ကိုဗစ်ကာလကန့်သတ်ချက်များကြောင့် နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်းမရွေးရသေး

ရွေးကောက်ပွဲကို နှစ်မကုန်မီကျင်းပမည်ဟုဆိုထားသဖြင့် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုစရတော့မည့်အချိန်ကာလတွင် ကပ်ရောဂါကအတားအဆီးလာဖြစ်နေသည်

Published on May 14, 2020

ယခုနှစ်တွင် ကျင်းပရန်အချိန်စေ့သည့် အထွေထွေရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လဆန်းပိုင်းက ကြေညာထားသော်လည်း လက်ရှိ ကပ်ရောဂါတားဆီး ကာကွယ်ရေး အစီအမံများကြောင့် နိုင်ငံရေးပါတီများမှာ ကိုယ်စားလှယ်လောင်းရွေးချယ်ရေး ဘာမျှ မလုပ်နိုင်ကြသေးပါ။

ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း ယခင် ရွေးကောက်ပွဲနှစ်ကြိမ်စလုံးကို နိုဝင်ဘာလအတွင်းကျင်းပခဲ့သည်။ အကယ်၍ ယခုတစ်ကြိမ်မှာလည်း နိုဝင်ဘာလမှာသာကျင်းပဖြစ်မည် ဆိုပါက ရွေးကောက်ပွဲကျင်းပရန် ငါးလကျော်ကျော်သာ လိုတော့သည်။

ယခုမေလလယ်သို့ ရောက်ရှိလာချိန်အထိ ရွေးကောက်ပွဲကျင်းပမည့်ရက်အပါအဝင် ပါတီစည်းရုံးရေးကာလ၊ ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းမှုစသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးပေ။

၂၀၁၅ ရွေးကောက်ပွဲကာလတွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခွင့်ကာလကို ဇူလိုင် ၂၀ မှ ဩဂုတ် ၈ အထိ ကော်မရှင်က သတ်မှတ်ခဲ့ပြီး ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင်ကျင်းပခဲ့သည်။ ရွေးကောက်ပွဲ မကျင်းပမီ ရက် ၆၀ ကို ပါတီစည်းရုံးရေးကာလအဖြစ် သတ်မှတ်ခဲ့သည်။

သို့သော် ရွေးကောက်ပွဲထပ်မံကျင်းပရန် သက်တမ်းစေ့သည့် ယခုနှစ်တွင်မူ ကိုဗစ်နိုင်တင်းကြောင့် လူစုလူဝေးမလုပ်ရ ကန့်သတ်ချက်အပါအဝင် ခရီးသွားလာရခက်ခဲမှု၊ ညမထွက်ရတားမြစ်မိန့်တို့ကြောင့် ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် အခက်အခဲဖြစ်နေသည်ဟု နိုင်ငံရေးပါတီများက Myanmar Now ကိုပြောသည်။

ထိုသို့ ကိုယ်စားလှယ်လောင်း မရွေးချယ်ရသေးသည်မှာ ပါတီအငယ်လေးများသာမဟုတ်ပါ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကလည်း ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲအတွက်ခြေလှမ်းမပြင်ရသေးကြောင်း ပြောသည်။

လူလေးယောက်ထက်ပိုမို မစုဝေးရသည့်အတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရေး၊ ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိဟု NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်ကြည်ညွန့်ကပြောသလို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမြို့နယ်အမတ်ဦးမောင်မြင့်ကလည်း အလားတူပြောသည်။

ကိုဗစ်နိုင်တင်းကာလအတွင်း ပြည်သူများအနေဖြင့် တတ်နိုင်သမျှအိမ်အတွင်းမှာနေကြရန် အစိုးရက တိုက်တွန်းထားပြီး စားသောက်ဆိုင်များသည်လည်း ပါဆယ်ထုပ်ပိုးရောင်းချရန်နှင့် အိမ်တိုင်ရာရောက် ပို့ဆောင် ရောင်းချရန်သာ အာဏာပိုင်များက အမိန့်ထုတ်ထားသည်။ ထို့ပြင် လူစုလူဝေးအခမ်းအနားများ ပိတ်ပင်ထားသလို ညမထွက်ရအမိန့်ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ထားသည်။

ပွဲမစခင် အပြင်ကမကျင်းပနိုင်

သို့သော် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွှတ်တော်တစ်ရပ်၏ သက်တမ်းသည် လွှတ်တော်စတင်သည့်နေ့မှ ငါးနှစ်ဟုပြဋ္ဌာန်းထားသဖြင့် လက်ရှိလွှတ်တော်အသီးသီးသည် လာမည့် ဇန်နဝါရီလကုန်တွင် သက်တမ်းပြည့်မည်ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲနှစ်တွင် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက မည်သို့ဆောင်ရွက်ရမည်ဟုလည်း လက်ရှိ အခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားသောကြောင့် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပရမည့်အနေအထား ရှိသည်။

ထိုအခြေအနေကြောင့် ယခုနှစ်မှ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသစ်များမှာ ယင်းပြဿနာကို ပိုမိုကြုံတွေ့ကြရပြီး သတ်မှတ်ပါတီဝင်ဦးရေပြည့်ရေး၊ ကိုယ်စားလှယ်လောင်းရရှိရေး၊ ပါတီထောက်ခံသူများ ရရှိရေး အပါအဝင် အခက်အခဲများစွာကြုံတွေ့နေရကြောင်း အဆိုပါ ပါတီများမှ တာဝန်ရှိသူများက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ၎င်းတို့ပါတီတွင် ကိုယ်စားလှယ်လောင်း ၁၀၀၀ နီးပါးလိုအပ်နေပြီး သွားလာခွင့်များ ကန့်သတ်ခံထားရသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောသည်။

“ရွေးကောက်ပွဲကလည်း လုပ်ဦးမယ်။ (အသွားအလာကလည်း) ကန့်သတ်ထားတယ်ဆိုရင်တော့ ရှေ့နဲ့နောက်နဲ့က (မညီဖြစ်)နေတာပေါ့” ဟု၎င်းကပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည့် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)မှာ မြို့နယ်ပေါင်း ၂၆၀ မှ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် လွတ်လပ်စွာ သွားလာခွင့်ပြုရန်လိုအပ်သည်ဟု အမည်မဖော်လိုသည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ပြောသည်။

ကိုဗစ်နိုင်တင်းကန့်သတ်ချက်များကြောင့် ကျန်ပါတီများ အခက်အခဲရှိနေသော်လည်း အာဏာရပါတီမှာမူ ကိုဗစ်နိုင်တင်း လှုပ်ရှားမှုများကို အကြောင်းပြပြီး မဲဆွယ်နေခြင်းမှာ မျှတခြင်းမရှိဟု ၎င်းကဝေဖန်လိုက်သည်။

“ဒီကိစ္စဟာ (ဒီရွေးကောက်ပွဲဟာ) အာဏာရပါတီအတွက်ပဲ အလေးသာနေပြီးတော့ ကျန်တဲ့ ပါတီတွေအတွက် ဘာမှလုပ်လို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်” ဟု၎င်းကပြောသည်။

ယင်းစွပ်စွဲချက်အပေါ် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကြည်ညွန့်က မဟုတ်ကြောင်းငြင်းလိုက်ပြီး ပါတီဝင် လွှတ်တော်အမတ်များမှာ ကော်မတီတစ်ရပ်အနေနှင့် တာဝန်ထမ်းဆောင်နေခြင်းသာဖြစ်ပြီး ပါတီစည်းရုံးရေး လုပ်နေခြင်းမဟုတ်ဟု တုံ့ပြန်သည်။

စစ်ကြောင့်လူပိုသေတဲ့ ရခိုင်

တပ်မတော်နှင့် AA ဟုလူသိများသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများပြင်းထန်နေသည့်အတွက် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် မဲဆန္ဒနယ် အရေအတွက်မှာလည်း မသိရှိရသေးကြောင်း၊ ကိုဗစ်နိုင်တင်း အရေးထက် ရခိုင်စစ်ပွဲအရေးမှာ ၎င်းတို့ပါတီအတွက် ပိုပြီးအကျပ်အတည်းဖြစ်စေကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကဆိုသည်။

“ကိုဗစ်နိုင်တင်းက တစ်နိုင်ငံလုံးမှာမှ ခြောက်ဦးပဲသေတာ။ ကျွန်တော်တို့ ရခိုင်ပြည်မှာက တစ်ရက်တည်းမှာတင် အဲဒီ အရေအတွက်လောက် သေနေတာ” ဟု၎င်းကဆိုသည်။

နောက်ဆုံးရရှိစာရင်းများအရ ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခများကြောင့် ဧပြီတစ်လတည်းတွင် အရပ်သား ၃၀ သေဆုံးပြီးဖြစ်ကာ ၆၆ ဦး ဒဏ်ရာရရှိပြီးဖြစ်သည်ဟု Burma Monitor အဖွဲ့က ထုတ်ပြန်သည်။ စစ်ရှောင်စခန်းများတွင် လူတစ်သိန်းခန့်ခိုလှုံနေရသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး ပါတီ၏ကိုယ်စားလှယ်လောင်းရွေးချယ်ရေး မူဝါဒများကို ချမှတ်နိုင်ခဲ့သော်လည်း ကိုဗစ်နိုင်တင်းရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက်၌ ပါတီလုပ်ငန်းစဉ် အားလုံးကို ရပ်တန့်ထားခဲ့ရကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ပထမဆုံးသော ကိုဗစ်နိုင်တင်းလူနာကို မတ် ၂၃ ရက်တွင် စတင်အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် နိုင်ငံရေးသမားအချို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးခံရမှုများလည်း ရှိနေပြီး ရခိုင်အမျိုးသားပါတီ (ANP)၏ တောင်ကုတ်မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် ယခုလထဲမှာပင် အမှုဖွင့်ဖမ်းဆီးခံထားရသည်။

ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်ကမူ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်းတို့တစ်ဖွဲ့တည်းမဆုံးဖြတ်ဘဲ ကျန်နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ အထောက်အကူပြုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆုံးဖြတ်သင့်ကြောင်း ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရန်မှာ ကိုဗစ်နိုင်တင်းရောဂါကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိပေါ်တွင် မူတည်နေပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးထက် ကပ်ရောဂါကို ကျော်လွှားနိုင်ရေးက ပိုမိုအရေးကြီးသည်ဟု ၎င်းကပြောသည်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading