ယခင်က မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များတွင်သာ စစ်ဆေးမှုများရှိခဲ့ပြီး မြို့တွင်းသို့ဝင်၍ တစ်အိမ်တက်ဆင်း မေးမြန်းမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်
တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ရပ်ကွက်တစ်ခုကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့က တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီ ၂၁ နံနက်ပိုင်းမှ စကာ မင်းပြားမြို့နယ် ဦးစိုးတင့်ရပ်ကွက်မှ နေအိမ် ၁၅ လုံးခန့်ကို တပ်မတော် စစ်ကြောင်းတစ်ခုနှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး အိမ်ထောင်စုစာရင်းနှင့် အိမ်ထောင်ဦးစီးအကြောင်းများ မေးမြန်းခဲ့သည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက Myanmar Now ကို ပြောသည်။
ထိုကဲ့သို့ ရပ်ကွက်နေအိမ်များအတွင်း ဝင်ရောက်မေးမြန်းမှုများကို မနက် ၉ နာရီခွဲခန့်မှ နေ့လယ် ၃ နာရီခန့်အထိ ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
ဦးစိုးတင့်ရပ်ကွက် (၃) လမ်းတွင်နေထိုင်သည့် ကျောင်းဆရာမဒေါ်ကျော့ကျော့က ၎င်းတို့အိမ်ကို ယူနီဖောင်း အပြည့်အစုံ ဝတ်ထားသည့် စစ်သားတချို့နှင့် ရဲတပ်ဖွဲ့ဝင်များက မနက် ၉ နာရီခွဲခန့်တွင် ဝင်ရောက်စစ်ဆေး မေးမြန်းခဲ့သည်ဟု ဆိုသည်။
“ဘာကြောင့်စစ်ဆေးတယ် ဆိုတာတော့မသိဘူး၊ မိသားစုဘယ်နှစ်ယောက်ရှိလဲ၊ ဘာအလုပ်အကိုင်တွေလုပ်လဲ ဆိုတာနဲ့ ကျွန်မယောက်ျားရဲ့ မှတ်ပုံတင်ကို မေးတယ်” ဟု ဒေါ်ကျော့ကျော့က ပြောသည်။
၎င်း၏ ခင်ပွန်းမှာ လက်ရှိတွင် ကချင်ပြည်နယ်၌ သွားရောက် အလုပ်လုပ်ကိုင်နေပြီး ကွဲနေသည်မှာ ၁၀ နှစ်ခန့်ရှိနေပြီဟုလည်း ဆိုသည်။
တပ်ကစစ်ဆေးသွားသည့် အိမ်များထဲတွင် ၎င်း၏အိမ်လည်း ပါဝင်သည်ဟု ဦးစိုးတင့်ရပ်ကွက်မှ ဒေါ်မနီကလည်း ပြောသည်။
၎င်းတို့မိသားစု၏ အိမ်ထောင်ဦးစီး၊ အိမ်တွင်ရှိသည့် လူဦးရေ အရေအတွက်နှင့် သားသမီး မည်မျှရှိသည်တို့ကို မေးမြန်းပြီး နာမည်စာရင်းနှင့် လူတိုက်ဆိုင်စစ်ဆေးခြင်းများ လုပ်ခဲ့သည်ဟု ဒေါ်မနီက ပြောသည်။
“အိမ်ထဲကိုဝင်ပြီး ရှာဖွေတာတွေတော့ မလုပ်ဘူး။ ခြံထဲကိုရော လူတွေကိုရော ဓါတ်ပုံတွေ ရိုက်သွားတယ်” ဟု ဒေါ်မနီက ပြောသည်။
မင်းပြားမြို့နယ် ဦးစိုးတင့်ရပ်ကွက်ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်းကို မင်းပြားမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးလှသိန်းအောင်က အတည်ပြုသည်။ မည်သည့်အတွက်ကြောင့် အဆိုပါရပ်ကွက်တစ်ခုတည်း၌ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သည်ကိုမူ မသိရပါ။
ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
ယခင်က မြို့အဝင်အထွက် ဂိတ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ဖူးသော်လည်း ယခုလိုမြို့တွင်းရှိရပ်ကွက်များကို ဝင်ရောက်စစ်ဆေးမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည့်အတွက် မြို့ခံများက စိုးရိမ်မှုများရှိနေသည်ဟု မင်းပြားမြို့ခံ စစ်ရှောင်များအရေး ကူညီပေးနေသူ ကိုအမ်းသားကြီးက ပြောသည်။
ယနေ့နံနက်ထိပင် မင်းပြားမြို့တွင်း၌ တပ်မတော်စစ်ကြောင်း အချို့ လှုပ်ရှားလျှက်ရှိသလို မင်းပြား မြို့အစွန်တွင်လည်း လုံခြုံရေးအဖွဲ့များက နေရာယူထားသည်ကို တွေ့ရသည်ဟု ကိုအမ်းသားကြီးက ဆိုသည်။
မင်းပြားမြို့နယ်အရှေ့ဘက်ရှိ ရာမောင်တံတားအနီးတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် ဧပြီ ၂၀ ကလည်း ကိုရိုနာဗိုင်းရပ် စစ်ဆေးရန် အာခေါင်တို့ဖတ် နမူနာများ ယူဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကားတစ်စီးသည် ရာမောင်တံတားအနီး၌ အပစ်ခတ် ခံခဲ့ရသဖြင့် WHO ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည်။
WHO ဝန်ထမ်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA တို့က အပြန်အလှန် စွပ်စွဲလျှက်ရှိပြီး အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ရာမောင်တံတားအနီးရှိ တောင်ကုန်းများကို ဧပြီ ၂၀ မှ မေလဆန်းပိုင်းအထိ တပ်မတော်က နယ်မြေရှင်းလင်းခဲ့ရာမှ နှစ်ဖွဲ့ကြားတိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သေးသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











