ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်လျှင် ကျပ်သန်းတစ်သောင်းခွဲခန့် ကုန်ကျမည်ဖြစ်၍ ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်သည်
ပြည်ထောင်စုလွှတ်တော်၌ တစ်နှစ်ကျော်ကြာ ဆွေးနွေးငြင်းခုံခဲ့ပြီးနောက် ပြင်ဆင်ရန်သဘောတူထားခဲ့သည့် ပုဒ်မနှစ်ခုမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် မဖြစ်နိုင်သဖြင့် မူလအတိုင်းသာထားရှိရန် ပြည်ထောင်စုလွှတ်တော်က ယနေ့ဆုံးဖြတ်လိုက်သည်။
ယင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော အိုမင်းမစွမ်း’ကို‘သက်ကြီးရွယ်အို’၊ ‘မသန်မစွမ်း’ကို ‘မသန်စွမ်း’ဟု စာသားပြင်ဆင်ရန် မတ်လအတွင်းဆုံးဖြတ်ထားသည့် အခြေခံဥပဒေပုဒ်မ ၃၂(က) နှင့် (ခ)တို့မှာ ယခင်အတိုင်းသာဆက်ရှိမည်ဖြစ်သည်။

ယင်းပုဒ်မ ၂ ခုမှာ အစိုးရ၏လုပ်ငန်းများအပေါ် ပြောင်းလဲအကျိုးသက်ရောက်မှုများစွာမရှိခြင်းနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကုန်ကျမှု အခြေအနေတို့ကြောင့် နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲကျင်းပလျှင် ပိုမိုသင့်တော်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်းရှင်းပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူလိုက်ခြင်းဖြစ်သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တွက်ချက်မှုအရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပလျှင် ကျပ်သန်းတစ်သောင်းခွဲနီးပါး ကုန်ကျမည်ဟု ကော်မရှင်ကဆိုသည်။
ယင်းသို့ပင် ပထမအကြိမ် လွှတ်တော် သက်တမ်း(၂၀၁၁-၂၀၁၅)တွင်လည်း နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်၌ ‘စစ်ရေးအမြင်’ အစား ‘ကာကွယ်ရေးအမြင်’ ဟု ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၌ သဘောတူခဲ့သော်လည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မပြုလုပ်နိုင်၍ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။


အခြေခံဥပဒေပြင်ဆင်ရေးအခန်းပါ ပုဒ်မ ၄၆၃(က)နှင့်အကျုံးဝင်သောယင်းပုဒ်မ များကို အတည်ပြုပြင်ဆင်နိုင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်က ထောက်ခံချက်ပေးရန် လိုအပ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












