တစ်ကမ္ဘာလုံးတွင် စစ်ရေးပဋိပက္ခများရပ်တန့်ပြီး ကပ်ရောဂါကိုအာရုံစိုက်ကြရန် တောင်းဆိုနေကြသော်လည်း မြန်မာနိုင်ငံအနောက်ပိုင်းမှာတော့ ပဋိပက္ခများကြောင့် လူပေါင်းသိန်းချီ နေရပ်စွန့်ခွာနေရဆဲဖြစ်သည်
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေ များပြား မြင့်တက်နေသည့်ကိစ္စနှင့် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ အခြေအနေတို့ကို ဆွေးနွေးမည့် ဗီဒီယိုအစည်းအဝေးတစ်ခုကို ကုလသမဂ္ဂလုံခြုံရေးညီလာခံက လာမည့်ကြာသပတေးနေ့တွင် ကျင်းပမည်ဟု သံတမန်ရပ်ကွက်ကိုကိုးကားပြီး AFP က တနင်္လာနေ့တွင် ရေးသားထားသည်။
တံခါးပိတ်အစည်းအဝေးအဖြစ် ကျင်းပမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံက တောင်းဆိုခြင်းဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှဝါနာ ဘူဂီနာကလည်း အစည်းအဝေးတွင် မှတ်ချက်ပေးမည်ဖြစ်သည်ဟု အဆိုပါသတင်းတွင်ဖော်ပြထားသည်။
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အဖွဲ့အစည်းတံဆိပ်ပါ ယာဉ်တစ်စီး ရခိုင်ပြည်နယ်တွင် ပစ်ခတ်ခံရသဖြင့် ဧပြီလကုန်ပိုင်းတွင် ယာဉ်မောင်း သေဆုံးသွားခဲ့သည်။ အဆိုပါဝန်ထမ်းသည် ရခိုင်ပြည်နယ်မှ ကိုဗစ်နိုင်တင်းရောဂါပိုး သံသယလူနာများ၏ နမူနာများကို ဆေးစစ်ရန် ရန်ကုန်သို့ယူဆောင်မောင်းနှင်လာစဉ် မည်သည့်ဘက်က ပစ်လိုက်မှန်းမသိရသည့် ကျည်ထိမှန်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုယာဉ်မောင်းသေဆုံးသည့်ကိစ္စနှင့် ပတ်သက်ပြီး AA နှင့် မြန်မာ့တပ်မတော် နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲထားကြသည်။
ထိုဖြစ်ရပ်အပေါ် အထွေထွေအတွင်းရေးမှူးချုပ် အန်တီနီယို ဂူတာရက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကျူးလွန်သူများကို တရားစီရင်နိုင်ရေးအတွက် “ပြီးပြည့်စုံပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှု” ပြုလုပ်ရန်ဆောင်းဆိုခဲ့သည်ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် အပစ်အခတ်ရပ်စဲကြပြီး ကပ်ရောဂါကြောင့် ဒုက္ခရောက်ပြည်သူများကို ကူညီကြရန် တောင်းဆိုနေကြချိန်တွင် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီက ဖေဖော်ဝါရီလအတွင်း နောက်ဆုံးအစည်းအဝေးလုပ်ခဲ့စဉ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်မည့် ပူးတွဲကြေညာချက်ထုတ်ပြန်မည့်ကိစ္စကို တရုတ်က တားဆီးခဲ့သည်။
ပြီးခဲ့သည့်နှစ်အစောပိုင်းကတည်းက ပြင်းထန်လာခဲ့သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများကြောင့် လူပေါင်းသောင်းနှင့်ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးဖြစ်သလို ရာဂဏန်းရှိသော အရပ်သားများလည်း သေဆုံး၊ ဒဏ်ရာရခဲ့ပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်ဖက်နှင့်ပတ်သက်ဆက်နွှယ်သည်ဟု သံသယရှိမှုဖြင့် ဒေသခံ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းများ မြန်မာ့တပ်မတော်နှင့် AA နှစ်ဖွဲ့စလုံးက ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာ့တပ်မတော် (ရေ) ပိုင် ရေယာဉ်ဟုယူဆရသည့် ယာဉ်တစ်စီးပေါ်တွင် အရပ်ဝတ် လူငယ်ငါးဦးကို တပ်မတော်သားများဟု ယူဆရသူများက မျက်နှာအဝတ်စည်း၊ လက်ပြန် ကြိုးတုပ်ကာ ရိုက်နှက်ကန်ကျောက်စစ်မေးနေသည့် ရုပ်သံဖိုင်တစ်ဖိုင်လည်း လူမှုကွန်ရက်များတွင် ပျံ့နှံ့လာခဲ့သည်။
အဆိုပါလူငယ်များမှာ AA နှင့်ပတ်သက်သည်ဟု သံသယဖြင့် ပြီးခဲ့သည့်လကုန်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ အရပ်သား ၃၈ ဦးကို တပ်မတော်က ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူများဖြစ်သည်ဟု မိသားစုဝင်အချို့က ပြောထားသည်။
ကိုးကား။ Bangkok Post
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









