သတင်း

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်နှစ် ၃၀ ချ

ရာထူးတာဝန်ကို အလွဲသုံးစားလုပ်၍ အဂတိလိုက်စားကြောင်း ထင်ရှားသဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ထောင်ဒဏ်အနှစ် ၃၀ ကျခံစေရန် တနင်္သာရီတိုင်းတရားရုံးက ယနေ့အမိန့်ချမှတ်လိုက်သည်။ 

နာမည်ကျော် လေယာဉ်ကွင်းချုံရှင်းမှုအပါအဝင် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ အဂတိလိုက်စားမှုများကြောင့်  ဒေါက်တာလဲ့လဲ့မော်ကို ၂၀၁၉ မတ်လအတွင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၄ မှုခွဲ၍ တရားစွဲဆိုထားခြင်းဖြစ်သည်။

ဒေါက်တာလဲ့လဲမော်ကို ပထမ ၂ မှုအတွက် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး GGS ကုမ္ပဏီနှင့်ပတ်သက်သည့် နှစ်မှုအတွက် ၁၀ နှစ်စီကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်၍ အမှု ၄ မှုအတွက် စုစုပေါင်း နှစ် ၃၀ သာ ကျခံရမည်ဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ဒေါက်တာလဲ့လဲ့မော်အနေဖြင့် အယူခံဝင်လိုပါက ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြရမည်ဖြစ်သော်လည်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးနိုင်လင်းထွန်းကမူ ဒေါက်တာလဲ့လဲ့မော် အယူခံဝင်၊မဝင်ကို မိသားစုက မဆုံးဖြတ်ရသေးကြောင်းဆိုသည်။

ယင်းအမှုများမှာ လမ်းဦးစီးကို ငွေ နှစ်ဘီလျံနီးပါး တစ်လုံးတစ်ခဲတည်း ချပေးခဲ့ပြီး ဒေါက်တာလဲ့လဲ့မော် ခင်ပွန်း နာမည်ဖြင့်ဝယ်ထားသော မြေကွက်ကို ခြံစည်းရိုးကာရန်ခိုင်းစေမှု၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၏ အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်းလေးထောင်ကို အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ချုံရှင်းခဲ့သည့်အမှုနှင့် ကျန်တတိယအမှုနှင့် စတုတ္ထအမှုမှာ GGS ကုမ္ပဏီနှင့်ပတ်သက်သည့် အမှုတို့ဖြစ်သည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် တိုင်းအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုခဲ့ပြီး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဖြင့် မဆုံးဖြတ်မီကတည်းက ယင်းကုမ္ပဏီဖြင့် စာချုပ်တွင် ကွက်လပ်များထားကာ ကြိုတင်ချုပ်ဆိုထားခဲ့ပြီးဖြစ်သည်။

စတုတ္ထအမှုမှာ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နှင့်မြေကို GGS ကုမ္ပဏီအားကျပ်သိန်း ၂၀၀၀ ဖြင့် ရောင်းချခဲ့ပြီး ယင်းကုမ္ပဏီကို ဆောက်လုပ်ရေးလုပ်ငန်းများ ချထားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ GGS နှင့်ပတ်သက်သည့်အမှုများအတွက် GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် မန်နေဂျာ ဦးသူရအုံတို့ကိုလည်း တရားစွဲဆိုခဲ့ပြီး ၎င်းတို့ ၃ ဦးကို လာဘ်စားမှုကို အားပေးကူညီမှုဖြင့် တရားစွဲဆိုခဲ့သည်။

GGS ကုမ္ပဏီမှ မန်းနေဂျင် ဒါရိုက်တာ ဦးသိန်းထွေး နှင့် ဦးအောင်မြတ်တို့ကို အမှုနှစ်မှုအတွက် ၁၀ နှစ်စီ တစ်ပေါင်းတည်း ကျခံစေရန် ချမှတ်ခဲ့ပြီး စတုတ္ထအမှုတွင် ပါဝင်သော GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံကိုမူ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့သည်။

ယင်းအပြင် ကာလပေါက်ဈေးထက်များစွာပိုမိုသောနှုန်းဖြင့် GGS ကုမ္ပဏီကိုရောင်းချခဲ့သည့် ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်းနေအိမ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူရန်လည်း တရားရုံးက ဆုံးဖြတ်သည်။

အယူခံကာလကျော်လွန်ပါက ဒေါက်တာလဲ့လဲ့မော်မိသားစုပိုင် သရက်ချောင်းမြို့နယ်ရှိ နေအိမ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်သည်။

ယင်းပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်ထံ မေးမြန်းရာ တနင်္သာရီတိုင်းတရားရုံးမှ တရားဝင်အကြောင်းကြားစာ မရောက်ရှိသေး၍ တရားခံ၏ နေအိမ်အား မည်သို့ စီမံခန့်ခွဲမည်ကို မပြောနိုင်သေးကြောင်းဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ တွင် နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button