အင်တာဗျူး | လူစုလူဝေးကိစ္စ ‘ဥပဒေနဲ့မညီညွတ်တဲ့စွပ်စွဲမှု’ ဟု ဝန်ကြီးချုပ်ပြော

ဗိုလ်တထောင်ဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့သည့်ကိစ္စများနှင့် ပတ်သက်ပြီး ကိုဗစ်နိုင်တင်းကာလ ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ အမိန့်များကို ဖောက်ဖျက်ခြင်းမရှိပါဟု ဦးဖြိုးမင်းသိန်းက ခုခံသည်

Published on May 26, 2020
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်တန်ဆောင်းပြင်ဆင်ခြင်းနှင့် ရှင်ဥပဂုတ္တ ဖောင်မျှောခြင်းများ ပြုလုပ်ခဲ့ရာတွင် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန်ဦးမောင်မောင်စိုး၊ တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ လုံခြုံရေးနှင့်နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး အပါအဝင် လူပေါင်း ၃၀ ခန့် ပါဝင်ခဲ့သည်ကို လူစုလူဝေးဖြစ်စေသည့် အခမ်းအနားတစ်ခုအဖြစ် Facebook သုံးစွဲသူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ကပ်ရောဂါကာလအတွင်း လူလေးဦးထက်ပိုမစုရ အမိန့်အာဏာတည်နေသေးသည့်အတွက် ဝန်ကြီးချုပ်၏ လုပ်ရပ်သည် ညွှန်ကြားချက်များကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က Myanmar Now ကို တနင်္လာနေ့က ဖြေကြားထားသေးသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို Myanmar Now သတင်းထောက် ချမ်းသာက ယနေ့ ဆက်သွယ်မေးမြန်းထားသည်။

မေးခွန်းများ မမေးရသေးခင်ကပင် ဝန်ကြီးချုပ်က “ဒီဥစ္စာက ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြန်လည်စတင်တဲ့အတွက် ပစ္စည်းရွှေ့ပြောင်းတဲ့ ကိစ္စပေါ့။ ပစ္စည်းရွှေ့ပြောင်းတယ်ဆိုတာကတော့ ဒီစကားက နည်းနည်းကြမ်းတာပေါ့နော်။ ဘုရားတို့၊ ရုပ်တုတွေ ဘာတွေရွှေ့တာကတော့ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းတစ်ခုနဲ့ လုပ်ရတာပေါ့။ သေတ္တာပုံး ရွှေ့သလိုတော့ ရွှေ့လို့မရဘူး ဖြစ်နေတာပေါ့။ အဲဒီအခြေအနေပေါ်မှာ ကောက်ယူမှုလေး နည်းနည်းလွဲနေလို့ပါ” ဟု စတင်၍ စကားဆိုသည်။

Myanmar Now - အခုလိုကာလမှာ ဒီလိုလုပ်ငန်းတွေက မဖြစ်မနေ လုပ်ဖို့လိုတဲ့အရာတွေလား။

ဝန်ကြီးချုပ်။ ဒီလိုပါ။ ကျွန်တော်တို့က ဘုရားကို အခုလောလောဆယ်မှာ ဧည့်သည်ဝင်ရောက်မှု ပိတ်ထားပါသေးတယ်။ ပိတ်ထားတဲ့ကာလဖြစ်တဲ့အတွက် ဒီအချိန်မှာ ပြုပြင်မယ်ဆိုလို့ရှိရင် တည်ဆောက်ရေးလုပ်ငန်းတွေက ဖုန်တွေ၊ သဲတွေ၊ တူးရတာတွေရှိပါတယ်။ ပိတ်ထားတဲ့ကာလမှာ ဆောင်ရွက်ရင် ဘုရားဖူးတွေကို အနှောင့်အယှက် မဖြစ်နိုင်ဘူး။ နောက်တစ်ခု ဗိုလ်တထောင်ဘုရားက နိုင်ငံခြားသားခရီးသွားဧည့်သည်လည်း တော်တော်များတဲ့ ဘုရားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပိတ်ထားတဲ့အချိန်မှာ လုပ်ဖို့ တစ်ချက်ပေါ့။

နောက်တစ်ချက်က ကျွန်တော်တို့ အလှူရှင်တွေက လှူဒါန်းထားတယ်။ အဲဒီလှူဒါန်းထားတဲ့ အလှူရှင်တွေက ကျွန်တော်တို့ကို ဆက်ပြီးတော့ ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ ဆက်လုပ်ဖို့ ကိစ္စတစ်ခုပေါ့။ ဒါက ဒုတိယတစ်ချက်ပါ။

တတိယတစ်ချက်ကတော့ ကျွန်တော်တို့အခုချိန်မှာ ဆောက်လုပ်ရေးကိစ္စရပ်တွေကို ကျန်းမာရေးဝန်ကြီးဌာန ဘက်ကရော၊ ကိုဗစ်နိုင်တင်းအမျိုးသားအဆင့်ဗဟိုကော်မတီဘက်က ဆက်လုပ်ဖို့ရယ်၊ လဝက နဲ့ အလုပ်သမားဝန်ကြီးဌာန ဘက်ကလည်း ဒီလုပ်ငန်းတွေကို Social Distancing (လူချဲသည့်အစီအစဉ်) ရှိမယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ ရှိမယ်ဆိုလို့ရှိရင် ပြန်လုပ်ခွင့်ပြုလာတဲ့ကာလမှာ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က ပြန်လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေကြေးလည်ပတ်မှုကို ကျွန်တော်တို့ဖြစ်စေချင်တယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကို ပြန်လည်ပတ်စေချင်တယ်။ တိုင်းဒေသကြီးက တင်ဒါလုပ်ငန်းတွေ ရှိပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ဘတ်ဂျက်တွေနဲ့ အစိုးရဌာနတွေမှာ တည်ဆောက်တဲ့လုပ်ငန်းတွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လုပ်ဖို့ ကျွန်တော်တို့ တွန်းအားပေးပါတယ်။ အချိန်နဲ့တစ်ပြေးညီ ပြီးစီးဖို့ဖြစ်ပါတယ်။ ဘတ်ဂျက်ကုန်တဲ့လမှာ လုပ်ငန်းတွေ အကုန်ပြီးစီးဖို့ပါ။

နောက်တစ်ချက်က ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်ခြင်းအားဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းတွေ ဝယ်မယ်။ ပစ္စည်းတွေ၊ ငွေကြေးတွေလည်ပတ်မယ်။ အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ပြန်ဝင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ဖြစ်လာမယ်ဆိုလို့ရှိရင် ငွေကြေးလည်ပတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်။ အဲဒီအတွက် ကိုဗစ်အလွန်စီးပွားရေးမှာ ပြန်လည်နိုးထလာနိုင်ဖို့အတွက် တဆင့်ချင်း စည်း၊ စနစ်ကျကျ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေအတိုင်း ကျွန်တော်တို့ ဆောင်ရွက်ဖို့အတွက် ဒီလုပ်ငန်းတွေကို စခဲ့တာဖြစ်ပါတယ်။

Myanmar Now - လူစုလူဝေးတွေမလုပ်ဖို့၊ လေးယောက်ထက် ပို မစုဖို့ အမိန့်ကို ဝန်ကြီးချုပ်တို့က ချိုးဖောက်တယ်လို့ ယူဆပါသလား။

ဝန်ကြီးချုပ်။ ။ ကျွန်တော်တို့ကတော့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်ညွှန်ကြားချက်တွေအားလုံးကို လိုက်နာပါတယ်။ အခုကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ဥပဒေတွေနဲ့ အမိန့် ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။

ဒီနေရာမှာ မြင်နေကြတာက ကျွန်တော်တို့ ဘုရားပြုပြင်တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ အကြိုလုပ်ငန်းစဉ်တွေ ရှိပါတယ်။ ကျွန်တော်တို့ ရှင်ဥပဂုတ္တဖောင် မျှောခဲ့တာမျိုး၊ အမတော်မြနန်းနွယ် ဘုရားကျောင်းဆောင် ရွှေ့ပြောင်းတဲ့ကိစ္စမျိုး၊ ဒီကျောင်းက နှစ်ပတ်အတွင်း အဆောက်အဦးကို ဖြိုလိုက်မှာဖြစ်ပါတယ်။ ပြီးရင် ဒီနေရာမှာ အသစ်ပြန်တည်ဆောက်မှာဖြစ်ပါတယ်။ အဓိက ကတော့ ဒီကျောင်းကို ဖျက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ YCDC (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ) ကနေ တာဝန်ယူ ဖျက်ပေးမှာဖြစ်ပါတယ်။

ဒါတွေကို ကျွန်တော်တို့က စနစ်တကျဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေကို ကျွန်တော်တို့ ချိုးဖောက်ဆောင်ရွက်တာမရှိပါဘူး။ ဘုရားထဲမှာ လုပ်နေတဲ့အခြေအနေတွေက ဘယ်သူမှ မမြင်တွေ့နိုင်တဲ့အတွက် ဘာမှပြဿနာမရှိနိုင်ပေမယ့် အမတော်မြနန်းနွယ် ဘုရားတန်ဆောင်းကတော့ ဘုရားရဲ့အပြင်ဘက် ဗိုလ်တထောင်ဘုရားသေးလေးရဲ့ ဘေးမှာရှိနေတာဖြစ်တဲ့အတွက် အမတော်မြနန်းနွယ် ဘုရားတန်ဆောင်း ရွှေ့ပြောင်းမှုအပေါ်မှာ လူတွေလာပြီး ဝိုင်းအုံကြည့်တာမျိုး၊ ဒါက နီးနီးလေးဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ကားနဲ့တင်ပြီး မရွှေ့ပြောင်းဘူး။ (သယ်)မ သွားတာမျိုးရှိတဲ့အတွက် ဒီကိစ္စရပ်တွေကို အခမ်းအနားလုပ်တယ်တို့၊ ပွဲလမ်းသဘင် လုပ်တယ်တို့ (ဆိုပြီး) စွပ်စွဲတာပါ။ ကျွန်တော်တို့ ဒီအစီအစဉ် လုံးဝမရှိပါဘူး။ တည်ဆောက်ရေးကဏ္ဍအတွက် လုပ်ငန်းခွင် ပြင်ဆင်မှုပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဘက်က ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းချိုးဖောက်မှု လုံးဝမရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ဒီစွပ်စွဲမှုကလည်း ဥပဒေနဲ့ မညီညွတ်တဲ့ စွပ်စွဲမှုပဲဖြစ်ပါတယ်။ ဒီလိုစွပ်စွဲတဲ့သူတွေအပေါ်မှာလည်း ကျွန်တော်အနေနဲ့ သီးခြားတော့ ပြောစရာမရှိပါဘူး။ ဒါ သူ့အမြင်ပဲဖြစ်ပါတယ်။ ဥပဒေနဲ့ ညီညွတ်တယ်။ ဥပဒေအတိုင်းစဉ်းစားမယ်ဆိုရင်တော့ ဒီစွပ်စွဲချက်က မှားယွင်းနေပါတယ်။

မေး။ ဒီလိုအခမ်းအနားကို ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေက မဖြစ်မနေတက်ဖို့ လိုအပ်တာလား။

ဖြေ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အကုန်လုံးတက်တယ်ဆိုတာလည်း အပြည့်တော့မမှန်ပါဘူး။ အဲဒီနေ့က မနက်ပိုင်းမှာ ဖောင်မျှောဖို့လုပ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခြေအနေတွေပေါ်မှာ ကျွန်တော်တို့ တိုင်းရဲ့ ဆောင်ရွက်တဲ့အနေအထားက ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လုပ်ငန်းလည်ပတ်နေတဲ့ အခြေအနေမှာ ဆောင်ရွက်မယ့်အစီစဉ်တွေကို ကျွန်တော်တို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ထားတာက ဒီနေ့မှာ ဘာတွေလုပ်မယ်။ ဘယ်လုပ်ငန်းတွေ၊ ဘယ်အစည်းအဝေးတွေရှိတယ်။ အဲဒီအစည်းအဝေးတွေကို သက်ဆိုင်ရာဝန်ကြီးတွေက သူတို့အလုပ်အားလပ်တဲ့အခါ လာပါတယ်။ အလုပ်မအားလပ်တဲ့ အခါမျိုးမှာ သူတို့မလာပါဘူး။ ဒါပေမယ့် အားလုံးကတော့ စုပေါင်းပြီးတော့ ဝိုင်းဝန်းအတူလုပ်ကြပါတယ်။

အမြဲတမ်းအကုန်လုံးတက်ရမယ်လို့ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့က ဖိတ်စာနဲ့ ဖိတ်တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရုံးမှာကိုက နေ့တိုင်း အချိန်းဇယားတစ်ခုထွက်ပါတယ်။ ဒီနေ့ တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဆောင်ရွက်မယ့် ချိန်ဇယားမှတ်တမ်းတစ်ခု ရှိပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံးနေ့ကနေ စပြီး အခုချိန်အထိ နေ့တိုင်း စာရွက်တစ်ရွက်ထွက်ပါတယ်။

မေး။ ဒီလုပ်ငန်းတွေက တိုင်းအစိုးရအဖွဲ့ကနေ လုပ်တာလား။ ပြည်ထောင်စုအစိုးရရဲ့ စီမံမှုနဲ့လုပ်တာလား။

ဖြေ။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံကိန်းပါ။ ရန်ကုန်မှာ ဘုရားတွေရှိပါတယ်။ ဘုရားတွေထဲမှာ ရွှေတိဂုံစေတီတော်ကြီးက ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကွပ်ကဲပါတယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ပေါ့။ ကျန်တဲ့ ဘုရားအားလုံးက တိုင်းဒေသကြီးအစိုးရက ကွပ်ကဲရပါတယ်။ ဂေါပကတွေ၊ ရန်ပုံငွေတွေ အားလုံးပေါ့လေ။ ဘက်စုံပြုပြင် မွမ်းမံရေးကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက တာဝန်ယူပြီးလုပ်နေတာပါ။

ဒီအစီအစဉ်ကို စခဲ့တာက အခုမှ မဟုတ်ပါဘူး။ ၂၀၁၈ လောက်ကတည်းက အစီအစဉ်ပါ။ ဘုရားစိန်ဖူးတော်၊ ငှက်မျက်နားတော် ရွှေသင်္ကန်းကပ်လှူတာ ဒါတွေအကုန်လုံးပေါ့။ ဗိုလ်တထောင်စေတီတော်ကြီးရဲ့ အတွင်းထဲမှာရှိတဲ့ ပြခန်းတို့ အကုန်လုံးကို ဘက်စုံပြုပြင်မွမ်းမံတာပါ။ အဲဒီဘက်စုံပြုပြင်တဲ့ အခြေအနေကလည်း အစိုးရဘတ်ဂျတ်မပါပါဘူး။ အလှူရှင်တွေရဲ့ ငွေကြေးနဲ့ပဲ ဆောင်ရွက်တာဖြစ်ပါတယ်။

မေး။ ဝန်ကြီးချုပ်အနေနဲ့ ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။

ဖြေ။ မရှိပါဘူး။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading