“ဘေးထွက်ဆိုးကျိုးရှိနိုင်သလားဆိုတာ လောလောဆယ်တော့ တို့တွေ မသိနိုင်ဘူး”

မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ပုသိမ်ကြီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးကို လွှတ်တော်အစည်းအဝေးတစ်ခုတွင်တွေ့ရစဉ်
မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ပုသိမ်ကြီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးကို လွှတ်တော်အစည်းအဝေးတစ်ခုတွင်တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အောင်သပြေကျေးရွာအနီး ရန်ကုန်အခြေစိုက် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလိမိတက်က အကောင်အထည်ဖော်မည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်သူဒေသခံများနှင့် ကုမ္ပဏီတို့အကြား ဖြစ်ပေါ်နေသည့် ပြဿနာများနှင့်ပတ်သက်ပြီး ယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး (တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ) ကို Myanmar Nowက ဆက်သွယ်မေးမြန်းထားပါသည်။

Myanmar Now- ဘယ်လိုအကျိုးကျေးဇူးတွေကြောင့် ဒီစက်ရုံစီမံကိန်းကို ခွင့်ပြုခဲ့တာပါလဲ။

ဖြေ- ဒါကတော့ စီမံကိန်းလုပ်ငန်းကြီးတစ်ခုလုပ်တာပဲ။ အဲဒီလို လုပ်တယ်ဆိုကတည်းက အလုပ်သမားလိုအပ်ချက်တွေ ဘာတွေလဲရှိမှာပဲ။ ဒေသခံတွေ အလုပ်တွေဘာတွေ ရနိုင်တာပေါ့။ နောက်တစ်ခုက လုပ်ငန်းတွေရတာ မရတာထက် အခု လမ်းကြီးတွေဖောက်တယ်ပေါ့။ ကျေးရွာဘေးမှာ စာသင်ကျောင်းတွေလည်း ဆောက်ပေးတယ် ပြောတယ်။ ဒါတွေလုပ်ပေးခြင်း အားဖြင့် ဒို့ဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ရတာပေါ့။ အမှန်ဆို နိုင်ငံတော်ဘတ်ဂျက်အနေနဲ့ လုပ်ရမယ်ဆိုရင် ဒီလိုလမ်းတွေဆိုရင် ကောင်းကောင်းမွန်မွန်ဖြစ်အောင် မလုပ်နိုင်ဘူးပေါ့။ ရတဲ့ဘတ်ဂျက်က နည်းတဲ့အခါကျတော့ အခု သူတို့တွေက လုပ်ပေးနေတော့ ဒို့ဒေသအတွက် တိုးတက်မှုတွေ ရှိတာပေါ့။

Myanmar Now-စက်ရုံအဝင်လမ်းဟာ ရွာသူရွာသားတွေရဲ့လယ်မြေတွေပေါ်ကနေ ဖောက်သွားတယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ- လမ်းဖောက်တယ်ဆိုတာကလည်း အစိုးရဌာန လမ်းဦးစီးကနေပြီး ဒီလမ်းတွေကို ဖောက်ပေးတာ ပြည်သူတွေရဲ့လမ်းတွေမြေတွေ ပါနေမယ်ဆိုရင် လမ်းဦးစီးကလည်း လက်ခံမှာ မဟုတ်ပါဘူး အဲဒီတော့ လမ်းဦးစီးဌာနကနေ ဦးဆောင်ပြီး လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ သူတို့မြေတွေ ပါတယ် မပါဘူးဆိုတာ ကျွန်တော်တော့ မသိဘူး။ ပါတယ်ဆိုတာတော့ မဖြစ်နိုင် လောက်ဘူးလို့ ထင်တယ်။ လူထုက ပါနေတယ်ဆိုရင်လည်း အစိုးရအနေနဲ့ကလည်း ဒါမျိုးကို လက်ခံမှာမဟုတ်ဘူး။

Myanmar Now- ဒီစက်ရုံက ကျောက်မီးသွေးစွမ်းအင်သုံးလို့ သိရတယ်။ ကျောက်မီးသွေးကြောင့် ဒေသခံတွေအတွက် ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေ ရှိနိုင်သလား။

ဖြေ- စက်ရုံတည်လိုက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးရှိနိုင်သလားဆိုတာ လောလောဆယ်ကတော့ တို့တွေ မသိနိုင်ဘူးပေါ့။ နိုင်ငံတော်အနေနဲ့ ဒီစက်ရုံကြီးချပေးလိုက်တာ ဗလိုင်းချပေး လိုက်တာမဟုတ်ဘူး။ ဒီစက်ရုံကြီး မတည်ဆောက်ခင် ဒီစက်ရုံစီမံကိန်းလုပ်မယ်ဆိုကတည်းက ပုသိမ်ကြီးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ဒီကိစ္စကို လွှတ်တော်မှာတင်တယ်။ လွှတ်တော်တင်တဲ့အခါကျတော့ ဦးအုန်းဝင်းက လာပြီးဖြေတယ်။ ဒီဟာကြီးလုပ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေရှိသလား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တွေ ရှိသလား။ ဒါတွေကို သက်ဆိုင်ရာဌာနတွေက ကွင်းဆင်းစစ်ဆေးမယ်၊ ထိခိုက်တယ်ဆိုရင် လုပ်ပိုင်ခွင့်မပြုဘူး။ မထိခိုက်ဘူးဆိုမှ ဒါကို လုပ်ပိုင်ခွင့်ပြုမယ် ဆိုပြီးတော့ ဖြေခဲ့တယ်။ သူဖြေတဲ့အတိုင်းပဲ သက်ဆိုင်ရာ ပြည်ထောင်စုက ဌာနဆိုင်ရာတွေအားလုံး ကွင်းဆင်းပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘူးလို့ ဆိုတဲ့အတွက် သူတို့ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးလိုက်တယ်။ ခွင့်ပြုတာကိုက အကြောင်းမဲ့ ခွင့်ပြုတာတော့ မဟုတ်ဘူးပေါ့။

Myanmar Now-စီမံကိန်းမဆောက်မီကရော ဒေသခံရွာသူရွာသားတွေကို ဒီစီမံကိန်းပတ်သက်လို့ ကြိုတင် အသိပေးခဲ့တာရှိသလား။

ဖြေ-အဲဒါကတော့ ကုမ္ပဏီကနေ အသိပေးတာတွေ ရှိမယ်ထင်ပါတယ်။ အဲဒါတော့ ကျွန်တော်တို့ မသိဘူး။ နောက်တစ်ခုပြောချင်တာက အဲဒီဒေသခံမှာ ပုသိမ်ကြီးမြို့နယ်ပါတယ်၊ မတ္တရာမြို့နယ်ပါတယ်၊ နယ်မြေနှစ်ခု ခွနေတာပေါ့။ ကျွန်တော်တို့ သိရသလောက်ကတော့ ဒီစီမံကိန်းလုပ်ချင်တဲ့အင်အားစုက အများစုဖြစ်နေတယ်။ ကန့်ကွက်တယ်ဆိုတဲ့လူက လူနည်းစု ဖြစ်နေတယ်။ လူနည်းစုမှ တော်တော့်ကို နည်းတယ်လို့ ပြောတယ်။ ထောက်ခံတဲ့လူက လေး၊ ငါး၊ ခြောက်ထောင်လောက်ကို ရှိတယ်လို့ပြောတယ်။ ဒီအနေအထားအပေါ်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ထောက်ခံတဲ့လူဦးရေ ကန့်ကွက်တဲ့လူဦးရေ ဒီစာရင်းတွေကို ကောက်တယ်လို့ ပြောတယ်။ နောက်တစ်ခါ သက်ဆိုင်ရာမြို့နယ် သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ကန့်ကွက်တဲ့လူတွေ ဘာတွေကန့်ကွက်တာလဲ၊ သူတို့ ဘာတွေလိုချင်တာလဲဆိုတာ တစ်ကြိမ်မဟုတ်ဘူး နှစ်ကြိမ်သုံးကြိမ်မက ညှိနှိုင်းတယ်လို့ ကြားတယ်။ ဒါတွေညှိနှိုင်းပြီးတဲ့အခါကျမှ ဒေသခံတွေဟာ ဘယ်လိုမှ ပြောမရဘူးတွေ ဖြစ်လာတာကြောင့် အစိုးရအဖွဲ့အစည်းအနေနဲ့က တရားစွဲတာတွေဘာတွေ ဖြစ်လာရတာပေါ့။ အဲဒီတော့ အစိုးရအနေနဲ့ … လူထုမျက်နှာမကြည့်ဘဲနဲ့ လုပ်လိုက်တာမျိုး လုံးဝမရှိဘူး။

Myanmar Now-ဒါဆို ဒေသခံတွေပြောတဲ့ ထောက်ခံတယ်ဆိုတဲ့ လက်မှတ် ၅၀၀၀ က တကယ်ဒေသခံတွေရဲ့ထောက်ခံမှု လုံးဝမဟုတ်ဘဲ ကုမ္ပဏီဘက်ကနေ အစိုးရကို လီဆယ်ပြီး တင်တယ်လို့ ဒေသခံတွေက စွပ်စွဲတယ် အဲဒီအပေါ်မှာ ဆရာတို့ ကွင်းဆင်းပြီး မှန်မမှန် စစ်ဆေးခဲ့တာတွေ ရှိသလား။

ဖြေ-ကွင်းဆင်းပြီး စစ်ဆေးရမယ့်အလုပ်က ဦးတို့အလုပ် မဟုတ်ပါဘူး။ ဒီမဲတွေက အစိုးရရုံးက တောင်းတာပါ ဒို့လွှတ်တော်က လုပ်ခိုင်းတာ မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဌအနေနဲ့ လုပ်ရတာ မဟုတ်ပါဘူး။ ဒါ အစိုးရအဖွဲ့ကလုပ်တာပါ။

MyanmarNow- စီမံကိန်းကန့်ကွက်ခဲ့တဲ့ ရွာသားငါးဦးကို ပုဒ်မအများကြီး စွဲထားတဲ့ အထဲက တစ်မှုကို နိုဝင်ဘာ ၂၈ ရက်နေ့က ထောင်တစ်လ ချလိုက်တယ်။ အဲဒီတော့ စီမံကိန်းနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အရေးယူမှုတွေဟာ အခြေခံဥပဒေအရ ပေးထားတဲ့ နိုင်ငံသားအခွင့်အရေးတွေကို ဖိနှိပ်တယ်လို့ ပြောမရနိုင်ဘူးလား။

ဖြေ-အဲဒါကတော့ တရားစီရင်ရေးလမ်းကြောင်းက သွားတာ။ တစ်ခု ပြောချင်တာကဒီမိုကရေစီအစိုးရ ပြည်သူ့အစိုးရ လက်ရှိလုပ်ကိုင်နေတဲ့စနစ်ကို အားလုံးသိပြီးသားပါ။ ဒီမိုကရေစီ အစိုးရပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့ ဥပဒေကိုတော့ မဆန့်ကျင်နဲ့ပေါ့။ ဆန့်ကျင်လို့ကတော့ ဘာပဲဖြစ်ဖြစ် အရေးယူမှုကတော့ လုပ်ရမှာပဲ။ ဥပဒေနဲ့အညီ လုပ်ကြပေါ့။ ကန့်ကွက်တာတွေ ဆန္ဒပြတာတွေ အများကြီး အစိုးရဘက်ကနေ လိုက်လျောမှုတွေ ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တာတွေ ကျွန်တော်သိတယ်။

MyanmarNow-တိုင်းအစိုးရရုံးကို ဆွေးနွေးဖို့သွားတော့ ဝန်ကြီးချုပ်က အတွေ့မခံဘူးလို့ ရွာသားတွေက စွပ်စွဲတယ် အဲဒါဟုတ်သလား။

ဖြေ-စဉ်းစားကြည့်လေ ဝန်ကြီးချုပ်က နေရာတကာ လူတိုင်းကို တွေ့စရာမလိုဘူး။ သူက မတွေ့ချင်လို့ အခြားသူတစ်ယောက် တွေ့ခိုင်းပြီလေ။ ဒါ ဝန်ကြီးချုပ်ကိုယ်စား တွေ့ခိုင်းတာပဲ။ ဝန်ကြီးချုပ်နဲ့ တွေ့ရမှ … ဒါမျိုးကြီးတော့ မလုပ်ကြနဲ့လေ။ ဝန်ကြီးချုပ်ခိုင်းတဲ့လူတွေ့ရင် ဝန်ကြီးချုပ်တွေ့တဲ့သဘောပဲလေ။

Myanmar Now-အခုထောင်ချခံရတဲ့သူတွေရဲ့မိသားစုဝင်တွေက သူတို့အိမ်ထောင်ဦးစီးတွေကို ထောင်ချထားလို့ လုပ်ကိုင်စားသောက်ရ ခက်ခဲနေတဲ့အတွက် စျေးချိုမှာ တောင်းရမ်းစားသောက်တာတွေ မနေ့က လုပ်သွားတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ-ဒါကတော့ ကျွန်တော်တို့မသိဘူး အမျိုးသား ထောင်ကျသွားလို့ လုပ်ကိုင်စရာမရှိဘူး ဘာညာဆိုတာ ပြောချင်တာ ပြောလို့ရတာပေါ့။ နဂိုက ဒါဆို ဘာတွေလုပ်စားကြတာလဲ ဘာလုပ်တယ်ဆိုတာ ကျွန်တော်လည်း မသိဘူးပေါ့နော်။ သဘာဝကျလား မကျလား စဉ်းစားကြည့်ကြပေါ့။

Myanmar Now-အခု ဒီပုသိမ်ကြီးမြို့နယ်ဟာ လွှတ်တော် ဥက္ကဋ္ဌရဲ့ မြို့နယ်ဖြစ်တဲ့အတွက် ခုလိုပြဿနာဖြစ်နေတဲ့အပေါ်   ဒေသခံတွေနဲ့ ကုမ္ပဏီကြား ဝင်ဆွေးနွေးပေးခဲ့မှုတွေ ရှိသလား။

ဖြေ- တို့ အဲဒီလိုတော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ပထမတုန်းကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ လူထုတွေ့ဆုံပွဲတွေဘာတွေ လုပ်တယ်။ အဲလိုလုပ်တဲ့အခါ ဦးသောင်းဌေးလင်းလည်း ပါတယ်။ ဦးရဲမင်းဦးလည်း ပါတယ်။ တွေ့ဆုံတဲ့အခါ ဦးသောင်းဌေးလင်းက ဒီကိစ္စကို လွှတ်တော် တင်ပေးမယ်ဆိုပြီးတော့ သူပြောခဲ့တယ်။ ပြောတဲ့အတိုင်းပဲ ပြည်သူ့လွှတ်တော်ကို တင်ပေးတယ်။ အဲဒီတွေ့ဆုံပွဲ လုပ်တုန်းက တို့ လူထုဘက်ကနေ ရပ်ပြီး ပြောခဲ့တာပဲ။ တို့တွေဘက်က လွှတ်တော်ကို တင်မပေးဘူးဆိုလည်း တစ်မျိုးပေါ့။ အစိုးရဘက်က ညှိနှိုင်းမှုတွေမလုပ်ဘူးဆိုလည်း တစ်မျိုးပေါ့။ သူတို့နဲ့ကုမ္ပဏီကြားကို အစိုးရအနေနဲ့ ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တာပဲ။

Myanmar Now-ဖြည့်စွက်ပြီး ပြောချင်တာရှိသေးလား

ဖြေ-ဘာပဲဖြစ်ဖြစ် ဒို့က ပုသိမ်ကြီးမြို့နယ်သားဆိုတော့ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ချင်တာပေါ့။ ဒီလိုသာ လူနည်းစုကကန့်ကွက်တိုင်း ဖွံ့ဖြိုးမှုတွေ မလုပ်ရဘူးဆိုရင် ဒို့တိုင်းပြည် ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်မှာလဲ။

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading