တပ်မတော်နှင့် AA တို့ နှစ်ဖက်ဖြစ်ပွါးနေခဲ့သည့် တိုက်ပွဲများအကြား အဓိကမြို့နယ်များတွင် အစိုးရက အင်တာနက် ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်
ရခိုင်ပြည်နယ် မြိုနယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တို့ကို အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်နီးပါးကြာခဲ့ပြီး ယမန်နေ့ (မေ ၃) မှ စကာ မောင်တောမြို့နယ်တွင် အင်တာနက် ပြန်လည်သုံးစွဲနိုင်ပြီဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ၂၀၁၈ နိုဝင်ဘာမှစတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို ယမန်နှစ် ၂၀၁၉ ဇွန်မှ စတင်၍ အင်တာနက်ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့ကို အင်တာနက်ပြန်ဖွင့်ကြောင်း ယနေ့ထုတ်ပြန်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုပြီး အစီအစဉ်ဆွဲတိုက်ခိုက်ခြင်း မြေမြှုတ်မိုင်းများဖောက်ခွဲခြင်းနှင့် မတူညီသည့်လူမျိုးများအကြား အမုန်းတရားများလှုံ့ဆော်ခြင်းများကြောင့် အင်တာနက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
မေ ၂ ည ၁၀ နာရီခန့်မှ အင်တာနက် စတင်ရရှိခြင်းဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ ၄ ခုလုံး အင်တာနက်ပြန်ဖွင့်လိုက်သည်ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းလှစိန်က ပြောသည်။
မောင်တောမြို့နှင့် ကပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု တိုးမြင့်လာနေသည့်အတွက် သတင်းအချက်အလက်များ မြန်ဆန်မှန်ကန်စွာ သိရှိနိုင်ရေးမှာ အရေးကြီးလာသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“အင်တာနက် ပြန်ဖွင့်ပေးလိုက်တော့ မြိုခံတွေကဝမ်းသာကြတာပေါ့။ တိုက်ပွဲသတင်းတွေအပြင် တစ်ဖက်နိုင်ငံက ရောဂါသတင်းတွေလည်း မပြတ်သိနေရမှာလေ” ဟု ဦးထွန်းလှစိန်က ဆိုသည်။
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာ လေးခုထဲမှ တစ်ခုဖြစ်သည့် Mytel ပြောခွင့်ရအရာရှိ ဦးဇော်မင်းဦးက အစိုးရ၏ ညွှန်ကြားမှုကြောင့် အင်တာနက်လိုင်းများ ဧပြီ ၃ ရက်က စတင်ကာပြန်ဖွင့်ပေးလိုက်သည်ဟု Myanmar Now ကိုပြောသည်။
“မောင်တောကို အင်တာနက်ပြန်ဖွင့်ဖို ညွှန်ကြားချက်ကတော့ ကျန်ခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်ကတည်းက ရောက်နေတာ။ ကျန်တဲ့မြို့တွေကြောင်းတော့ မပြောသေးဘူး” ဦးဇော်မင်းဦးက ပြောသည်။
ရခိုင်ပြည်နယ်ထဲမှ စစ်ရေးအရ ထိရောက်မှုနည်းပါးသည့် မြို့နယ်တစ်မြိုကို အင်တာနက်ပြန်ဖွင့်ပေးမည့်အကြောင်း မေ ၁ တွင် ပြုလုပ်သည့် သမ္မတရုံးက ပထမဆုံး အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုခဲ့သည်။
သိုသော် ကျန်သည့်မြို့နယ်များကိုတော့ အင်တာနက်ဖြတ်တောက်မှု ဆက်လက်လုပ်ဆောင်သွာမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်ပေးမည်ကို ပြောဆိုခဲ့ခြင်းမရှိပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











