ကျောင်းပိတ်ရက်ရှည်သွားလျှင် ကလေးများဘဝတစ်သက်တာ ဆိုးကျိုးများရှိနိုင်

မူလတန်းကျောင်းများသည် လူနေမှုအဆင့်အတန်း မြှင့်တင်ပြောင်းလဲနိုင်ရန် အထူးသဖြင့် အရေးပါသည်

လေ့လာသင်ယူရမည့်အရွယ်တွင် ကျောင်းပိတ်ရက်ရှည်ရသွားခြင်းကြောင့် ကလေးငယ်များ၏ တစ်သက်တာအပေါ် ထိခိုက်မည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ လမ်းများပေါ်တွင် ကလေးငယ်များသည် “ကိုရိုနာအားလပ်ရက်” ရကာ လျှပ်စစ်စကူတာများကို တဝီဝီမောင်းနှင်နေကြသည်။ စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ကလေးများမှာမူ အိမ်တွင်းပုန်းကာ ဗီဒီယိုဂိမ်းများ ကစားနေကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ ကလေးများမှာတော့ အိမ်မှာပဲ ညီ၊ ညီမငယ်များကို ကလေးထိန်းလုပ်နေရသည်။ ခန့်မှန်းခြေ တစ်ကမ္ဘာလုံးရှိ ကျောင်းသူကျောင်းသား ၁ ဒသမ ၅ ဘီလျံ၏ သုံးပုံတစ်ပုံသည် ကျောင်းတက်ခွင့် မရတော့ပါဟု ကုလသမဂ္ဂအဖွဲ့ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကဆိုသည်။ တရုတ်ပြည်နှင့် တောင်ကိုရီးယားရှိ ကျောင်းအများစုကို ဇန်နဝါရီလမှစတင်၍ ပိတ်ထားပြီဖြစ်သည်။ ပေါ်တူဂီနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကျောင်းသူ၊ ကျောင်းသားများသည်လည်း စက်တင်ဘာလအထိ ကျောင်းတက်စရာမလိုပါ။

စစ်ပွဲများ၊ အငတ်ဘေးဒုက္ခများနှင့် မုန်တိုင်းများကြားမှာပင် ကျောင်းမပိတ်ဘဲ ဆက်လက်ဖွင့်ခဲ့ဖူးကြသည်။ သို့သော် ယခုလောက်ထိ ကျောင်းများ ရက်ရှည်ပိတ်ထားသည်မှာ မကြုံစဖူးပင်ဖြစ်သည်။ ထိုကြောင့် ဖြစ်လာမည့် အကျိုးဆက်များသည် အလွန်ကြောက်စရာကောင်းသည်။ ကျောင်းများ ရုတ်တရက် ပိတ်လိုက်သောကြောင့် ကလေးထိန်းနေရသော မိဘများသည်လည်း အလုပ်ကို ဖြောင့်ဖြောင့် မလုပ်နိုင်ကြတော့ပါ။ သို့သော် လေ့လာသင်ကြားခွင့်ဆုံးရှုံးရသောကြောင့် ရလာမည့် ရေရှည်အကျိုးဆက်နှင့် နှိုင်းယှဉ်လျှင် လက်ရှိပြဿနာများသည် အသေးအဖွဲသာဖြစ်သည်။ ထိုအကျိုးဆက်များ၏ ဆိုးကျိုးများကို အများဆုံးခံစားကြရမည့်သူများမှာ ပညာရေးကို အလွန်လိုအပ်သော ကလေးငယ်များသာဖြစ်သည်။ ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက ဖြစ်လာမည့်ဆိုးကျိုးများကို ဘဝတစ်သက်တာလုံးပင် ခံစားသွားရနိုင်သည်။

ထို့ကြောင့် ၂၀၀၃ ခုနှစ် စင်ကာပူနိုင်ငံတွင် ဆားစ်ရောဂါကြောင့် ကျောင်းများ နှစ်ပတ်ပိတ်လိုက်ရသည်ကို ပြန်အစားထိုးသည့်အနေဖြင့် ပုံမှန် ဇွန်လတစ်လကျောင်းပိတ်ရက်ကို နှစ်ပတ်လျှော့ချခဲ့သည်။ ကျောင်းများကို ရေတိုခဏပိတ်လိုက်သည်ကပင် ကလေးငယ်များ၏ အနာဂတ်အလားအလာကို ထိခိုက်နိုင်သည်။ အမေရိကန်နိုင်ငံတွင် ရာသီဥတုအခြေအနေကြောင့် ကျောင်းမှန်မှန်မတက်နိုင်သော သုံးတန်းကျောင်းသား (အသက် ၇ နှစ်အရွယ်) များသည် ပြည်နယ်စစ်စာမေးပွဲများတွင် အမှတ်ကောင်းကောင်းမရကြပေ။ ၁၉၉၀ ပြည့်နှစ်တွင် ဆရာ၊ ဆရာမများ ဆန္ဒပြမှုကို ကြုံကြိုက်ခဲ့ရသော ပြင်သစ်စကားပြောသော ဘယ်ဂျီယံကျောင်းသားများသည် ထိုဆန္ဒပြမှုဒဏ်ကို မခံစားခဲ့ရသော ဒတ်ချ်စကားပြော ကျောင်းသားများထက် အတန်းကျဖို့နှင့် အဆင့်မြင့်ပညာရေးဆုံးခန်း တစ်ဝက်တစ်ပျက်ဖြစ်သွားဖို့ အလားအလာပိုများသည်။ သုတေသနစာစောင်အချို့အဆိုအရမူ အမေရိကန်ကလေးများသည် ကျောင်းတွင် တစ်နှစ်ပတ်လုံး လေ့လာခဲ့ရသမျှ၏ ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိကို နွေရာသီကျောင်းပိတ်ရက်ရှည်ရချိန်တွင် မေ့ပျောက်သွားကြသည်ဟုဆိုသည်။

အသက်အငယ်ဆုံး ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းပိတ်ခြင်း၏ ဆိုးကျိုးရလဒ်ကို အများဆုံး ခံစားကြရသည်။ “သင်္ချာသင်ခန်းစာတွေလွတ်သွားရင် နွေရာသီအချိန်ပိုကျောင်းတက်ပြီး စာတွေပြန်လိုက်လို့ရတယ်။ ကလေးငယ်တွေ ငယ်ရွယ်တဲ့အချိန်မှာ စူးစမ်းတတ်မြောက်ရတဲ့ အရာတွေအတွက်တော့ ဒီလိုမျိုး အချိန်ပိုပေးပြီး ပြန်သင်ပေးလို့မရဘူးလေ” ဟု အမေရိကန်နိုင်ငံ နော့သ်ဝက်စတင်းတက္ကသိုလ် (Northwestern University) မှ Matthias Doepke ကပြောသည်။ လူမှုဆက်ဆံရေးစွမ်းရည်၊ စဉ်းစားတွေးခေါ်ဝေဖန်နိုင်ခြင်း၊ ဇွဲရှိခြင်းနှင့် ချုပ်တည်းနိုင်စွမ်းရှိခြင်း စသည့် စိတ်ဓာတ်ရေးရာ စွမ်းရည်များသည် ကလေးငယ်များ အနာဂတ်တွင် ပညာရေးထူးချွန်ခြင်း၊ အလုပ်အကိုင် ကောင်းကောင်းရခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ ပြစ်မှုကျူးလွန်နိုင်ခြင်းစသည့် ရှေ့အလားအလာများကို ဆုံးဖြတ်ပေးနိုင်မည့် အုတ်မြစ်များဖြစ်သည်။ မြီးကောင်ပေါက်အရွယ်ကလေးများသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ မိမိဘာသာလေ့လာသင်ယူနိုင်သော်လည်း ငယ်ရွယ်သော ကလေးများအတွက်မူ အွန်လိုင်းသင်ခန်းစာများကို လူကြီးတစ်ဦးက ရှင်းပြသင်ကြားပေးပါက ပိုမိုတတ်မြောက်လွယ်သည်။

ထို့အပြင် အရေးကြီးသော စာမေးပွဲများကို မဖြေလိုက်ရသော သူများလည်းရှိသည်။ ဂျာမနီနိုင်ငံတွင် မကြာမီ စာမေးပွဲဖြေကြရမည့် အခြေခံပညာအထက်တန်း နောက်ဆုံးနှစ် ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းများပြန်ဖွင့်နေပြီဖြစ်သည်။ သို့သော် နိုင်ငံအတော်များများသည် ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိကြပါ။ တရုတ်ပြည်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို ဇူလိုင်လအထိ ရွှေ့ဆိုင်းထားသည်။ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ကမူ ယခုနှစ် စာမေးပွဲများကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ဆရာ၊ ဆရာမများက ကျောင်းသား၏ ယခင်ပညာရေးအခြေအနေပေါ်မူတည်၍ ကျောင်းသားများကို အဆင့်ခွဲပေးမည်ဖြစ်သည်။ ထိုအစီအစဉ်က ကျောင်းသားများ တန်းတူအခွင့်အရေး မရကြမည်ကို အစိုးရိမ်ပိုစေသည်။ ဆရာ၊ ဆရာမများကိုယ်တိုင်က နိမ့်ကျသည့် ကလေးငယ်များကို မရည်ရွယ်ဘဲ ခွဲခြားဆက်ဆံပြီး အမှတ်နိမ့်နိမ့်သာပေးမည်ကို ကျွမ်းကျင်သူများက ပူပန်နေကြသည်။

နိုင်ငံရှိ မူလတန်းများမှ အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်းပိတ်ထားခြင်းကြောင့် ကလေးငယ်တစ်ဦးလျှင် ၁၇၃ ဒေါ်လာခန့် နေ့စဉ်ဆုံးရှုံးနေရသည်ဟု စာရင်းကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော Statistics Norway က အကြမ်းဖျင်း ခန့်မှန်းထားသည်။ ကျောင်းပညာရေး ထိခိုက်ရသော ထိုကလေးငယ်များသည် နောင်အနာဂတ်တွင် ထိုငွေပမာဏခန့် လစာငွေလျော့နည်းမည်ဖြစ်သည်။ (ကလေးငယ်များသည် ပုံမှန်အခြေအနေတွင် သင်ယူလေ့လာနိုင်မည်၏ ထက်ဝက်ခန့်ကိုသာ လေ့လာသင်ယူနေကြရသည်ဟု ခန့်မှန်းရသည်။) ယခုမျက်မှောက်အခြေအနေတွင်လည်း မိဘများ၏ အလုပ်လုပ်နိုင်စွမ်း ကျဆင်းနေကြရသည်။

သို့သော်လည်း ပုံမှန်အားလပ်ရက်ရှည်များကဲ့သို့ ကျောင်းများကို လုံးဝပိတ်ထားသည်မဟုတ်ပါ။ ကြွယ်ဝသော နိုင်ငံ ၁၀ နိုင်ငံတွင် ကိုးနိုင်ငံသည် အဝေးသင်ပညာရေးစနစ်ကို ကျင့်သုံးနေပြီဖြစ်သည်။ (ဆင်းရဲသော လေးနိုင်ငံတွင် တစ်နိုင်ငံသာ အဝေးသင်ပညာရေးစနစ်ကို ကျင့်သုံးနိုင်သည်။) သို့သော် ဗီဒီယိုဖုန်းခေါ်ဆိုပြီး ဆွေးနွေးသင်ကြားသည်မှာလည်း ကန့်သတ်ချက်များရှိပါသည်။ ချို့တဲ့သော ကလေးငယ်များသည် အင်တာနက်လိုင်းကောင်းကောင်းမရနိုင်ပါ။ ကွန်ပျူတာများ၊ လက်ပ်တော့များကို လည်း အခြားသူများနှင့် ဝေမျှသုံးစွဲနေရနိုင်သည်။ အိမ်တွင်လည်း လူများသောကြောင့် ဆူညံနေနိုင်သည်။ အမေရိကန်တွင် အဆင်းရဲဆုံးကလေးငယ်လေးဦးလျှင် တစ်ဦး၏ အိမ်တွင် ကွန်ပျူတာမရှိပါ။

အနယ်နယ်အရပ်ရပ်ရှိ ချို့တဲ့သော ကလေးငယ်များ၏ မိဘများသည်လည်း ပညာရေးချို့တဲ့သူများဖြစ်နိုင်ပြီး ရင်သွေးများအား အဝေးသင် သင်ခန်းစာများတက်ရန်အားပေးခြင်း၊ ကျောင်းစာများကို ကူညီရှင်းပြခြင်းတို့ ရှိမည်မဟုတ်ပါ။ ဗြိတိန်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းတက်သော ကလေးငယ် ထက်ဝက်ကျော်သည် နေ့စဉ် အွန်လိုင်းသင်ခန်းစာများကို မှန်မှန်တက်ရောက်ကြသော်လည်း အစိုးရကျောင်းတက်သည့် ကလေး ငါးဦးလျှင် တစ်ဦးသာ အွန်လိုင်းသင်ခန်းစာများကို တက်ကြသည်ဟု လူမှုရေးအသင်းအဖွဲ့ Sutton Trust က ဆိုသည် (ပုဂ္ဂလိကကျောင်းများတွင် အွန်လိုင်းသင်ခန်းစာများပေးနိုင်ခြေအလားအလာ ပိုရှိသည်)။ အိမ်အပြင်လုံးဝမထွက်ရ (lockdown) အမိန့်ချပြီးနောက် ပထမရက်သတ္တပတ်များအတွင်းတွင် ကျောင်းသူ၊ ကျောင်းသား သုံးပုံတစ်ပုံ ကျော်သည် အွန်လိုင်းသင်ခန်းစာများကို တက်ဖို့နေနေသာသာ ၎င်းတို့၏ အွန်လိုင်း ကျောင်းသားအကောင့်များ ထဲသို့ ဝင်၍ပင် မကြည့်ကြပါ။ သို့သော် နာမည်ကြီးကျောင်းများတွင်မူ ကျောင်းသားအားလုံးနီးပါး သင်ခန်းစာများကို ဝင်ရောက်ကြည့်ရှုကြပြီး၊ ငွေကြေးပြည့်စုံသောသူများသည် အချိန်ပြည့် ကျူရှင်ဆရာများကိုပင် ငှားကြသည်။

ဒန်ဗာ၊ ကော်လိုရာဒိုရှိ KIPP အထက်ကျောင်းမှ အင်္ဂလိပ်စာ ဆရာမ Ashley Farris အတွက်မူ ၎င်း၏ တပည့်များသည် အွန်လိုင်းကျောင်းပြေးများဖြစ်သည်။ ၎င်းကျောင်းသည် ကျောင်းသားများ ကွန်ပျူတာနှင့် အင်တာနက်ရရှိရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ သို့သော် ထိုသင်ထောက်ကူပစ္စည်းများရရှိရေးများ ပြဿနာ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ အချို့ကျောင်းသားများသည် မိဘများ ဝင်ငွေဆုံးရှုံးသွားသည်ကို ကာမိရန် အလုပ်လုပ်ကြရသည်။ အချို့သောကျောင်းသားများမှာမူ အိမ်တွင်မွေးချင်းအငယ်များကို ထိန်းကျောင်းနေရသည်။

ဗြိတိန်တွင် ကျောင်းများပိတ်လိုက်သဖြင့် ကျောင်းကကျွေးသောနေ့လယ်စာကို စားသော ကလေးများ (ငွေကြေးချို့တဲ့သော ကလေးများ) နှင့် မစားသော ကလေးများကြားတွင် ပညာရေးကွာဟချက်များ ပိုမို ဖြစ်စေလာနိုင်သည်ဟု လူမှုကူညီရေး အသင်းတစ်သင်းဖြစ်သော Education Endowment Foundation မှ Becky Francis က ဆိုသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် စာမေးပွဲများ၊ အဆင့်ရမှတ်များနှင့် တိုင်းတာသော ပညာရေးကွာဟမှုကို ၁၀ ရာခိုင်နှုန်းခန့်ထိရောက်အောင်လျှော့ချ နိုင်ခဲ့သည်။ သို့သော် ယခု ကပ်ရောဂါအတွင်း ကျောင်းများကို ပိတ်ထားခြင်းကြောင့် ထိုပညာရေးကွာဟမှု တဖန်ပြန်၍ ကြီးထွားလာနိုင်သည်ဟု ၎င်းက ယူဆသည်။ သို့ရာတွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ဆရာ၊ ဆရာမများကို တပည့်များက စာမေးလိုရာ မေး၍ မရပါ။ ယခု အပြင်မထွက်ရကာလအတွင်းတွင်မူ ပညာကို လိုလားသော ကျောင်းသားအချို့သည် ခေတ်ပညာတတ်မိဘများအပြင် ဆရာများထံတွင် ပညာသင်ကြားခွင့်ရနိုင်သော်လည်း အချို့သော ကျောင်းသားများမှာမူ ထိုကဲ့သို့သော အခွင့်အရေးမျိုး ကို လက်လှမ်း မမီနိုင်ပါ။

မူလတန်းပညာရေးသည် ကလေးငယ်များ ငယ်ရွယ်စဉ် ဖွံ့ဖြိုးနေဆဲအတွင်း ပညာရေးကွာဟမှုကို ကျဉ်းမြောင်း လာစေရန်၊ သို့မဟုတ် ကွာဟမှု ပိုမိုကြီးထွား မလာစေရန် အလွန်အရေးပါသည်။ ယခုမူ ထိုအရေးပါသည့် မူလတန်းပညာရေးကို သင်ကြားခွင့် မရတော့ပါ။ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း မစ်ရှီဂန်ပြည်နယ် ရစ်စလန်တီတွင် ပြုလုပ်ခဲ့သော Perry မူကြိုသုတေသနပရောဂျက်၏ သုတေသန စစ်တမ်းအရ မူကြိုကျောင်း မတက်ခဲ့ရသော ချို့တဲ့သော ကလေးငယ်များသည် ဘဝတစ်လျှောက်လုံး ဆိုးကျိုးကွင်းဆက်များကို ခံစားကြရသည်ဟု ဆိုသည်။

ကျောင်းများပိတ်သည့်အချိန်မှစ၍ ပညာသင်ကြားခွင့်မရတော့သော အမေရိကန်ကလေး အတော်များများသည် ဆောင်းဦးရာသီရောက်သည့်အချိန်တွင် စာသင်နှစ်တစ်နှစ်စာလောက် ပညာရေးနောက်ကျသွားနိုင်သည်ဟု မစ္စတာ Doepke ကသုံးသပ်သည်။ ကျောင်းတွင် အတန်းတစ်တန်းတက်သွားတိုင်း အနာဂတ်တွင် ရမည့် နှစ်စဉ်ဝင်ငွေ ၁၀ ရာခိုင်နှုန်းခန့်တိုးလာသည်ဖြစ်ရာ ထိုပညာရေးနောက်ကောက်ကျနေသော ကလေးများအတွက် အနာဂတ်အကျိုးဆက်မှာ သိသာထင်ရှားနေပြီဖြစ်သည်။ “ဒီကိစ္စကို မကိုင်တွယ်၊ မဖြေရှင်းဘူးဆိုရင် အနာဂတ်မှာ လူမှုရေး အဆင့်အတန်းကွာဟချက်တွေ၊ တန်းတူအခွင့်အရေး မရရှိမှုတွေ တိုးမြင့်လာမှာ ကျွန်တော်စိုးကြောက်မိပါတယ်” ဟု သူကဆိုသည်။

ထိုမကောင်းကျိုးဆက်များနည်းပါးသွားရန် ဘာများလုပ်နိုင်ပါသလဲ။ ဖင်လန်နိုင်ငံတွင် ကလေးငယ်များအားလုံး အဝေးသင်ပညာရေးကို ပါဝင်သင်ယူနိုင်မည်ဟု သေချာမှသာ အဝေးသင်ပညာရေးကို စတင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် ဆရာ၊ ဆရာမများကို ဦးစွာ လေ့ကျင့်ပြင်ဆင်ပေးရန်၊ လိုအပ်သလို သင်ထောက်ကူ ပစ္စည်းများကို ဝေမျှနိုင်ရန် ကျောင်းပိတ်ရက်များကို တိုးပေးခဲ့သည်။ အင်ချွန်းရှိ Inmyung မိန်းကလေး အထက်တန်းကျောင်းမှ အင်္ဂလိပ်စာ ဆရာမ Hyunsu Hwang က “ကျောင်းသား အယောက် ၁,၀၀၀ ရှိတဲ့ ကျွန်မတို့ကျောင်းအတွက် ငှားလို့ရတဲ့ သင်ပုန်းကွန်ပျူတာက ၁၃ လုံးပဲရှိတယ်။ တပည့်တွေရဲ့ အိမ်မှာ ညီအစ်ကို မောင်နှမတွေများကြလို့ပါ” ဟုဆိုသည်။ ယခုအချိန်တွင် ဆရာ၊ ဆရာမများသည် အင်တာနက်မှ တိုက်ရိုက် သင်ခန်းစာများကို ပို့ချကြသလို၊ ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာဗီဒီယိုများနှင့် အွန်လိုင်း အိမ်စာများကို လည်း အသုံးပြုကြသည်။ ဧပြီလ ၉ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်သောအခါ ကျောင်းခေါ်ချိန်မှာ ၉၈ ရာခိုင်နှုန်း ရှိသည်။

ကျောင်းသားများ ကိုယ်တိုင်သင်ယူလေ့လာခွင့်ပေးသော ကျောင်းသင်ကြားရေးစနစ်များသည် ပိုမိုအခြေအနေကောင်းလိမ့်မည်ဟု OECD မှ Andreas Schleicher က ယူဆသည်။ “အဓိကပြဿနာကတော့ ကျောင်းသားတွေက ဆရာ၊ ဆရာမတွေ အဆင်သင့် ခွံ့ကျွေးတဲ့ ပညာရေးစနစ်ကို အကျင့်ပါနေကြတော့ ဒီလိုမျိုး ကိုယ်တိုင် လေ့လာသင်ယူရတော့မယ့်အခါကျတော့ ဘယ်လိုစိတ်ပါဝင်စားမှုရှိတော့မလဲ” ဟု ၎င်းကဆိုသည်။ အက်စ်တိုးနီးယားနှင့် ဂျပန်ရှိကျောင်းသား၊ ကျောင်းသူများသည် “မိမိကိုယ်ကို ထိန်းကျောင်း ရသော လုပ်ဆောင်မှုများ” နှင့် အကျွမ်းတဝင်ရှိပြီး ပြင်သစ်နှင့် စပိန်အစရှိသော နိုင်ငံများတွင်မူ ထိုကဲ့သို့ စည်းကမ်းသေဝပ်မှုမျိုးမှာ ရှားပါးလှပါသည်။

ခြုံငုံသုံးသပ်ရလျှင် ကလေးများအားလုံး ပညာသင်ကြားခွင့်ရရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျောင်းများကို ပြန်ဖွင့်ခြင်းသာဖြစ်သည်။ အမ်စတာဒမ်ရှိ Alan Turing မူလတန်းကျောင်းရှိ ကျောင်းသား ၁၉၀ တွင် ၂၈ ဦးသည် အွန်လိုင်းသင်ခန်းစာများကို တက်ရောက်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ထို ၂၈ ဦးထဲတွင် ပါသော ကျောင်းသား ၁၅ ဦး အတွက် ကျောင်းကို တစ်ပတ်သုံးရက် ပြန်ဖွင့်ပေးခဲ့သည်။ ကျန်သည့် ကျောင်းသား ၁၃ ဦးအတွက်မူ အခြားနည်းလမ်းများကို ရှာဖွေကာ အိမ်နီးချင်းများ၏ အကူအညီကို ယူပြီး စာဆက်လက်သင်နိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။

“အစတုန်းကတော့ ဒီလိုလုပ်ရတာ ဥပဒေကို ချိုးဖောက်နေသလိုမျိုး ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီလိုမျိုး ကျောင်းသားတွေ ကျောင်းထွက်သွားရမှာကို ဘယ်လိုမျိုး လက်ပိုက်ကြည့်နေနိုင်မလဲ” ဟု ကျောင်းအုပ်ဆရာမကြီး Eva Naaijkens ကပြောသည်။ ယခုကဲ့သို့ အဝေးမှ သင်ခန်းစာများပို့ချရသည်မှာ ပုံမှန် အတန်းတွင်း သင်ကြားမှု၏ ၄၀ ရာခိုင်နှုန်းလောက်သာ သင်ကြားပေးနိုင်သည်ဟု ဆရာမကြီးက ခန့်မှန်းသည်။

ဒိန်းမတ်နိုင်ငံတွင် စာမေးပွဲဖြေရမည့် အလယ်တန်းနောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းတက်ခွင့် ပြန်လည်ပေးထားသလို မူကြိုနှင့် မူလတန်းကျောင်းများကိုလည်း ပြန်ဖွင့်ထားသည်။ အသက်အငယ်ဆုံးသော ကလေးငယ်များကို ပိုမိုဦးစားပေး၍ ပညာသင်ကြားနိုင်ရန် လုပ်ဆောင်နေခြင်းမှာ အကြောင်းပြချက်များစွာရှိပါသည်။ ငယ်ရွယ်စဉ်အချိန် လေ့လာသင်ယူမှုသည် အလွန်အရေးကြီးသည်။ ကလေးငယ်များကို ထိန်းကျောင်းရသော မိဘများအတွက်လည်း အလွန် တာဝန်ပိုသည်။ ထို့အပြင် ကလေးငယ်များကို ဗိုင်းရပ်စ်ကူးနိုင်ခြေ၊ ကလေးငယ်များမှ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နိုင်ခြေ နည်းပါးသည်။

ကမ္ဘာအနှံ့ရှိ မိဘများသည် လုံခြုံစိတ်ချရသော အခြေအနေတွင် ကျောင်းများ အမြန်ဆုံးပြန်ဖွင့်နိုင်ရန် မျှော်လင့်နေကြသည်။ ကလေးအချို့ကမူ ဗီဒီယိုဂိမ်းကစားရသည့်အချိန်တွင် ပထဝီသင်ခန်းစာများပြန်လည် ကျက်မှတ်ရမည်ကို သိပ်သဘောမကျနိုင်ပါ။ သို့သော်လည်း အားလပ်ရပ်များသည် တစ်ချိန်တော့ ကုန်ဆုံးရမည်သာဖြစ်သည်။ အမ်စတာဒမ်လမ်းများပေါ်တွင် စကူတာလျှောက်စီးနေကြသော ဆောင့်ကြွားကြွား ကလေးများ၏ အနာဂတ်အတွက်မူ သတင်းကောင်းတစ်ခုရှိသည်။ နယ်သာလန်မူလတန်းကျောင်းများ မေလ ၁၁ ရက်နေ့တွင် တစ်စိတ်တစ်ပိုင်းပြန်ဖွင့်တော့မည်ဆိုသော သတင်းပဲဖြစ်သည်။

The Economist မဂ္ဂဇင်းဝက်ဘ်ဆိုက်ပါ No more pencils, no more books: Closing schools for covid-19 does lifelong harm and widens inequality ကို ဆွေဇင်မိုး ဘာသာပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading