှပြည်သူများနှင့် အတူ ပူးပေါင်း ရေးဆွဲလျက်ရှိသည်။

ကချင်၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်လေးခုတွင် စစ်ရှောင်စခန်း ၁၂၀ ကျော်၊ စစ်ရှောင်ပြည်သူဦးရေ နှစ်သိန်းခွဲကျော်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိန်းဂဏန်းများက ဆိုသည်။ ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြစ်ပွားနေဆဲပဋိပက္ခများကြောင့် စစ်ရှောင်ဦးရေမှာ နေ့စဉ် တိုးလျက်ရှိသဖြင့် ထိုကိန်းဂဏန်းများက ပြောင်းလဲနိုင်သေးသည်။ မည်သို့ဆိုစေ ကချင်နှင့်ရှမ်းမြောက်ရှိ စစ်ရှောင် ကချင်ပြည်သူများချည်းပင် တစ်နိုင်ငံလုံးအရေအတွက်၏ တစ်ဝက်နီးပါးရှိနေသည်။

ကချင်ဘာသာရေးခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသည့် ကချင်လူသားချင်းစာနာမှုကော်မတီ (KHCC) သည် စစ်ဘေးရှောင်များအရေး အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် ၂၀၁၇ ကတည်းက အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ကချင်စစ်ဘေးရှောင်များ၏ သဘောထားကို KHCC က ရယူပြီးနောက် တိုက်ပွဲများကြောင့် စွန့်ခွာခဲ့ရသည့် ကချင်ပြည်သူတို့၏ ရွာပေါင်း ၂၀၀ ကျော်ကို ၂၀၁၈ တွင် ကွင်းဆင်းလေ့လာကာ ပြန်လည်နေထိုင်ရန် သင့်မသင့် စစ်တမ်းကောက်ယူခဲ့သည်။

တိုက်ပွဲမဖြစ်ပွားခဲ့သည့် ရွာများ၊ ရွာသားအချို့ နေထိုင်နေသည့် ရွာများနှင့် အစိုးရနှင့် KIA နှစ်ဖက်အုပ်ချုပ်မှု မရောထွေးသည့် ရွာများဟူ၍ ခွဲခြားပြီးစစ်တမ်းကောက်ယူခဲ့ရာ ပြန်လည်နေထိုင်နိုင်သည့် ကချင်ရွာ ၂၄ ရွာကို တွေ့ရှိခဲ့သည့်အနက် လက်နက်ကိုင်တပ်ဖွဲ့များမရှိသည့်အပြင် နေအိမ်အပျက်အစီး နည်းပါးသည့် ကချင်ရွာ ၁၇ ရွာမှ စစ်ဘေးရှောင် ဒုက္ခသည် ၁၀,၀၀၀ ခန့်ကို ပြန်ပို့ရန်စီစဉ်ခဲ့ကြသည်။

ကချင်စစ်ဘေးရှောင်များနေရပ်ပြန်ပို့ရေး ဆွေးနွေးရန် အစိုးရနှင့် NRPC ထံ ယခုနှစ်ဆန်းပိုင်းကတည်းက တင်ပြထားသော်လည်း တွေ့ဆုံမည့်ရက်မရသေးကြောင်း KHCC တွဲဖက်အတွင်းရေးမှူး ဖာသာရ် နော်လတ်က ပြောသည်။ လက်ရှိ ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါကြောင့် မေလအတွင်း ပြန်ပို့ရန် လျာထားသည့် စစ်ဘေးရှောင်များနေရပ်ပြန်ပို့ရေးကိစ္စမှာလည်း ရွှေ့ဆိုင်းရဖွယ်ရှိသည်။

“လောလောဆယ်တော့ ကျွန်တော်တို့က ကိုဗစ် (Covid-19) ကို ဦးတည်လုပ်နေရတော့ စစ်ဘေးရှောင်တွေ ပြန်မယ့်ကိစ္စက ဘာမှ မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့ဘက်က KIO ရဲ့သဘောထားတွေကို အစိုးရဆီပို့ထားတယ်။ သူတို့ (အစိုးရ)အပေါ်မှာပဲ မူတည်တယ်” ဟု ဖာသာရ် နော်လတ်က ပြောသည်။

KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ကချင်လွတ်မြောက်ရေးအစည်းအရုံး (KIO) ၏ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးမဟာဗျူဟာကို NRPC ထံ ဇန်နဝါရီလတွင် ပို့ထားကြောင်း ၎င်းကဆက်ပြောသည်။

စစ်ဘေးရှောင်များကို မည်သည့်အချိန်တွင် ပြန်ပို့မည်ကို မသိရသေးဘဲ နေရပ်ပြန်နိုင်ခြေရှိသည့် ရွာများနှင့်ပတ်သက်ပြီး NRPC သို့ တင်ပြထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက Myanmar Now ကို မတ်လပိုင်းကပြောသည်။

နေရပ်ပြန်ပို့မည့်သူအများစု၏ နေအိမ်များပျက်စီးနေသည့်အတွက် ပြန်ဆောက်ပေးရန် လိုအပ်ကြောင်း၊ အိမ်တစ်လုံးအတွက် ခုနစ်သိန်းခွဲ ကုန်ကျနိုင်မည်ဟု တွက်ချက်၍ NRPC ထံ တင်ပြထားပြီး NRPC က အကြောင်းပြန်လာမှသာ နေရပ်ပြန်ပို့ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနေလင်းထွန်းက Myanmar Now ကို ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့်မူ မြစ်ကြီးနား မြို့နယ် တာလောကြီးရွာနှင့် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ရွာတို့မှ အိမ်ထောင်စု ၉၃ စုကို ကနဦး နေရပ်ပြန်ပို့ရန် လျာထားကြောင်း ၎င်းဌာန မှအဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

“ကိုဗစ်ဖြစ်နေတော့ ဆက်မလုပ်နိုင်သေးဘူး။ ကိုဗစ်ပြီးရင် အရင်က ဆွေးနွေးထားတာတွေနဲ့ ကိုဗစ်အလွန်မှာ ဖြစ်မယ့်အခြေအနေတွေကို ပြန်ပြီးဆွေးနွေးရမှာပါ” ဟု ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

ထို့နောက် ဝိုင်းမော်၊ မန်စီနှင့် ချီဖွေမြို့နယ်တို့မှ စစ်ဘေးရှောင်များကိုလည်း နေရပ်ပြန်ရန် စီစဉ်မည်ဟု ၎င်းကဆက်ပြောသည်။

ကိုဗစ်နိုင်တင်းကြောင့် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကို ပြည်နယ်အစိုးရနှင့် မဆွေးနွေးနိုင်သေးသည့်အတွက် အကောင်အထည် မဖော်နိုင်သေးကြောင်း၊ လာမည့် ဇွန်လအတွင်း အင်တာနက်ရုပ်သံအစည်းအဝေးဖြင့် ဆက်သွယ်ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းက ပြောသည်။

ကချင်ပြည်နယ်အစိုးရနှင့် KHCC တို့က နေရပ်ပြန်ရန်ဖြစ်နိုင်ခြေရှိသည့် ကချင်ရွာ ၁၇ ရွာကို လူ၊ ကယ်၊ ပြန် ဝန်ကြီးဌာနနှင့် NRPC တို့ထံပေးပို့ထားကြောင်း၊ အဆိုပါပေးပို့ချက်များကို ဝန်ကြီးဌာနက ဆွေးနွေး၍ ကနဦးပြန်ပို့မည့်ရွာများကို ရွေးချယ်ထားခြင်းဖြစ်သည်ဟု ဦးဝင်းနိုင်ထွန်းကပြောသည်။

အဆင်သင့်ဖြစ်ရဲ့လား

လက်ရှိအစိုးရ၏အစီအစဉ်ဖြင့် ကချင်စစ်ဘေးရှောင်များကို မူလရွာများသို့ပြန်ပို့နိုင်ရေး ကြိုးပမ်းနေသော်လည်း ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်သည့်အခါ ရင်ဆိုင်ရမည့် အဓိကပြဿနာများကို အရင်မဖြေရှင်းဘဲ ပြန်မပို့ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် စစ်ရှောင်များကတောင်းဆိုထားကြသည်။

ပထမအချက်မှာ စစ်ဘေးရှောင်များ နေရပ်ပြန်ရောက်သည့်အခါ ရပ်ရွာအနီးအနားတွင် တိုက်ပွဲများပြန်မဖြစ်ရေး ဖြစ်သည်။ တပ်မတော်ထိန်းချုပ်မှုအောက်ရှိ ရွာများအနီးအနားတွင် တပ်စခန်းများရှိနေပါက ဒေသခံများ၏ စိတ်တွင် စိုးရိမ်ထိတ်လန့်နိုင်သဖြင့် တပ်စခန်းများမရှိရေးကို နေရပ်ပြန်လိုသူများက တောင်းဆိုကြသည်။

ဒေါ်လုတောင်တို့ကဲ့သို့ပင် ဒဘတ်ယန်ရွာမှ ထွက်ပြေးလာခဲ့ပြီး စိန့်ဂျိုးဇက်စစ်ရှောင်စခန်း၌ ခိုလှုံနေသည့် အသက် ၃၂ နှစ်ရှိ ဒေါ်မရန်ထုမှာ စစ်ရှောင်စခန်း၌ ခိုလှုံနေစဉ် ရွာရှိ အိမ်နှင့်ခြံကို မကြာခဏ သွားကြည့်ဖြစ်ခဲ့သော်လည်း ရွာအဝင်ရှိ တပ်မတော်စစ်ဆေးရေးဂိတ်၌ ပြသရန် စိန့်ဂျိုးဇက်စစ်ရှောင်စခန်း၏ တာဝန်ခံလက်မှတ်ကို ယူသွားရသည်။ ထိုကဲ့သို့ ရွာအနီးတွင် တပ်မတော်စခန်းများ ရှိနေသေးခြင်းသည် စိုးရိမ်စိတ်ကို ပို၍ ကြီးစေသည်ဟု ၎င်းက ပြောသည်။

“ရွာနားက စစ်တပ်ကို ရွှေ့ပေးလို့ရရင် ကောင်းမလားပေါ့။ ပြန်တဲ့အခါ ဘယ်အချိန် ပြန်တိုက်မလဲဆိုတာ စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။ ဒေါ်မရန်ထုသည် နေရပ်ပြန်လိုသည်ဟု KHCC ထံ အမည်စာရင်းပေးထားသူ ဖြစ်သည်။

“ပြန်သွားပြီးရင် မထင်မှတ်ဘဲ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ ပြန်ထွက်ပြေးရရင် (စစ်ရှောင်) စခန်းမှာ ပြန်လက်ခံပေးဖို့ ပြောထားတယ်” ဟုလည်း ၎င်းက ပြောသည်။

ကချင်စစ်ဘေးရှောင်များ ပြန်လည် နေရာချထားရေးအတွက် အစိုးရနှင့် KIO ကြား နှစ်ဖက်သဘောတူညီမှုရရန် အရေးကြီးပြီး ပြေလည်မှုမရှိပါက ပဋိပက္ခပြန်လည်ဖြစ်ပွား လာနိုင်သည်ဟု ကချင်ဘာသာရေးခေါင်း ဆောင်များက သုံးသပ်သည်။

“စစ်ရှောင်စခန်းတွေက KIA ထိန်းချုပ်နယ်မြေထဲမှာ ပိုများတယ်။ ပိတ်သိမ်းမယ်ဆိုရင် နှစ်ဖက် သဘောတူမှ ရမယ်။ တစ်ဖက်တည်းလုပ်လို့မရဘူး” ဟု KHCC ဥက္ကဋ္ဌလည်းဖြစ် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

နေရပ်ပြန်စစ်ဘေးရှောင်များ၏ လုံခြုံရေးနှင့် နေထိုင်စားသောက်မှု အာမခံချက်ရှိရေးအတွက် တပ်မတော်နှင့် KIA တို့အကြား နိုင်ငံရေးသဘောတူညီမှုရရှိရန် လိုအပ်ပြီး ပဏာမအပစ်ရပ်စာချုပ်လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးရန် ရှိသည်ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကျွန်တော်တို့ဘက်က ဆက်လက်ဆွေးနွေးဖို့ တင်ထားတာတော့ရှိပါတယ်။ အခု (ကိုဗစ်နိုင်တင်း) ရောဂါကြောင့် တပ်လှန့်နေတဲ့ အနေအထားကြောင့် အကောင်အထည်တော့ မဖော်နိုင်သေးဘူး။ လောလောဆယ် အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးဆွေးနွေးမှုက ရပ်တန့်နေတဲ့ သဘောဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“စစ်ရှောင်တွေအရေးနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးပြီးမှ လုပ်ဖို့ရှိပါတယ်။ အပစ်အခတ် ရပ်စဲရေးမရှိဘဲနဲ့ အကောင်အထည်ပေါ်ဖို့ အနေအထားတော့ မရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော်အနေဖြင့် ကချင်ပြည်နယ်၌ တိုက်ပွဲမဖြစ်အောင် တပ်များကို ထိန်းသိမ်းဆောင်ရွက်ထားကြောင်း ဗိုလ်မှူးကြီးနေလင်းထွန်းက ပြောသည်။

“နေရပ်ပြန်မယ့်သူတွေမှာ အာမခံချက် မရှိသေးဘူး။ KIA အပေါ်မှာ အများကြီးမူတည်တယ်။ သူတို့ကို (KIA) လက်မှတ်ထိုးမှ ပြန်ပို့မယ်ဆိုရင် ကြာသွားမှာ။ အဓိကက NCA ပဲ။ လက်မှတ်ထိုးဖို့ ခေါ်နေတာကြာပြီ” ဟု ၎င်းက ဆိုသည်။

အစိုးရကဖော်ဆောင်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် KIA သည် လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုတွင် အပါအဝင်ဖြစ်သည်။ လက်ရှိ ယာယီကာလတိုအပစ်ရပ်စဲမှုများသာ ရှိသေးသည်။

မူလမြေနေရာတွေ ပြန်ရပါ့မလား

စစ်ဘေးရှောင်များ နေရပ်ပြန်သည့်အခါ ဖြေရှင်းပေးရမည့် အရေးကိစ္စတစ်ခုမှာ ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာဥယျာဉ်မြေများ ပြန်လည်ရရှိရေးဖြစ်သည်။ စစ်ရှောင်ရသည့် ကာလများ ထပ်မံကြာမြင့်လာပါက ၎င်းတို့၏ စွန့်ခွာထားခဲ့ရသည့် ကိုယ်ပိုင်လယ်မြေများကို စီးပွားရေးလုပ်ငန်းများ၏ မြေသိမ်းမှုကြောင့် လက်လွှတ်ဆုံးရှုံးရမည့် အန္တရာယ်လည်း ရှိနေသည်။

“ရွာဘက်က တောင်ယာတွေမှာလည်း ကုမ္ပဏီတွေ ဝင်လာတာကြောင့် မြေယာတွေ ဆုံးရှုံးလာတာကြောင့် အဲဒါတွေ သွားဦးဖို့လိုတယ်” ဟု ဒေါ်မရန်ထုက ဆိုသည်။

၂၀၁၀ မှစ၍ ကချင်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဝင်ရောက်လာခဲ့ပြီး တစ်ရှူးငှက်ပျော၊ ဖရဲ၊ ငရုတ်နှင့် အခြားသီးနှံများကို တိုးချဲ့စိုက်ပျိုးလာသည်ဟု ကချင်ပြည်နယ်အခြေစိုက် လီဆူအရပ်ဘက်အဖွဲ့အစည်း၏ စစ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။ အဆိုပါစစ်တမ်းကို ၂၀၁၇ ခုနှစ်က ဝိုင်းမော်မြို့နယ်အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး တရုတ်လုပ်ငန်းရှင်များ၏ စိုက်ပျိုးမြေများထဲတွင် စစ်ဘေးရှောင်များ၏ မြေယာများလည်း ပါဝင်နေသည်ဟု ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်းထွက်ပြေးတိမ်းရှောင်နေရသည့် ကချင်ပြည်သူများ၏ မြေယာများတွင် တစ်သျှူးငှက်ပျောနှင့်အခြားစက်မှုသီးနှံများကို တရုတ်ကုမ္ပဏီများက စိုက်ပျိုးနေကြသည်ဟု နယ်သာလန်နိုင်ငံအခြေစိုက် နိုင်ငံတကာသုတေသနနှင့် မူဝါဒပြောင်းလဲရေး စည်းရုံးလှုပ်ရှားနေသော Transnational Institute (TNI) ၏ စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ပြည်တွင်းစစ်ဘေးရှောင်များသည် ၂၀၁၈ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေ၊ တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း၊ မြန်မာအစိုးရ၏ စစ်ရှောင်စခန်းပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာ စသည်တို့အောက်တွင် ပိတ်မိနေကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေသည် ပိုးလမ်းမစီမံကိန်းခေါင်းစဉ်အောက်၌ လျာထားသည့် မြေသိမ်းမှုများအပြင် စီမံကိန်းအတွင်းမပါသေးသည့် မြေသိမ်းမှုများကိုပါ တရားဝင် ခွင့်ပြုသကဲ့သို့ဖြစ်နေသည်ဟု TNI က မတ် ၁၁ တွင် ထုတ်ပြန်သည့် စာတမ်းတွင် ထောက်ပြပြောဆိုထားသည်။

၂၀၁၈ တွင် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေပေါ်ပေါက်လာပြီးနောက် လယ်ယာမြေဥပဒေလည်းပြဋ္ဌာန်းကာ ပုံစံ (၇) လျှောက်နိုင်မည့်အခြေအနေများ ဖန်တီးခဲ့သော်လည်း ယင်းပုံစံ (၇) သည် မည်သည့်အချိန်မှာ မဆို သိမ်းယူခံရနိုင်ကြောင်း၊ TNI ၏ သုတေသနအရ အချို့သော ဒေသခံများ (လိုအပ်သောစာရွက်စာတမ်းရှိကာ ငွေကြေး တတ်နိုင်သူအချို့) အနေဖြင့် ကြိုးစားလျှောက်ခဲ့ကြသော်လည်း ပုံစံ (၇) ရနိုင်ခြင်း မရှိခဲ့ပါဟု ဖော်ပြထားသည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ဘေးရှောင်များအနေဖြင့် မြေပိုင်ဆိုင်ခွင့်လျှောက်ထားရန် လက်လှမ်းမမီခဲ့ကြောင်း TNI က ဆိုသည်။

စစ်ဘေးရှောင်များကို အရင်က ရှိခဲ့‌သော လူမှု-စီးပွားရေးနှင့် စိုက်ပျိုးရေးအခြေပြုသဘာဝဂေဟစနစ်သို့ ရောက်ရှိအောင် မထောက်ပံ့ဘဲ စစ်ရှောင်စခန်းများကို မပိတ်သိမ်းရန် TNI ၏ စာတမ်းတွင် တိုက်တွန်းထားသည်။

‘ကိုယ်ထောင်ထားတဲ့မိုင်းတောင် ကိုယ်မသိတော့ဘူး’

နေရပ်ပြန်များ နောက်ထပ်ရင်ဆိုင်ရမည့် အရေးကြီးပြဿနာမှာ လက်နက်ကိုင် နှစ်ဖွဲ့စလုံး ထောင်ထားခဲ့ကြသည့် မြေမြှုပ်မိုင်းများအန္တရာယ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေသေးသည့် နိုင်ငံဖြစ်သလို မြေမြှုပ်မိုင်းပိတ်ပင်တားဆီးခြင်း သဘောတူစာချုပ်မှာလည်း လက်မှတ်ရေးထိုးမထားသေးပေ။

မြေမြုပ်မိုင်းအသုံးပြုမှုတားမြစ်ပိတ်ပင်ခြင်းသဘောတူစာချုပ်ကို လက်မှတ်ထိုးရန် စဉ်းစားနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနအရာရှိများက ၂၀၁၇ ဇွန်လတွင် ထုတ်ပြောကြ သော်လည်း မည်သည့်အချိန်မှာ ပါဝင်လက်မှတ်ထိုးမည်ကိုတော့ မပြောဆိုနိုင်သေးကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လာရေးအဖွဲ့၏ ၂၀၁၉ အစီရင်ခံစာတွင်ဖော်ပြထားသည်။

မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ တပ်မတော်သည် စစ်ဖြစ်ပွားရာဒေသများတွင် မြေမြှုပ်မိုင်း အသုံးပြုနေဆဲဖြစ်ပြီး ပြည်တွင်းမှာပင် ထုတ်လုပ်သလို ပြည်ပမှလည်းဝယ်ယူကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အချို့ကလည်း နင်းမိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော မိုင်းများကို ထုတ်လုပ်နေကြောင်း အထက်ပါအစီရင်ခံစာက ဆိုသည်။

စစ်ရေးလှုပ်ရှားမှုများရှိနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုအတွင်းရှိ ၈၄ မြို့နယ်တွင် မြေမြှုပ်မိုင်း ပျံ့နှံ့တည်ရှိမှုပမာဏသည် ခန့်မှန်းပြောဆိုရန် ခက်ခဲသည်ဟု အစီရင်ခံစာကဆက်ဆိုထားသည်။

၂၀၁၁ တကျော့ပြန်တိုက်ပွဲများကြောင့် စစ်မြေပြင်ဖြစ်ခဲ့ရသည့် ကချင်ပြည်နယ် ဗန်းမော်၊ ချီဖွေ၊ ဖားကန့်၊ မန်စီ၊ မိုးကောင်း၊ မြစ်ကြီးနား၊ ရွှေကူ၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဆော့လော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းအများအပြား ပျံ့နှံ့လျက်ရှိသည်။

မြေမြှုပ်မိုင်းများသည် ပျံ့နှံ့မှုပမဏအတိအကျကိုမခန့်မှန်းနိုင်သည့်အပြင် စစ်ဘေးရှောင်များနေရပ်ပြန်ရေး အခက်အခဲတစ်ခုဖြစ်နေဆဲဖြစ်ကြောင်း၊ စစ်ရှောင်များနေရပ်ပြန်ရေးမဟာဗျူဟာချ၍ အစိုးရက စီစဉ်နေသော်လည်း မိုင်းရှင်းလင်းရေးကို ထည့်သွင်းထားခြင်းမရှိကြောင်း အထက်ပါအစီရင်ခံစာက ထောက်ပြထားသည်။

“လက်မှတ်ထိုးပြီးမှသာလျှင် မိုင်းရှင်းလင်းရေးလုပ်နိုင်မယ်။ NCA ထိုးမှ နှစ်ဖက်ညှိနှိုင်းပြီးလုပ်ရမှာ။ မိုင်းကလည်း မှတ်ပုံတင်မရှိဘူး။ ကိုယ်ထောင်ထားတာတောင် ကိုယ်မသိတော့ဘူး” ဟု ဗိုလ်မှူးကြီးနေလင်းထွန်းက ပြောသည်။

ကိုဗစ်အလွန်ကာလ၌ ကချင်စစ်ရှောင်များနေရပ်ပြန်ပို့နိုင်သည့်အချိန်မှသာ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဟု ပြန်လည်ထူထောင်‌ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

တစ်ဖက်သတ်ပြန်ပို့ခံရသူများ

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ပို့ရေးတွင် အစိုးရနှင့် KIA တို့အကြား သဘောတူညီမှုယူရဦးမည် ဆိုသော်လည်း ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ရွာသို့ စစ်ရှောင်မိသားစုများကို တပ်မတော်က ၂၀၁၉ ဇန်နဝါရီနှင့် မတ်လများအတွင်း နှစ်သုတ်ခွဲ၍ပြန်ပို့ပေးခဲ့သဖြင့် လူ ၆၀၀ ခန့်ပြန်လည် နေထိုင်နေပြီဖြစ်သည်။

၎င်းတို့သည် အစိုးရ၊ KIA နှင့် ကချင်ဘာသာရေးခေါင်းဆောင်များအကြား ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ နေရပ်ပြန်ပို့ခံရသူများဖြစ်သည်။

လူဦးရေ ၁,၀၀၀ ကျော်နေထိုင်ခဲ့ဖူးသည့် နန်ဆန်ယန်ရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိပြီး တပ်မတော်နှင့် KIA တိုက်ပွဲများတွင် များစွာပျက်စီးခဲ့ဖူးသည့် ရှေ့တန်းစစ်မျက်နှာ တစ်ခုဖြစ်ခဲ့ဖူးသည်။ KIA ထိန်းချုပ်နယ်မြေအတွင်း ရှိသော်လည်း လက်ရှိတွင် ရွာထဲ၌ တပ်မတော်က စခန်းချထားသည့် ရွာဖြစ်သည်။

ထို့အပြင် မြေမြှုပ်မိုင်း အမြောက်အမြား ရှိနေသောကြောင့် နေရပ်ပြန်သူများသည် ကားလမ်းနှင့်အနီးဆုံး နေရာတွင်သာ နေထိုင်နိုင်သည်။ ရွာနှင့် တစ်မိုင်အတွင်းသာ သွားလာလှုပ်ရှားနိုင်သောကြောင့် မိသားစု ပြန်လည်ထူထောင်ရန် ခက်ခဲနေဆဲဟု ဇာတိ နန်ဆန်ယန်ရွာသို့ ပြန်ခဲ့သူ အသက် ၆၀ ရှိ ဒေါ်ခွန်ရာက ပြောသည်။

“နန်ဆန်ယန်လမ်းက နှစ်ဖက်လုံးစစ်ကြောင်းတွေ အများကြီးရှိတဲ့လမ်း ဖြစ်တယ်။ ကျွန်မတို့အနေနဲ့ သွားရ၊ လာရ တအားခက်တယ်။ ကိုယ့်ရွာကို ပြန်လို့ရမယ်ဆိုတော့ ကိုယ့်ရွာမှာပဲ အသက်ဆုံးရှုံးမယ် (ခေါင်းချမယ်) ဆိုပြီး ပြန်လာခဲ့တာ” ဟု ဒေါ်ခွန်ရာက ပြောသည်။

မိသားစု ၁၀ ဦးရှိသည့်အနက် ခြောက်ဦးမှာ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး ဖုန်လုံယန်စစ်ရှောင်စခန်းတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း၊ ရွာ၌ လုပ်ကိုင်စားသောက်ရန် အခြေအနေကောင်းမှသာ ပြန်ခေါ်ရန်ရှိကြောင်း ဒေါ်ခွန်ရာက Myanmar Now ကို ပြောသည်။

“လုပ်ကိုင်စားသောက်ဖို့ ကျွန်မတို့လည်း အားမရှိတော့ဘူး။ ချုံက တအားထူသွားပြီ။ ရွာအပြင် တစ်မိုင်ကျော်ရင် ဘယ်မှသွားမရတော့ဘူး။ ကျွန်မတို့ ရောက်ကတည်းက စိတ်တအားငယ်ရတာ” ဟု ၎င်းက ပြောသည်။

ဒေါ်ခွန်ရာကဲ့သို့ပင် နန်ဆန်ယန်ရွာသို့ ပြန်လာခဲ့သူနောက်တစ်ဦးမှာ အသက် ၅၄ နှစ်ရှိ ဒေါ်ဂျန်မားဒွဲဖြစ်သည်။ မိသားစုဝင်ရှစ်ဦးအနက် သုံးဦးသာ ရွာပြန်လာနိုင်ပြီး ကျန်မိသားစုဝင်များမှာ လိုင်ဇာမြို့နှင့်အနီးဆုံးရှိ ဂျေယန့် စစ်ရှောင်စခန်း၌ ဆက်လက်ခိုလှုံနေဆဲဖြစ်သည်။

“အသက်ကြီးလာပြီဆိုတော့ အပြင်မှာလည်း သွားမရှာနိုင်တော့ဘူး။ အသီးအရွက်တွေတောင် အိမ်ဝိုင်းထဲမှာပဲ စိုက်နိုင်တယ်။ ဥယျာဉ်တွေဆီကို သူများသွားတဲ့ လမ်းအတိုင်းပဲ သွားကြည့်ရဲတယ်။ သွားထားတဲ့ ခြေရာမရှိရင် မသွားရဲဘူး” ဟု ၎င်းက ပြောသည်။

ရွာသို့ပြန်လာသည့်အတွက် စစ်ရှောင်စခန်းမှ အထောက်အပံ့ကို မရတော့သည့်အပြင် ရွာ၌ လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိသေးသဖြင့် ကျန်မိသားစုဝင်အားလုံးကို ပြန်မခေါ်နိုင်သေးကြောင်း ဒေါ်ဂျန်မားဒွဲက ပြောသည်။

“အခု လုပ်စား၊ ကိုင်စားလို့မရပေမယ့် ကိုယ့်လယ်ယာတွေကို သားသမီးတွေက မမှတ်မိဘဲနေမှာ စိုးရိမ်တယ်။ အဆင်ပြေသလို နေရမှာပဲ။ တိုက်ပွဲတွေ ထပ်ဖြစ်လည်း မပြေးတော့ဘူး” ဟု ၎င်းက ပြောသည်။

၎င်းတို့ပိုင် မြေနေရာများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ခြင်း၊ စစ်ရှောင်စခန်း၌ အသက်မွေးဝမ်းကျောင်း ဆိုင်ရာအခွင့်အလမ်းများ မရှိခြင်းနှင့် စခန်းအတွင်း နေထိုင်ရေးအခြေအနေ ဆိုးဝါးလာခြင်းတို့ကြောင့် စစ်ဘေးရှောင်အများစုသည် နေရပ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု KHCC နှင့် စစ်ဘေးရှောင်များ အရေး ပူးပေါင်း လုပ်ဆောင်နေသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာကို နေရပ်ပြန်ပြီးသားစစ်ဘေးရှောင်များ၏ အခြေအနေကို လေ့လာဆန်းစစ်နိုင်ရန် စစ်ရှောင် ၉၅ ဦးကို မေးမြန်းကောက်ယူထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် KIA တို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ဘေးရှောင်များ၏ ကျေးရွာများ၌ စာသင်ကျောင်း၊ လျှပ်စစ်မီးပေးစနစ်နှင့်ရေးပေးဝေရေးစနစ်တို့သည် အပျက်အစီးအများဆုံးဖြစ်ခဲ့သည်ဟု JST၏ အစီရင်ခံစာက ဆိုသည်။

နေရပ်ပြန်ပြီးနောက် ကိုယ်ပိုင်မြေရာများကို ပြန်လည်တူးဖော်နိုင်ခြင်း၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ပိုမိုရရှိလာသော်လည်း မြေမြှုပ်မိုင်းအပါအဝင် လုံခြုံရေးအတွက် စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ မြေ၊ အိမ်၊ ကျွဲ၊ နွားများဆုံးရှုံးသွားပြီး အစားအစာ မလောက်ငကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၈ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စာရင်းတွင် တွေ့ရသည်။

ကိုယ့်အစီအစဉ်ဖြင့် နေရာအသစ်သို့ ပြောင်းမည့်သူများ

ထိုကဲ့သို့သော အာမခံချက်မရှိသည့် အခြေအနေများအောက်တွင် အစိုးရ၏ အစီအစဉ်ကို မစောင့်ဆိုင်းတော့ဘဲ ကိုယ့်အစီအစဉ်ဖြင့် နေရပ်ပြန်နိုင်ရန် ကြိုးစားနေသည့် စစ်ရှောင်များလည်းရှိသည်။ စစ်ဘေးရှောင် ၂,၀၀၀ ဝန်းကျင်ခိုလှုံနေသည့် စိန်ဂျိုးဇက်စစ်ရှောင်စခန်း၌ အစိုးရနှင့် ကချင်ဘာသာရေး ခေါင်းဆောင်များ၏ နေရပ်ပြန်ပို့ရေးအစီအစဉ်ကို မစောင့်ဆိုင်းဘဲ နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ရန် စီစဉ်နေသူ ၃၀၀ ခန့်ရှိကြောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးလွမ်းဇယ်က Myanmar Now ကို ပြောသည်။

အဆိုပါစစ်ရှောင် ၃၀၀ ခန့်သည်လည်း စိန်ဂျိုးဇက်စစ်ရှောင်စခန်းမှ နှစ်မိုင်အကွာ အူရိမုန်ရာယန်ရွာနှင့် ကျွန်းတောရွာတို့၌ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေကြပြီး အဆိုပါစာရင်းကို KHCC ထံတင်ပြထားသည်ဟု ဦးလွမ်းဇယ်က ဆိုသည်။

“ကိုယ့်ဘာသာ မြေကွက်ဝယ်ထားတယ်။ သူတို့မူလရွာတွေပြန်မရတော့ မြေဝယ် အိမ်ဆောက်ပြီး နေချင်ကြတာ။ သူတို့ကလည်း အိမ်ဆောက်ပေးဖို့ မျှော်လင့်နေကြတယ်” ဟု ဦးလွမ်းဇယ်က ပြောသည်။

အသက် ၄၄ နှစ်ရှိ ဦးနော်တောင်သည် စိန့်ဂျိုးဇက်စစ်ရှောင်စခန်းရှိ အခန်းကျဉ်းကျဉ်းလေးထဲတွင် မိသားစု ခုနစ်ယောက် ပြွတ်သိပ်နေထိုင်ရသည့် အခြေအနေနှင့် မရေရာသော အိမ်ပြန်လမ်း စောင့်ရသည့်အချိန်များကို အူရိမုန်ရာယန်ရွာတွင် ကျပ်ငါးသိန်းတန် မြေကွက်တစ်ခုဝယ်၍ အဆုံးသတ်လိုက်သည်။

“အခန်းကျဉ်းကျဉ်းကျပ်ကျပ်နေတာလေးထဲမှာကျ အဆင်မပြေဘူး။ သားသမီးတွေက အိမ်ထောင်ကျဦးမှာ” ဟု ၎င်းက ပြောသည်။

စစ်ရှောင်စခန်း၌ ခိုလှုံနေရသည့် ကိုးနှစ်တာကာလတစ် ဇာတိ တရုတ်-မြန်မာနယ်စပ် ဝိုင်းမော်မြို့အစွန်ရှိ ကန်တော်ယန်ရွာသို့ ဦးနော်တောင် မကြာခဏ သွားကြည့်တတ်သည်။ သွားသည့်အခါတိုင်း ရွာတွင် တပ်မတော်စစ်ကြောင်းများရှိနေသဖြင့် ရွာကို အဝေးမှသာ ကြည့်ရှုခွင့်ခဲ့ရသည်။

“တခြားရွာသားတွေပြန်လို့ရင်တောင် ကျွန်တော်တို့ရွာကို ပြန်ရင် အဆင်မပြေနိုင်ဘူး။ တပ်မတော်လည်း ရှိတယ်။ KIA လည်းရှိတယ် … (ဇာတိ) ရွာကို ပြန်ရင် ကလေးတွေ ကျောင်းတက်နိုင်ဖို့လည်း မသေချာဘူး” ဟု ဦးနော်တောင်က ဆိုသည်။

ဦးနော်တောင် ပြောင်းရွှေ့နေထိုင်မည့် အူရီမုန်ရာယန်ရွာသည် သူ့ ဇာတိရွာမဟုတ်သော်လည်း ကိုယ်ပိုင်အိမ်နှင့်ဝန်းနှင့် နေထိုင်နိုင်မည် ဖြစ်သည်။ ဆဌမတန်းနှင့် နဝမတန်းတွင် ပညာသင်ကြားရမည့် သားသမီး လေးယောက်သည်လည်း ဝိုင်းမော်မြို့၌ ကျောင်းဆက်တက်နိုင်မည့် နေရာဖြစ်သောကြောင့် သူရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“လူတစ်ယောက်ဆိုတာက ကိုယ့်အိမ်၊ ကိုယ့်မြေဆိုတာမရှိရင် သိက္ခာမရှိဘူး။ ဟိုမှာက ကောင်းတဲ့နေရာ ဖြစ်ဖြစ်၊ မကောင်းတဲ့နေရာဖြစ်ဖြစ်၊ အိမ်လည်း လှစရာမလိုဘူး” ဟု ဦးနော်တောင်က ဆိုသည်။

(တည်းဖြတ် - ညွန့်ဝင်း၊ တင်ထက်ပိုင်)

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading