ဝမ်းဟာဟာ၊ လက်ဗလာနှင့် အိမ်ပြန်ဖို့ တာစူနေကြသည့်ထိုင်းရောက်မြန်မာများ

ကိုဗစ်အကြောင်းပြအလုပ်ဖြုတ်ခံရသည့်နောက် ပြည်တော်ပြန်ချင်ကြသည့် သိန်းနှင့်ချီသော ထိုင်းရောက် လုပ်သားများမှာ အတားအဆီးမျိုးမျိုးကြောင့် နယ်စပ်မျဉ်းပေါ်မှမျှော်ကြည့်ရုံသာ တတ်နိုင်ကြသည်

Published on May 8, 2020
မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်နိုင်တင်းကာလ မတိုင်ခင် ၂၀၁၉ ခုနှစ် စက်တင်ဘာကတွေ့ရစဉ် (ဓာတ်ပုံ - တင်ထက်ပိုင်/Myanmar Now)
မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ်နိုင်တင်းကာလ မတိုင်ခင် ၂၀၁၉ ခုနှစ် စက်တင်ဘာကတွေ့ရစဉ် (ဓာတ်ပုံ - တင်ထက်ပိုင်/Myanmar Now)

ယခင်နှစ်ကုန်ပိုင်းကတည်းက တစ်ဝက်နီးပါးပြုတ်ကျသွားခဲ့သည့် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမား မဇင်မာလှိုင်၏ လစာငွေကို ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါက သုည အထိရောက်အောင် တိုက်စားပစ်လိုက်သည်။

ဘန်ကောက်မြို့ ဆင်ခြေဖုံး ဘန်းဘောနယ်မြေရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်သည့် အသက် ၃၃ နှစ်အရွယ် မဇင်မာလှိုင်တစ်ယောက် ယခင် တစ်လကျပ်ခြောက်သိန်းအထိ ရခဲ့ရာမှ အချိန်ပိုဆင်းခွင့် မရတော့သဖြင့် ကျပ်သုံးသိန်းခွဲသာ လစာရနေစဉ် ကိုဗစ်ကပ်ရောဂါကြောင့် ဧပြီ ၁၃ တွင် ၎င်း၏စက်ရုံ ပိတ်သိမ်းသွားသဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည်။

ဝင်ငွေမရတော့သည့်အထဲ ယခင်ပေးစရာရှိသေးသည့် လုပ်ခများကို လုပ်ငန်းရှင်ကမပေးသဖြင့် ထိုင်းဘတ် ၅၉၅၀ (ကျပ်သုံးသိန်းခန့်) ဆုံးရှုံးလိုက်ရကာ အိမ်ခန်းငှားခလည်း ပေးစရာမရှိတော့ဘဲ ပဲခူးတိုင်း ညောင်လေးပင်ဇာတိ မဇင်မာလှိုင်တစ်ယောက် မြန်မာပြည်လည်း ပြန်ဝင်မရ ဖြစ်နေသည်။

“မြန်မြန်ပြန်ရလေကောင်းလေပဲ။ ဖြစ်နိုင်ရင် ဒီငါးရက်မလွန်ခင် ပြန်ရရင် အဆင်ပြေတယ်။ နောက်ငါးရက်ဆို အခန်းခ လာကောက်ပြီလေ” ဟု မဇင်မာလှိုင်က Myanmar Now နှင့် လေလှိုင်းပေါ်၌ မေ ၂ တွင် တွေ့ဆုံစဉ် ပြောသည်။

“စားဖို့လည်း ဒုက္ခရောက်။ အခု လက်စွပ်တွေလည်းရောင်းစားနဲ့ အခန်းခလည်း မပေးနိုင်တာ သုံးလရှိပြီ စပေါ်နဲ့နှိမ်မယ်ဆိုပြီး ထားထားတာလေ။ အခု စပေါ်ကြေးကျော်သွားပြီ” ဟု ၎င်းကပြောသည်။

ဧပြီလကုန် မြဝတီနယ်စပ်ဂိတ်ပြန်ဖွင့်လျှင် အိမ်ပြန်မည်ဟု အားခဲထားသော်လည်း ထိုင်းအစိုးရက ခရိုင်ဖြတ်ကျော်ခွင့်အပါအဝင် ညမထွက်ရအမိန့်ပါဝင်သည့် အရေးပေါ်ကြေညာချက်ကို မေလကုန်အထိ သက်တမ်းတိုးလိုက်သောကြောင့် မဇင်မာလှိုင်တစ်ယောက် တစ်ပူပေါ် တစ်ပူဆင့်ကာ ဒုက္ခရောက်ရပြန်သည်။

မဇင်မာလှိုင်ကဲ့သို့ ကိုဗစ်နိုင်တင်း ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အိမ်ပြန်ချင်သော်လည်း ခရိုင်အချို့ ဖြတ်ကျော်ခွင့် ပိတ်ပင်ထားပြီး အများပြည်သူပို့ဆောင်ရေးများ ကန့်သတ်ထားသည့် ထိုင်းအစိုးရ၏ အရေးပေါ်ကြေညာချက်ကြောင့် အကျပ်အတည်းဖြစ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားထုမှာ ဖိအားပိုများခဲ့ရသည်။

ကိုဗစ်နိုင်တင်း (COVID19) ကမ္ဘာ့ကပ်ရောဂါသည် တစ်ကမ္ဘာလုံးရှိ လူပေါင်း ၃ ဒသမ ၈ သန်းကျော်ကို ကူးစက်ခဲ့ပြီးဖြစ်ကာ ၂၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရောဂါထက် ရောဂါကပေးသော အခြားဒဏ်ရာများကို ပိုမို စိုးရွံ့နေကြရသည်။ အဆိုးရွားဆုံးသော ဒဏ်ချက်ကတော့ ကမ္ဘာ့စီးပွားရေးပဲဖြစ်သည်။

ထိုင်းနိုင်ငံ၏စက်ရုံအလုပ်ရုံအများစုသည် မြန်မာကဲ့သို့သော အိမ်နီးချင်းရွှေ့ပြောင်းအလုပ်သမားများအပေါ် မှီခိုနေရသဖြင့် ကိုဗစ်နိုင်တင်းဂယက်ကြောင့် စက်ရုံများပိတ်ရသည့်အခါ သန်းနှင့်ချီသော မြန်မာလုပ်သားများ ဝင်ငွေလက်မဲ့ဖြစ်ကြသည်။ ထိုအခါ ၎င်းတို့၏ပြန်လွှဲပို့ငွေအပေါ် မှီခိုနေရသည့် မြန်မာနိုင်ငံရှိ မိသားစုဝင်များသည်လည်း နေ့ချင်းညချင်း ဝင်ငွေလျော့သွားကြရသည်။

အလုပ်လက်မဲ့ဖြစ်၊ အလုပ်သစ်လည်း ထပ်မရနိုင်သည့်အခြေအနေတွင် မြန်မာလုပ်သားများမှာ အိမ်ကိုလည်း ပြန်မရဖြစ်ရပြန်သည်။ ကိုဗစ်နိုင်တင်းကူးစက်မှုတွင် မြန်မာထက်ပိုဆိုးသည့် ထိုင်းက ပြည်တွင်းသွားလာခွင့်များကို ကန့်သတ်ထားသလို မြန်မာဘက်ကလည်း ပြည်တော်ပြန်များကို ဧပြီလကုန်အထိ ကန့်သတ်ခဲ့သဖြင့် အိမ်ပြန်လိုသည့် သောင်းနှင့်ချီသော အလုပ်သမားများ ပိတ်မိနေခဲ့ကြသည်။

ကိန်းဂဏန်းများကပြောသောစကားများ

အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့အစည်း (IOM) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတစ်ခုအရ ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား ၃ ဒသမ ၉ သန်းခန့် အလုပ်လုပ်နေပြီး ၂ ဒသမ ၃ သန်းမှာ မြန်မာနိုင်ငံသားများဖြစ်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် ရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ အဆိုအရမူ တရားဝင်နှင့် တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား သုံးသန်းခန့်ရှိပြီး ထိုပမာဏသည် ထိုင်းရောက် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားအားလုံး၏ ၇၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသည့် ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ၏ စာရင်းများအရ အလုပ်မှ လုံးဝထုတ်ပယ်ခံလိုက်ရသူ ၄၀၀ ခန့်ရှိပြီး ခေတ္တအလုပ်ရပ်နားထားသူမှာ အရေအတွက်ပိုများကြောင်း၊ လက်ရှိတွင် စားစရာ အခက်အခဲဖြစ်နေသည့် လူဦးရေ ၆၀၀ ခန့်ကို ကူညီထောက်ပံ့ပေးနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) ထံ ရောက်ရှိလာသော စာရင်းများအရ ဧပြီလဒုတိယလဝက်အတွင်း မြန်မာရွေ့ပြောင်းလုပ်သား ၁,၅၀၀ ခန့် အလုပ်ပြုတ်ခဲ့ပြီး စားဝတ်နေရေး အခက်အခဲများရှိနေကြောင်းပြောသည်။

ထိုစာရင်းသည် အလုပ်သမားများ နစ်နာကြေးရရန် AAC မှ လိုက်ပါကူညီပေးနေသည့် အရေအတွက်မျှသာဖြစ်ပြီး ၎င်းတို့ထံ ဆက်သွယ်လာသော ဒေသအနှံ့အပြားမှ အလုပ်သမားများ၏ ပြောပြချက်အရ အလုပ်ပြုတ်သူအရေအတွက်မှာ နှစ်သောင်းခန့်ရှိကြောင်း AAC အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးကပြောသည်။

မဇင်မာလှိုင် အလုပ်လုပ်နေသည့် ဘန်ကောက်မြို့ဆင်ဖြေဖုံး ဘန်းဘောနယ်မြေရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၅၀၀ နှင့် ၆၀၀ ခန့်ရှိသည်။

“အခုက အခန်းခနဲ့ စားဖို့တောင်အနိုင်နိုင်။ အလုပ်ပြန်ကောင်းနိုးနိုးနဲ့ ပိုဆိုးသွားတာ” ဟု ၎င်းကပြောသည်။

ရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများ၏ အဆိုအရ ရပ်နားလိုက်သည့် လုပ်ငန်းအများစုမှာ အထည်ချုပ်စက်ရုံ၊ လူသုံးကုန်ပစ္စည်းစက်ရုံ၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနှင့် ကွန်ပျူတာ အစိတ်အပိုင်းစက်ရုံ၊ ကားပစ္စည်းထုတ်လုပ်သည့် စက်ရုံများဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအချို့လည်းပါဝင်ကာ ကိုဗစ်ရောဂါကာလ မည်မျှ ကြာရှည်မည်မသိရသည့်အတွက် အလုပ်ရုံများ ပြန်လည်ပတ်မည့်အချိန်ကို ထိုင်းအစိုးရက တိတိကျကျ မပြောနိုင်ပါ။

အလုပ်သမား ရာထောင်ချီရှိသည့် အလုပ်ရုံများ အဓိက ပိတ်သိမ်းလိုက်ရခြင်းဖြစ်ပြီး ကိုဗစ်ရောဂါကာလ မည်မျှ ကြာရှည်မည်မသိရသည့်အတွက် အလုပ်ရုံများ ပြန်လည်ပတ်မည့်အချိန်ကို ထိုင်းအစိုးရက တိတိကျကျ မပြောနိုင်ဟု ထိုင်းမြန်မာအခြေစိုက် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း (FED) ကော့သောင်းတာဝန်ခံ ဦးမိုးဝေကပြောသည်။

“အလုပ်ရှင်တွေကလည်း ဒီ ကိုဗစ်နိုင်တင်းကို အခွင့်အရေးယူပြီးတော့ နဂိုကတည်းကမှ လုပ်အားခမရှင်းချင်တဲ့ အလုပ်ရုံတွေလည်းရှိတယ်။ သူတို့အတွက် အခွင့်အရေးရသွားတော့ အလုပ်သမားတွေ နစ်နာတာပေါ့” ဟု ၎င်းကဆိုသည်။

မဇင်မာလှိုင်ကဲ့သို့ပင် အလုပ်ထုတ်ခံရသူ နောက်တစ်ဉီးမှာ ဘန်ချလွန်ရှိ ကားပစ္စည်းစက်ရုံတွင် အလုပ်လုပ်သည့် အသက် ၃၈ နှစ်အရွယ် ကိုအောင်ဌေးဖြစ်ပြီး ၎င်းနှင့်အတူ အလုပ်ရပ်နားခံလိုက်ရသည့် မြန်မာအလုပ်သမား ၁၇၃ ဦးရှိသည်ဟု ၎င်းကပြောသည်။

အလုပ်ရှင်က ကြိုတင်မပြောဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်ပြီး နောက်ဆုံးအလုပ်ဆင်းခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင်မှ အလုပ်ထုတ်ခံရကြောင်း သိရသည်ဟု ကိုအောင်ဌေးကပြောသည်။

“ကျွန်တော်တို့ နစ်နာကြေးယူမယ်ဆိုတော့ ‘မပေးဘူး’ တဲ့။ ‘ကြိုက်တဲ့နေရာမှာသွားတိုင်’ တဲ့။ ဒီမှာလည်း စားဖို့သောက်ဖို့က ရှားပါးလာပြီ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်မရှိသဖြင့် ၎င်းအနေဖြင့် အိမ်မပြန်လိုသေးကြောင်း၊ ထိုင်းနိုင်ငံတွင် တစ်နှစ်ပတ်လုံး အလုပ်ရှိသည့်အတွက် ထပ်နေချင်သေးကြောင်း မွန်ပြည်နယ်သား ကိုအောင်ဌေးက ဘန်ချလွန်ရှိ ၎င်း၏အဆောင်ခန်းမှာ ထိုင်ရင်း Myanmar Now ကိုပြောသည်။

 မတ်လကုန်မှစ၍ အဆောင်စရိတ်၊ ရေဖိုး၊ မီးဖိုး၊ စားစရိတ် မရှိတော့သဖြင့် ဒုက္ခရောက်နေသည့် မြန်မာအလုပ်သမား ၁၀၀ ခန့်ကို အလှူခံရရှိသည့်ငွေဖြင့် ဘန်ကောက်ရှိ AAC ဂေဟာတွင် လက်ခံထားရကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် မီးနေသည် နှစ်ယောက်လည်းပါဝင်ကြောင်း ဦးခင်ကြီးကဆိုသည်။

အလုပ်လက်မဲ့များထဲတွင် အလုပ်ရှင်ထံမှ နစ်နာကြေးရရန် စောင့်ဆိုင်းနေသူများ၊ အလုပ်ပြန်ဖွင့်မည့်ရက်ကို စောင့်ဆိုင်းနေသူများ၊ အဆင်ပြေလျှင် အလုပ်ပြောင်းလုပ်ရန် အစီအစဉ်ရှိသူများနှင့် အိမ်ပြန်မည့်နည်းလမ်းသာရှိသဖြင့် စောင့်ဆိုင်းနေသူများပါဝင်သည်ဟု ၎င်းကဆက်ပြောသည်။

လူမှုဖူလုံရေးအာမခံ (ပကန်စံခွန်) နှင့်အလုပ်လက်မဲ့နစ်နာကြေး

ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းအလုပ်သမားများအတွက် လူမှုဖူလုံရေးအာမခံစနစ်အရ ဖျားနာခြင်း၊ မီးဖွားခြင်း၊ မသန်မစွမ်းဖြစ်ခြင်း၊ သေဆုံးခြင်း၊ ကလေးထောက်ပံ့စရိတ်၊ သက်ကြီးရွယ်အိုဖြစ်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း စသည့် အချက် ၇ ချက်အတွက် အာမခံကြေး လျှောက်ထားခွင့်ရှိသည်။

အာမခံငွေကို လုပ်ခလစာ၏ ၅ ရာခိုင်နှုန်း ထည့်သွင်းရပြီး အလုပ်ရှင်တစ်ဝက်၊ အလုပ်သမားတစ်ဝက် ထည့်ဝင်ရသည်။ ၆ လထက်မနည်း ထည့်ဝင်ထားရပြီး အကြောင်းအရာအလိုက် ခံစားခွင့်အမျိုးမျိုးကွဲပြားသည်။

ပုံမှန်အလုပ်လက်မဲ့ဖြစ်စဉ်တွင် အလုပ်ထုတ်ခံရပါက လုပ်အားခ၏ ၅၀ ရာခိုင်နှုန်း အများဆုံး ရက်ပေါင်း ၁၈၀ လျော်ကြေး၊ မိမိကိုယ်တိုင်နုတ်ထွက်ပါက လုပ်အားခ၏ ၃၀ ရာခိုင်နှုန်း အများဆုံး ရက် ၉၀ လျော်ကြေးနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်နားခြင်းဖြစ်ပါက လုပ်အားခ၏ ၅၀ ရာခိုင်နှုန်းကို အများဆုံး ရက် ၁၈၀ လျော်ကြေးဖြင့် ခံစားခွင့်ရကြောင်း အလုပ်သမားသံအရာရှိရုံး၏ သတင်းဖော်ပြချက်တွင်ဆိုသည်။

သို့သော် ယခု ကိုဗစ်ကပ်ရောဂါကာလတွင် လုပ်ငန်းရပ်နားခြင်းဖြစ်ပါက လုပ်အားခ၏ ၆၂ ရာခိုင်နှုန်းကို အများဆုံး ရက် ၉၀ လျော်ကြေးဖြင့် ခံစားခွင့်ရပြီး လက်ရှိတွင် လူမှုဖူလုံရေးအာမခံကြေးပြန်လည်ရရှိရန် တစ်လကြာ စောင့်ရကြောင်း သံအရာရှိရုံးထံမှ သိရသည်။

ခြွင်းချက်အနေဖြင့် ကိုဗစ်နိုင်တင်းရောဂါ တိုက်ရိုက်အကျိုးသက်ရောက်မှုကြောင့် ထိခိုက်သည့် အလုပ်သမားများကိုမူ အာမခံငွေ ချက်ချင်းထုတ်ပေးကြောင်း သံအရာရှိ ဦးမျိုးမြင့်နိုင်ကပြောသည်။

ဦးမျိုးမြင့်နိုင်က အလုပ်ရှင်၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး အလုပ်သမားများ အလုပ်ပြန်ရရန် ညှိနှိုင်းပေးနေကြောင်းပြောသည်။

“ပြန်ပြီးတော့ တတ်နိုင်သလောက်တော့ အလုပ်ရှင်နဲ့ ပြန်ညှိပေးရပါတယ်။ သူ့ရဲ့မူလအလုပ်ခွင်နေရာမှာ ပြန်ပြီးတော့ ပြန်ရရှိရေးအတွက် ဆောင်ရွက်ပေးနေတာရှိပါတယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမားများ၏ နစ်နာမှုအတွက် သက်ဆိုင်ရာ အလုပ်သမားဥပဒေရုံးတွင် အမှုဖွင့်ပေးနေပြီး မတ်နှင့်ဧပြီလများတွင် အမှုတွဲ ၈၀ ခန့်ရှိပြီ ဟု ပြောသည်။

“တစ်ခါတလေကျရင် ကျွန်တော်တို့ရုံးနဲ့ချိတ်ပြီးတော့ တစ်ခါတည်း အပ်ကျမတ်ကျ သွားတိုင်ပေးလို့ရတဲ့ အနေအထားမျိုးပေါ့။ တချို့ကျတော့ ဒီကြားထဲမှာ ကျွန်တော်တို့မသိဘဲ ဖြစ်နေတာလေးတွေ အများကြီး ရှိကောင်းရှိမှာပါ” ဟု ဦးမျိုးမြင့်နိုင်ကပြောသည်။

Myanmar Now က အင်တာဗျူးခဲ့သည့် အလုပ်လက်မဲ့ဖြစ်ခဲ့သည့် အလုပ်သမား ၁၀ ဦးတွင် သုံး ဦးမှာ ထိုင်းလူမှုဖူလုံရေးအာမခံစနစ်တွင် ပါဝင်ထားပြီး ၇ ဦးမှာ ပါဝင်ထားခြင်းမရှိချေ။ အာမခံကြေး ထည့်သွင်းထားသူအချို့မှာလည်း ၎င်းတို့၏ ရပိုင်ခွင့်နှင့် လျှောက်ထားရမည့် နည်းလမ်းများကို တိတိကျကျ မသိကြောင်း ပြောသည်။

မဇင်မာလှိုင်နှင့် ကိုအောင်ဌေးတို့မှာ အလုပ်ထုတ်ခံရသည့်တွက် ၎င်းတို့၏ နစ်နာကြေးများ ပြန်လည်ရရှိရန် အလုပ်သမားရုံးများသို့ တိုင်ကြားထားသော်လည်း ယခုထက်ထိ ထူးခြားမှုမရှိသေးဟုဆိုသည်။

“သံရုံးတွေနဲ့လည်း ခေါ်ညှိတယ်။ ခေါ်ညှိပေမယ့် သံရုံးတွေကလည်း အခုချိန်မှာ ဒီရောဂါကြောင့်ပေါ့ သူဌေးကပေးလိမ့်မယ်ပေါ့။ ပေးလိမ့်မယ်လို့သာ သူတို့က ပြောသွားတာ အခုချိန်ထိလည်း မရဘူး” ဟု အိမ်ပြန်ချင်နေသည့် မဇင်မာလှိုင်ကပြောသည်။

ပကျွန်ခရိုင် ပန်ပူလီမြို့ ဝမ်ဖုန့်ဘူတာဆောက်လုပ်ရေး အလုပ်သမား ကိုသူရအောင်သည် မတ် ၂၅ ရက် ကတည်းက အလုပ်ထွက်ထားပြီး လူမှုဖူလှုံရေးအာမခံငွေပြန်ထုတ်ရန် မျှော်လင့်နေသူဖြစ်သည်။ သို့သော် မည်သို့ဆောင်ရွက်ရမည်ကို မသိဟုဆိုကာ ခံစားခွင့်ကိုလက်လျှော့ရမလိုဖြစ်နေသည်။

“ပကန်စံခွန်(လူမှုဖူလုံရေး)က ဘယ်ဆီနေလို့ နေမှန်းမသိဘူး။ ကျွန်တော်တို့ သွားလည်းမထုတ်ဘူး။ ဘယ်ကိုသွားထုတ်လို့ရပြီး ဘယ်လိုအကြောင်းပြရမှန်း ကျွန်တော်တို့လည်းမသိဘူး။ ကိုယ်လည်း ဘာမှနားမလည်ဘူးဆိုတော့ အဲဒီအတိုင်းပဲထားလိုက်တာ” ဟု အိမ်ပြန်ရန် တာစူနေသည့် ၎င်းကပြောသည်။

၎င်းမှာ ဧပြီလကုန် နယ်စပ်ဂိတ်များဖွင့်လျှင် အိမ်ပြန်မည်ဟု အားခဲထားပြီး အလုပ်မှနုတ်ထွက်လိုက်သော်လည်း လက်ရှိတွင် ထိုင်းအစိုးရက အရေးပေါ်အခြေအနေနှင့် ပြည်နယ်ဖြတ်ကျော်ခွင့်ပိတ်ပင်ခြင်းကို မေ ၃၁ အထိ သက်တမ်းတိုးလိုက်သဖြင့် ပကျွန်ခရိုင် ပန်ပူလီမြို့ရှိ အဆောင်တွင် သောင်တင်နေခြင်းဖြစ်သည်။

AAC ဒါရိုက်တာ ဦးခိုင်ကြီးက ထိုင်းဘာသာဖြင့် လျှောက်လွှာတင်ရခြင်းနှင့် အလုပ်သမားများ ယခုကဲ့သို့ ကျပ်တည်းသည့်ကာလတွင် ငွေရမည့်ရက်ကို တိတိကျကျ မသိသည့်အတွက် အဆင်မပြေဟု ပြောသည်။

“ရမယ့်ရက်ကို အတိအကျမသိတဲ့အတွက် ဒီကြားကာလမှာ အစိုးရမထောက်ပံ့ခင်မှာ အခက်အခဲဖြစ်ပြီးတော့ ဒီအလုပ်သမားအများစုက ပြည်တွင်းကိုပြန်ဖို့ လမ်းကြောင်းတစ်ခုပဲရှိတယ် ကျန်တဲ့လမ်းကြောင်း ဘာမှကို ရွေးချယ်လို့မရဘူး” ဟု ဆိုသည်။

Myanmar Now က မေးမြန်းခဲ့သည့် ရွေ့ပြောင်းလုပ်သားများ၏ အဆိုအရ တစ်ဦးလျှင် အဆောင်ခ အနိမ့်ဆုံး ဘတ် ၁,၀၀၀ ဝန်းကျင် (မြန်မာငွေ ငါးသောင်းကျပ်)နှင့် ခြွေတာ၍ ချက်ပြုတ်စားသောက်သော်လည်း ထမင်းစရိတ် ဘတ် ၂,၅၀၀ ကျော် (မြန်မာငွေ တစ်သိန်းကျော်) ကုန်ကျနေပြီး ရေဖိုး၊ မီးဖိုးများ ထပ်ပေးရသေးသည်ဟု ပြောသည်။

အလုပ်လက်မဲ့ဖြစ်ချိန်တွင် အဆိုပါ ကုန်ကျစရိတ်များသည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးများ ဖြစ်နေပြီး အလုပ်ပြန်ရဖို့ မျှော်လင့်ချက်က ဝေဝါးနေဆဲဖြစ်သည်။

သတင်းအချက်အလက်ရရှိမှု

အလုပ်သမားများအနေဖြင့် သတင်းအချက်အလက်အတွက် Facebook ကိုသာ အားထားကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများ၊ သံအရာရှိရုံးများနှင့် အလုပ်သမားများက တစ်ညီတစ်ညွတ်တည်းဆိုကြသည်။

အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ အလုပ်အကိုင်အေဂျင်စီများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်နှင့် ထိုင်းဘာသာတတ်ကျွမ်းသူအချို့က ၎င်းတို့ကိုယ်ပိုင်အကောင့်ဖြင့် ပြန်လည်ဖြန့်ဝေမှုများရှိသည်ဟု သံအရာရှိ ဦးမျိုးမြင့်နိုင်ကပြောသည်။

သံအရာရှိရုံး တရားဝင်စာမျက်နှာဖြစ်သည့် Myanmar Labour Attache Office-Thailand အပါအဝင် ရွေ့ပြောင်းလုပ်သားဆိုင်ရာ သတင်းများ တင်ပေးနေသည့် Labour Hittai၊ Doe - ဒိုးနှင့် အစ်ဆာရာ မြန်မာ - Issara စသည်တို့တွင် သတင်းများ ကြည့်ရှုနိုင်ကြောင်း ၎င်းကပြောသည်။

“တတ်နိုင်သလောက်ပေါ့ မြန်မြန်ပြန့်သွားအောင် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း အလုပ်သမားထုသိအောင် ဆောင်ရွက်နေတာလေးတွေရှိပါတယ်” ဟု ဆိုသည်။

ဦးစိန်ဌေးကမူ သံအရာရှိရုံးမှ သတင်းများကို ထုတ်ပြန်ပေးနေသော်လည်း တင်ပြသည့်ပုံစံတွင် လူအများစိတ်ဝင်စားအောင် ဆန်းသစ်သည့်နည်းလမ်းများသုံးသင့်သည်ဟု အကြံပြုသည်။

Facebook တွင် သတင်းအမှားများ ရှိနိုင်သောကြောင့် “အလုပ်သမားတွေကိုယ်တိုင်က ဒီသတင်းအချက်အလက်ဟာ တကယ်ခိုင်မာမှု ရှိ မရှိ အဲဒါကိုတော့ စိစစ်ဖို့ စုံစမ်းဖို့လိုတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်များကို တိုက်ရိုက်ဘာသာပြန်ကာ ဖော်ပြပေးစေလိုသည်ဟု AAC အဖွဲ့မှ ဦးခိုင်ကြီးက အလုပ်သမားဝန်ကြီးဌာနကို အကြံပေးသည်။

“မြန်မာသံရုံးက အတည်ပြုပြီး ဒီဘာသာပြန်တာကို အမြဲတမ်းမလုပ်နိုင်ရင်တောင်မှ အရေးပေါ်ကာလတွေမှာ မြန်မာဘာသာနဲ့တင်ပေးဖို့အတွက် ပြောချင်တာပေါ့” ဟု ဆိုသည်။

ခက်ခဲနေဆဲ အိမ်ပြန်လမ်း

ထိုင်းနိုင်ငံတွင် မတ်လ ၂၆ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ သက်တမ်းရှိသည့် ခရိုင်ဖြတ်ကျော်ခွင့်အပါအဝင် အခြားကန့်သတ်ချက်များပါဝင်သည့် အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့သော်လည်း ဧပြီ ၂ ရက်နေ့အထိ မြဝတီတံတားမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှုရှိခဲ့သည်။

မတ် ၂၂ မှ ဧပြီ ၂ ရက် အထိ မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားအပါအဝင် တာချီလိတ်၊ ဘုရားသုံးဆူ၊ ကော့သောင်း နယ်စပ်ဝင်ပေါက်များမှ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား ၃၇,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(တံတား)၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေ နှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက ပြောသည်။

ထို့ပြင် ဧပြီလကုန်နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်ရန် မြန်မာအစိုးရက ထပ်မံရွှေ့ဆိုင်းလိုက်သဖြင့် ဧပြီ ၁၅ ရက်နေ့နောက်ပိုင်း အိမ်ပြန်ရန် တာစူနေသည့် အလုပ်သမားထုသည် အလုပ်လက်မဲ့ဖြင့် ထပ်မံစောင့်ဆိုင်းရပြန်သည်။

“သူတို့ကတော့ အလုပ်ကို ဆက်တိုက်လုပ်ချင်တာ ပြည်တွင်းကိုမပြန်ချင်ကြဘူးပေါ့။ အများစုက တကယ်ကို ဒုက္ခရောက်လာပြီဆိုရင်တော့ ဒီနိုင်ငံက ဘာမှကူညီထောက်ပံ့မှုပေးမှာမဟုတ်ဘူးလေ။ မြန်မာနိုင်ငံသံရုံးကလည်း အထောက်အပံ့မပေးဘူးဆိုရင် ဒီအလုပ်သမားက မပြန်ချင်ဘဲကို ပြန်ရမှာ” ဟု ဦးခိုင်ကြီးက ပြောသည်။

ထို့နောက် ထိုင်းအစိုးရက အရေးပေါ်အခြေအနေကို မေလကုန်အထိ သက်တမ်းတိုးလိုက်ပြီးနောက် အလုပ်သမားများ အိမ်ပြန်ခွင့်ရရန် မျှော်လင့်ချက်မှေးမှိန်ခဲ့ပြန်သည်။

အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်ကမူ အလုပ်သမားများ အိမ်ပြန်ခွင့်ရရေး ခရိုင်ဖြတ်ကျော်ခွင့်ရရန် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက် မရသေးဟု ဆိုသည်။

မေ ၇ ရက် အလုပ်သမားသံအရာရှိရုံး၏ စာရင်းများအရ ပြည်တွင်းပြန်ရန် အွန်လိုင်းမှလျှောက်ထားသူ ၂၇,၀၀၀ ကျော်ရှိသည်။ သို့သော် ထိုင်းနှင့်မလေးတို့မှ ပြန်လာမည့် ရွှေ့ပြောင်းလုပ်သား တစ်သိန်းအထိ ရှိနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၃၀ ရက် Facebook တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆိုသည်။

မေ ၁ ရက်မှစပြီး မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ရွှေ့ပြောင်းအလုပ်သမားများကို ပြန်လည်လက်ခံခဲ့သော်လည်း မေ ၇ ရက်အထိ စုစုပေါင်း ၁၈၀ ကျော်သာ ဝင်ရောက်နိုင်ခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ

အလုပ်သမားသံအရာရှိများ၏ ပြောပြချက်အရ လက်ရှိအထိ နှစ်နိုင်ငံအစိုးရများ ညှိနှိုင်းနေဆဲဟုသိရပြီး ရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်ခွင့်ရရေး တစ်ခုတည်းဖြင့် ထိုင်းနိုင်ငံက ၎င်း၏ အမိန့်ဥပဒေများကို ပြောင်းလဲပေးမည့် အရိပ်အယောင်များ မမြင်တွေ့ရသေးပါ။

ထိုအခက်အခဲများ ဖြေရှင်းရန် နည်းလမ်းသုံးခုရှိကြောင်း MWRN အတွင်းရေးမှူး ဦးစိန်ဌေးက အကြံပြုသည်။

နယ်ကျော်ခွင့်မရသဖြင့် ပိတ်မိနေသည့် ရွေ့ပြောင်းလုပ်သားများကို နည်းစနစ်ကျကျ ခေါ်ထုတ်နိုင်မည့်နည်းလမ်းကို နှစ်နိုင်ငံအစိုးရများမှ အမြန်ဆုံးညှိနှိုင်းရန်၊ ထိုသို့ညှိနှိုင်းနေစဉ်ကာလတွင် အလုပ်သမားများ၏ စားဝတ်နေရေးကို နှစ်ဖက်အစိုးရက တာဝန်ယူရန်နှင့် အလုပ်သမားများ၏ နစ်နာကြေးနှင့် ရပိုင်ခွင့်များ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန်ဟု ၎င်းကဆက်ပြောသည်။

“အထူးသဖြင့်တော့ အစိုးရအနေနဲ့ တကယ့်ကို လှုပ်ရှားမှုကြီးကြီးမားမားတော့ လုပ်ပေးဖို့လိုတာပေါ့နော်” ဟု ဆိုသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများသည် အစိုးရကဲ့သို့ မထိရောက်သည့်အတွက် နှစ်နိုင်ငံအစိုးရမှ စီမံချက်ပုံစံမျိုးဖြင့် လုပ်ဆောင်သင့်ကြောင်း ဦးစိန်ဌေးကဆက်ပြောသည်။

အခန်းခ၊ ရေဖိုး၊ မီးဖိုး၊ စားစရိတ်ထောင်းကာ ဒုက္ခရောက်နေသည့် အလုပ်သမားများကို ပရဟိတအဖွဲ့အစည်းများနှင့် အလုပ်သမားရေးရာအဖွဲ့အစည်းများက စားစရာလှူဒါန်းမှုများရှိသော်လည်း ရေရှည်အတွက် တောင့်မခံနိုင်ကြောင်း ပြောကြသည်။

အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်ကမူ မြဝတီနယ်စပ်ဂိတ်သာမက တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဂိတ်များတွင်လည်း ရွှေ့ပြောင်းလုပ်သားများ ပြန်ဝင်လာပါက ကြိုဆိုရန် ပြင်ဆင်ထားကြောင်း ပြောသည်။

မြဝတီနယ်စပ်ဂိတ်တွင်လည်း တိုင်းနှင့်ပြည်နယ်အချို့မှ ကြိုဆိုမည့်ယာဉ်များ ရောက်ရှိနေပြီး မွန်နှင့် ကရင်ပြည်နယ်တွင်လည်း ထိုင်းပြန် ၂၀,၀၀၀ ခန့်ကို အသွားအလာကန့်သတ်စောင့်ကြည့်ရန် အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြု ထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားထုသည် ၎င်းတို့၏ မိသားစုကို အဓိက ထောက်ပံ့ပေးနေသူများဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့် မြန်မာနိုင်ငံအတွက် ဝင်ငွေရှာဖွေပေးသူများ ဖြစ်သည့်အတွက် လျစ်လျူမရှုထားသင့်ကြောင်း ဦးမိုးဝေကပြောသည်။

ဆောက်လုပ်ရေးလုပ်သား ကိုသူရအောင်ကမူ ကြားရသည့်သတင်းမှာ အမျိုးမျိုးပြောင်းလဲနေပြီး သံအရာရှိရုံးသို့ ဖုန်းဆက်သော်လည်း ဖြေဆိုခြင်းမရှိကြောင်း၊ ဗီဇာသက်တမ်းမကုန်ခင် အိမ်ကိုသာ အမြန်ဆုံးပြန်လိုကြောင်း စိတ်ပျက်သည့် လေသံဖြင့်ပြောသည်။

“ကျွန်တော်တို့က ဒီမှာပဲငုတ်တုပ်ထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အငတ်ခံရတော့မှာလားမသိဘူး” ဟု ၎င်းက ဆိုသည်။

(တည်းဖြတ် - ညွန့်ဝင်း)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading