ဆောင်းပါး

ဒေါ်လာ သန်း ၃၃၀ တန် Y Complex စီမံကိန်း တပ်ကို ကြွယ်ဝနေစေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်

စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဆောက်လုပ်နေသည့် အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းမှ ဝင်ငွေသည် အရပ်သားအစိုးရ၏ ကြီးကြပ်မှု မရှိဘဲ မြန်မာတပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ငွေကြေးထောက်ပံ့ပေးသည့်သဘော သက်ရောက်နေလိမ့်မည်ဟု မြန်မာနိုင်ငံအတွက် တရားမျှတမှု (Justice for Myanmar) အဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

ကန်ဒေါ်လာ ၃၃၂ သန်း တန်ဖိုးရှိ Y Complex စီမံကိန်းသည် ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်၌ တည်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးပိုင် ဧကခန့်ရှိ မြေနေရာကို ငှားရမ်းကာ ယင်း ဧကအနက် ဧက မြေနေရာတွင် ယင်းစီမံကိန်းကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ အခန်း ၂၅၂ ခန်း ပါဝင်မည့် Okura ဟိုတယ်လုပ်ငန်းအုပ်စု၏ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံးနှင့် ရုံးခန်းများ ပါဝင်သည့် အဆိုပါ အဆောက်အအုံစီမံကိန်းကို ၂၀၂၁ ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်ဟု စီမံကိန်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်၏ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအား ငွေကြေးပံ့ပိုးစေမည့် အလားအလာ မြင့်မားစွာ ရှိနေပါလျက်နှင့် အရပ်ဘက် ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြပ်မှု လုံးဝမရှိသော အဆိုပါ သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar ၏ ယနေ့ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စီမံကိန်းကို ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီများဖြစ်သည့် Fujita Corporation ၊ Tokyo Tatemono တို့အပြင် ဂျပန်အစိုးရနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပူးပေါင်းတည်ထောင်ထားသော Japan Overseas Infrastructure Investment Corporation for Transport and Urban Development နှင့် မြန်မာနိုင်ငံဘက်မှ ဧရာဟင်္သာကုမ္ပဏီ၏ လက်အောက်ခံစီးပွားရေးတစ်ခုဖြစ်သည့် Yangon Technical and Trading (YTT) ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။

“မြန်မာစစ်တပ်နဲ့ စီးပွားရေး နှောင်ဖွဲ့မှုရှိနေတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေဟာလည်း ဒီစစ်ရာဇဝတ်မှုကြီးတွေမှာ အလိုတူအလိုပါ ပါဝင်ပတ်သက်နေတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ် ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

YTT က မြေနေရာကို တပ်မတော်စစ်ထောက်ချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တို့၏ ရုံးများမှ တိုက်ရိုက်ငှားရမ်းထားခြင်း ဖြစ်ကြောင်း Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ၂၀၁၃ ခုနှစ် ရက်စွဲပါ မြေငှားရမ်းမှုစာချုပ်အရ သိရသည်။ ငှားရမ်းသူအဖြစ် ဒုတိယစစ်ထောက်ချုပ် ဗှိုလ်မှူးကြီး အောင်မင်းသိန်း ဖြစ်ကြောင်းလည်း တွေ့ရသည်။

ငှားရမ်းခကို မြန်မာကျပ်ဖြင့်သော်လည်းကောင်း အမေရိကန်ဒေါ်လာဖြင့်သော်လည်းကောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေစာရင်းထဲသို့ တိုက်ရိုက်လွှဲကာ ပေးချေရမည်ဖြစ်ကြောင်းလည်း မြေငှားရမ်းမှု စာချုပ်အရ သိရသည်။

စီမံကိန်းမြေနေရာ ငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကန်ဒေါ်လာ ဒသမ ၁၈ သန်း ပေးသွင်းရသည်ဟု YTT ကုမ္ပဏီ၏ ဒါရိုက်တာ ဦးနီနီလွှမ်းမိုးက Myanmar Now ကို ပြောသည်။

မြေငှားရမ်းစာချုပ်တွင် ငှားရမ်းခငွေများ တပ်မတော်၏ ဘဏ်စာရင်းတစ်ခုထဲသို့ လွှဲပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း Myanmar Now ကဖတ်ရှုခွင့်ရခဲ့သော ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစိုးရ၏ အထွေအထွေ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အစီရင်ခံစာများတွင် Y-Complex မြေငှားရမ်းခငွေများအကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်ကို မတွေ့ရှိရပေ။ 

 စီမံကိန်းမြေနေရာငှားရမ်းခသည် စစ်ထောက်ချုပ်ရုံးသို့ တိုက်ရိုက်ပေးသွင်းရသော်လည်း တပ်မတော်၏ ဘဏ္ဍာသို့ တိုက်ရိုက်ရောက်သည်ဟု” မယူဆကြောင်း”၊ စီမံကိန်းမှာလည်း လက်ရှိအစိုးရ၏ တရားဝင်ခွင့်ပြုချက်နှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်းကြောင့် ထိခိုက်နစ်နာစေနိုင်သည်များကို ကြိုတင်စိစစ်ခြင်းနှင့် ကာကွယ်တားဆီးရေးအစီအမံများ (due diligence) ဆောင်ရွက်ပြီးမှသာ လုပ်ငန်း အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဦးနီနီလွှမ်းမိုးက ပြောသည်။

စီမံကိန်းမြေနေရာကို စစ်ထောက်ချုပ်ရုံးက ကနဦး နှစ် ၅၀ ငှားရမ်းခွင့်နှင့် ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ကို တည်ဆောက်၊ လည်ပတ်၊ ပြန်လည်လွှဲပြောင်းစနစ် (BOT) ဖြင့် ငှားရမ်းထားသည်။ နိုင်ငံသားပိုင် YTT ၏ စီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၃ တွင် ခွင့်ပြုပေးခဲ့ပြီးနောက် ဂျပန်ကုမ္ပဏီများ၏ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ရရှိပြီး ဖက်စပ်စီမံကိန်းကိုမူ ၂၀၁၆ တွင် ထပ်မံခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

စီမံကိန်းမြေနေရာတွင် ယခင်က သမိုင်းဝင်ဂျူဗလီဟော တည်ရှိခဲ့ပြီး ဂျူဗလီဟောမှာ အင်္ဂလိပ်ကိုလိုနီဘဝမှ လွတ်မြောက်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အဆောက်အအုံလည်း ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ဈာပနအခမ်းအနား ပြုလုပ်ခဲ့ရာနေရာလည်း ဖြစ်သည်။

စစ်သမိုင်းပြတိုက်တစ်ခု တည်ဆောက်ရန် ၁၉၈၅ ခုနှစ်တွင် ဂျူဗလီဟောကို ဖြိုချခဲ့ပြီး ပြတိုက်ကို ၁၉၉၄ တွင် ဖွင့်လှစ်ခဲ့သည်။ ယခု Y Complex စီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပါ စစ်သမိုင်းပြတိုက်အဆောက်အအုံကို ၂၀၁၇ တွင် ထပ်မံဖြိုချခဲ့သည်။

(တင်ထက်ပိုင် ပူးပေါင်းရေးသားသည်)

Show More

Related Articles

Back to top button