ကိုဗစ်နိုင်တီးရောဂါ ကူးစက်ခံရသူများနေထိုင်ရာ ရပ်ကွက်များကို အဓိကထားစစ်ဆေးမည်ဖြစ်ပြီး ချန်းရီဖိနပ်စက်ရုံ တည်ရှိရာရပ်ကွက်ကိုလည်း ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်သည်
ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူများ နေထိုင်ခဲ့သည့် လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်သုံးခုကို မေ ၁၆ တွင် တစ်အိမ်တက်ဆင်း ကျမ်းမာရေးစစ်ဆေးသွားမည်ဟု လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်အမတ်ကပြောသည်။
အဓိကအားဖြင့် လှိုင်သာယာမြို့နယ် ၆ ရပ်ကွက်ရှိ ကျန်စစ်သားအိမ်ယာ၊ ၁၀ ရပ်ကွက်၊ ချန်းရီဖိနပ်စက်ရုံအနီးရှိ ရပ်ကွက်အချို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဦးဝင်းမောင်ကပြောသည်။
ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူ အများဆုံးတွေ့ရှိရသည့် အင်းစိန်မြို့နယ်ကို မေလ ၆ ရက်နေ့က ကျန်းမာရေး စစ်တမ်း ကောက်ယူခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေးစစ်တမ်း ကောက်ယူမည့် ဒုတိယမြောက်မြို့နယ်ဖြစ်သည်။
လှိုင်သာယာမြို့နယ်ပြီးပါက တာမွေမြို့နယ်ကို ဆက်လက်စစ်ဆေးသွားရန် ရှိကြောင်းလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှသိရသည်။
အင်းစိန်မြို့နယ်တွင်နေထိုင်သူ ငါးသောင်းနီးပါးကို ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ရာတွင် ကိုဗစ်နိုင်တင်းရောဂါ သံသယလူနာ ၃ ဦးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး ၁၆ ဦးကို လှိုင်မြို့နယ်ရှိ ကန့်သတ်စောင့်ကြည့်စင်တာသို့ ပို့ဆောင်ခဲ့သည်။
လှိုင်သာယာမြို့နယ်တွင် ယနေ့အထိ ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိသူ ၅ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ၂၆ မိုင်ကျယ်ဝန်းသည့် စက်မှုမြို့တော် လှိုင်သာယာတွင် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၉ စုနှင့် အိမ်ထောင်စု ခြောက်သောင်းကျော်ရှိသည်။
ယင်းအပြင် လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁၃ ခုရှိပြီး စက်ရုံများတွင်လာရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြည်အနှံ့မှ ရွှေ့ပြောင်းအလုပ်သမားများစွာနှင့် အိမ်ထောင်စုစာရင်းမရှိသည့် ကျူးကျော်များလည်း အများအပြားရှိသည်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းတွင် လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၇ သိန်း နီးပါးနေထိုင်ကြောင်း မှတ်တမ်းတင်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










