ကပ်ရောဂါက မွှေနှောက်လိုက်သည့် အရေးပေါ်ဆရာဝန်များ၏ မိသားစုဘဝများ

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရနိုင်ခြေရှိသည့် လုပ်ငန်းခွင်အခြေအနေကြောင့် အရေးပေါ်ဆရာဝန်များသည် ၎င်းတို့၏ မိသားစုဝင်များကို တစ်ဆင့် ကူးစက်မသွားစေရန် ယာယီနေရာထိုင်ခင်းများသို့ ပြောင်းရွှေ့လိုက်ကြရသည်

Published on May 3, 2020
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်လာသည့် လူနာတစ်ဦးကို ဆရာဝန်များက စစ်ဆေးကုသမှုပေးနေသည်ကို ဧပြီ ၈ က တွေ့ရစဉ် (ဓာတ်ပုံ- တင်ထက်ပိုင်/ Myanmar Now)
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်လာသည့် လူနာတစ်ဦးကို ဆရာဝန်များက စစ်ဆေးကုသမှုပေးနေသည်ကို ဧပြီ ၈ က တွေ့ရစဉ် (ဓာတ်ပုံ- တင်ထက်ပိုင်/ Myanmar Now)

ဒေါက်တာဝဏ္ဏ အကြောက်ဆုံးအရာမှာ ဆေးရုံမှအိမ်ပြန်လာတိုင်း သူ့မှာ ကိုရိုနာဗိုင်းရပ်ပါလာပြီး သူ့အမေကိုပါ ကူးစက်သွားမှာပဲ ဖြစ်သည်။ အမေ အန္တရာယ်ကင်းအောင် အတူမနေဘဲ သပ်သပ်ခွဲနေရန် စဉ်းစားခဲ့သေး သော်လည်း နှလုံးသွေးကြောကျဉ်းရောဂါရှိသည့် အမေ့ကို အိမ်တွင် တစ်ယောက်တည်း ထားခဲ့ရန် စိတ်မချ ဖြစ်နေပြန်သည်။

အမေ့ နှလုံးရောဂါ ရုတ်တရက် ထဖောက်လျှင် အနည်းဆုံး အိမ်တွင် သူရှိနေလိမ့်မည်ဟု ဒေါက်တာဝဏ္ဏက ယူဆသည်။ ထိုနှလုံးရောဂါအတွက် ပူပန်သဖြင့် အိမ်ပြန်လာရသလို မတော်မဆ သူ့ထံမှ ကိုရိုနာဗိုင်းရပ် ကူးစက်သွားလျှင် ထိုရောဂါကပင် အမေ့အတွက် ပိုစိုးရိမ်စရာ ဖြစ်သွားနိုင်သည့်အတွက် သပ်သပ်ခွဲနေရန် တွေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန၌ လက်ထောက်ဆရာဝန်အဖြစ် လုပ်ကိုင်နေသည့် ၃၃ နှစ်အရွယ် ဒေါက်တာဝဏ္ဏသည် ယနေ့အထိ ဆေးရုံတာဝန်ချိန်ပြီးတိုင်း အမေရှိသည့် အိမ်သို့ ပြန်လာသည်။ သူလုပ်နေသည့် အလုပ်က အရေးပေါ်ဆရာဝန် ဖြစ်သည့်အတွက် နေ့စဉ် သူကိုင်တွယ်ကုသပေးလိုက်သော လူနာများမှတစ်ဆင့် သူ့ကို ကိုရိုနာဗိုင်းရပ် ကူးစက်နိုင်ခြေများစွာရှိနေပြီး သူမှတစ်ဆင့် အမေ့ဆီ သူမသိလိုက်ဘဲ ထပ်မံ ကူးစက်သွားနိုင်သည်ဆိုသည့် အတွေးက ဒေါက်တာဝဏ္ဏကို များစွာ စိတ်ဖိစီးစေသည်။

“မွန်းကျပ်တာပေါ့။ ဒီဟာကြီး ဘယ်အချိန်အထိ ကြာဦးမှာလဲ” ဟု ၎င်းက ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်သော ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါနှင့် နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရသည့် အခြေအနေကို ဧပြီ ၈ တာဝန်ချိန်ပြီးသည့် ညနေတွင် Myanmar Now ကို ပြောသည်။

ဒေါက်တာဝဏ္ဏသည် ဆေးရုံမှ အိမ်ပြန်ရောက်လျှင် ဖိနပ်ကို အိမ်အပြင်တွင် ချွတ်သည်။ ရေ ချက်ချင်းချိုး၊ ဝတ်လာခဲ့သည့် အဝတ်အစားများကို ချက်ချင်းလျှော်ဖွပ်ပစ်သည်။ သူ့ကိုယ်ခန္ဓာတွင် ဗိုင်းရပ်ပိုးများ ရှိမနေစေရန် ဖြစ်သည်။ အမေနှင့်လည်း တတ်နိုင်သမျှ ခပ်ခွာခွာနေရသည်။ အစားအသောက်လည်း သပ်သပ်စီ ခွဲစားသည်။

ထိုကဲ့သို့ ပြုမူနေထိုင်နေရသည်မှာ ဒေါက်တာဝဏ္ဏတစ်ယောက်တည်းတော့ မဟုတ်ပါ။ မြန်မာနိုင်ငံရှိ ရာ၊ ထောင်ချီသော ကျန်းမာရေးဝန်ထမ်းများသည်လည်း ဒေါက်တာဝဏ္ဏကဲ့သို့ပင် ကိုဗစ်နိုင်တင်း ကပ်ရောဂါ နိုင်ငံတွင်း စဖြစ်ပွားခဲ့ကတည်းက အလားတူ ပြုမူနေထိုင်နေခဲ့ကြရသည်။

သူတို့မှတစ်ဆင့် ကိုယ်ချစ်ရသည့် မိသားစုဝင်များကို ရောဂါပိုးကူးစက်မည်စိုးသဖြင့် အိမ်မပြန်ဘဲ ဆေးရုံများက စီစဉ်ပေးသည့် နေရာများ၌ ယာယီနေထိုင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ရှိသလို အခန်းပိုင်ရှင် အဆောင်ပိုင်ရှင်များက လက်မခံတော့သဖြင့် နေရာပြောင်းရွှေ့ နေထိုင်နေကြရသူများလည်း ရှိသည်။

လက်ရှိအထိ အစိုးရဆေးရုံများတွင် လုပ်ကိုင်နေသည့် ဆရာဝန်တစ်ဦး၊ မေ့ဆေးဆရာဝန်တစ်ဦးနှင့် သူနာပြု သုံးဦးတို့ အပါအဝင် ကျန်းမာရေးလုပ်သား ရှစ်ဦးတို့သည် ကိုဗစ်နိုင်တင်း ကူးစက်ခံထားရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။ ၎င်းတို့နှင့် ထိစပ်မိသည့် ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

Myanmar Now သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဧပြီ ၈ က သွားရောက်ခဲ့ရာ လက်အိတ်၊ နှာခေါင်းစည်း၊ ခွဲစိတ်ခန်းသုံးဝတ်ရုံနှင့် ခေါင်းဆောင်း စသည့် တစ်ကိုယ်ရည် အကာအကွယ်များ ဝတ်ဆင်ထားသည့် အရေးပေါ်ဆရာဝန်များသည် ဆေးရုံသို့ ဆက်တိုက်လာရောက်နေသည့် အရေးပေါ်လူနာများကို ကိုဗစ်နိုင်တင်းရောဂါလက္ခဏာများ ရှိမရှိ စစ်ဆေးနေသည်ကို တွေ့ခဲ့ရသည်။

မတ်တပ်ပန်ကာကြီးနှစ်လုံးနှင့် လူတစ်ရပ်စာခန့်မြင့်သည့် လေအေးပေးစက်တစ်လုံး အနီးအနားတွင် ရှိနေသော်လည်း ချွေးစို့နေသည့် ၎င်းတို့၏ နဖူးနှင့် နားထင်များကို နှာခေါင်းစည်းအထက်တွင် မြင်နေရသည်။

လက်ရှိတွင် လူအများအပြားကို ရောဂါပိုးရှိမရှိ မစစ်ဆေးနိုင်သေးရာ ကိုဗစ်နိုင်တင်းရောဂါလက္ခဏာများ ရှိလာခဲ့လျှင် သို့မဟုတ် အတည်ပြုလူနာများနှင့် ထိစပ်ခဲ့လျှင်ဟူသည့် အခြေအနေများမှလွဲပြီး အဆိုပါ ကျန်းမာရေးဝန်ထမ်းများသည် ရောဂါပိုးရှိ မရှိ စစ်ဆေးခံရမည် မဟုတ်ပါ။

ရန်ကုန်ရှိ ကိုဗစ်နိုင်တင်း အတည်ပြုလူနာများကို လက်ရှိအထိ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံ (မြောက်ဥက္ကလာ) နှင့် တောင်ဥက္ကလာအထူးကုဆေးရုံတို့တွင်သာ ထားရှိကုသနေသော်လည်း တစ်တိုင်းလုံးအတွင်းရှိ အစိုးရဆေးရုံ အရေးပေါ်ဆရာဝန်များသည် ၎င်းတို့ထံ ရောက်ရှိလာသည့် အတည်မပြုရသေးသည့် ကိုဗစ်နိုင်တင်းလူနာများကို ကနဦးကုသမှု ပေးရသည်။

ကိုဗစ်နိုင်တင်းလူနာများ လက်ခံကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ဧပြီလဆန်းပိုင်းက ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ အရေးပေါ်ဌာနသို့ လာရောက်သည့် ရိုးရိုးလူနာများကို ရောဂါပိုးကူးစက်မှု အန္တရာယ်မရှိစေရန် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသူများနှင့် အဖျားလူနာများကို သီးသန့် စစ်ဆေးကုသနိုင်အောင် စီစဉ်ခဲ့သည်။

အရေးပေါ်ဆရာဝန်များသည် ၎င်းတို့ထံ ရောက်ရှိလာသည့် လူနာများတွင် ကိုရိုနာဗိုင်းရပ်ပိုး ရှိမရှိ အတည်မပြုနိုင်သေးချိန်မှာ စစ်ဆေးကုသမှုများ ပြုရသည့်အတွက် လူနာများမှတစ်ဆင့် ရောဂါကူးစက်နိုင်သည့် အန္တရာယ်များကြားတွင် နေ့စဉ်လုပ်ကိုင်နေကြရသည်။

ထိုကဲ့သို့ အန္တရာယ်ရှိသည့်အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆရာဝန် ဒေါက်တာမျိုးဟိန်းသည် ၎င်း၏ ဆေးရုံမှ လူနာတစ်ဦးတွင် ကိုဗစ်နိုင်တင်းရောဂါရှိကြောင်း အတည်ပြုပြီးချိန် မတ် ၂၇ ကတည်းက အိမ်မပြန်တော့ပေ။

ယင်းလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဆရာဝန်များသည်လည်း ဝေဘာဂီဆေးရုံ၌ ၁၄ ရက် သီးခြား စောင့်ကြည့်ခံခဲ့ကြရသည်။

“ဘယ်အရာမဆို ကိုဗစ်ဖြစ်နေနိုင်တယ်။ ဖျားတယ် မောတယ်မှ မဟုတ်ဘူး တခြားဟာတွေကလည်း ကိုဗစ်ဖြစ်နေနိုင်တယ်။ အဲဒီလိုဟာမျိုးတစ်ခုကို ရင်ဆိုင်နေရတာ (စိတ်ဖိစီးမှု) များတယ်” ဟု ဒေါက်တာမျိုးဟိန်းက ပြောသည်။

သက်ကြီးရွယ်အိုများတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားပါက ပိုမိုအန္တရာယ်များသည့်အတွက် ဒေါက်တာမျိုးဟိန်းသည် သူနှင့် အတူနေသည့် အသက် ၇၀ ကျော် မိဘနှစ်ပါးအတွက် စိုးရိမ်ပြီး အိမ်မပြန်တော့ခြင်းဖြစ်သည်။

အိမ်မပြန်ဖြစ်သော်လည်း ၎င်း၏ အမေနှင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်ဖုန်းပြောဖြစ်သည်။ တစ်ခါတစ်ရံတွင်တော့ ဖုန်းပြောနေရင်း အမေ၏ ငိုသံများ ကြားရတတ်သည်ဟု ဒေါက်တာမျိုးဟိန်းက ပြောသည်။

“ကျွန်တော်က မအားလို့ ဖုန်းမကိုင်မိလိုက်ဘူးဆိုရင် အမေက ဘာဖြစ်လဲဆိုရင် ကျွန်တော်ဝေဘာဂီများ ရောက်သွားပြီလားဆိုပြီး စိတ်ပူနေရော” ဟု ၎င်းက ပြောသည်။

“အရင်တုန်းက အမေတို့ ဘာတို့က ဆရာဝန်ဖြစ်စေချင်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကျွန်တော် ဆရာဝန်ဖြစ်တာကို နောင်တရမိသလိုလိုမျိုး ဖြစ်တာ” ဟု ၎င်း၏ အမေ စိတ်ပူပန်နေရပုံကို ဒေါက်တာမျိုးဟိန်းက ပြောပြသည်။

“ဖေဖေ့မှာ ဇွန်ဘီပိုးတွေ ရှိတယ်”

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှိ အနည်းဆုံး ဆရာဝန် ၂၄ ဦးသည် ၎င်းတို့၏ မိဘများ၊ မိသားစုများကို ရှိရာ အိမ်သို့ မပြန်တော့ဘဲ ဆေးရုံက ယာယီစီစဉ်ပေးထားသည့် ဝန်ထမ်းတိုက်ခန်းများတွင် စုပေါင်းနေထိုင်နေကြသည်။ ယင်းတိုက်ခန်းသို့ အရေးပေါ်ဌာနမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်သွားရသည်။

မတ်လကုန်ကတည်းက အိမ်မပြန်ဖြစ်တော့သည့် အရေးပေါ်ဆရာဝန်များအနက် ဒေါက်တာဖြိုးသီဟလည်း ပါသည်။ အချိန်မရွေး ရောဂါပိုးကူးစက်ခံသွားရနိုင်သည့် ၎င်း၏ အခြေအနေကြောင့် မိဘနှစ်ပါး၊ ညီမနှစ်ယောက်တို့နှင့် ခပ်ဝေးဝေး နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ပြောရရင်တော့ သရဏဂုံတင်ပြီးမှ လာတာပေါ့။ ဘယ်အချိန် သေမယ်မှန်းလည်း မသိဘူး။ ဘယ်အချိန် အကူးခံရမယ်မှန်းလည်း မသိဘူး... အိမ်မှာကို ပြန်မနေတော့ဘူး။ ကိုယ့်ဆီကနေ ရောဂါသယ်ဆောင်သူ ဖြစ်မှာစိုးလို့” ဟု ဒေါက်တာဖြိုးသီဟက ပြောသည်။

“အိမ်ကို ပြောခဲ့ပြီးပြီ။ ပြီးမှ ပြန်လာမယ်လို့” ဟု ၎င်းက ပြောပြသည်။

ရန်ကုန် ဆေးတက္ကသိုလ် (၁) ၌ လက်ထောက်ကထိကအဖြစ်လည်း စာသင်ကြားပေးနေသည့် ဒေါက်တာဖြိုးသီဟသည် အတန်းများ ခေတ္တနားလိုက်သည့်အပြင် ၎င်း၏ ကိုယ်ပိုင်ဆေးခန်းကိုလည်း ပိတ်ထားလိုက်သည်။ ၎င်းနှင့် ပုံမှန်ထိတွေ့ဆက်စပ်နေသူများကို သူမှတစ်ဆင့် ရောဂါပိုး မကူးစက်စေလိုသည့်အတွက်ကြောင့် ဖြစ်သည်။

အလားတူပင် မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဌာနရှိ ဒေါက်တာရဲလင်းဟိန်းသည်လည်း လူများနှင့် ထိတွေ့မှု လျှော့ချရန် မတ်လဆန်းပိုင်းကတည်းက အိမ်မပြန်တော့ဘဲ ၎င်း၏ ကိုယ်ပိုင်ဆေးခန်းကို ပိတ်ကာ သူမွေးထားသည့် ကြောင်နှစ်ကောင်နှင့်အတူ ဆေးခန်းတွင် တစ်ဦးတည်း လာနေနေခဲ့သည်။ ၎င်း၏ မိဘများကို မတွေ့ရသည်မှာ လချီကြာပြီ ဖြစ်သည်။

၎င်းတို့ကဲ့သို့ အိမ်ခွဲ မနေနိုင်သည့် အရေးပေါ်ဆရာဝန်အချို့မှာမူ ဆေးရုံမှ အိမ်သို့ ပြန်လာသည့်အခါတိုင်း တစ်မိုးအောက်တွင် မိသားစုဝင်များနှင့် တတ်နိုင်သမျှ ခပ်ခွာခွာ နေနေကြရသည်။

မြောက်ဥက္ကလာပဆေးရုံမှ အရေးပေါ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဇော်သီဟသည် လက်ရှိအထိ အိမ်တွင် လေးနှစ်အရွယ် သား၊ ဇနီး၊ ယောက္ခမများနှင့်အတူ နေထိုင်နေသော်လည်း တစ်သီးတစ်သန့် ဖြစ်အောင် ဂရုတစိုက်နေရသည်။

အခန်းသပ်သပ်တစ်ခန်းတွင် တစ်ဦးတည်းနေပြီး သားဖြစ်သူကိုလည်း အခန်းထဲ ဝင်ခွင့် မပြုဘဲ ထားသည်။ သားဖြစ်သူက ၎င်းနှင့် စကားပြောလိုလျှင် အခန်းဝမှသာ လှမ်းပြောရသည်။

“အခု ကလေးက ပိုပြီး အနားကပ်ချင်လာတယ်။ အရင်တုန်းက သိပ်မကပ်ချင်ဘူး” ဟု ဒေါက်တာဇော်သီဟက သားဖြစ်သူနှင့် နီးနီးကပ်ကပ် မနေရတော့သည့်အကြောင်း ပြောပြသည်။

“ဖေဖေ့မှာ ဇွန်ဘီ (သွေးစုပ်ကောင်) ပိုးတွေ ရှိတယ်ပေါ့။ ဖေဖေ့အနား ကပ်လို့မရဘူးလို့ ပြောထားရတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် ကိုဗစ်နိုင်တင်းလူနာအရေအတွက် ဆက်လက်များပြားလာပါက ၎င်းသည်လည်း အိမ်မပြန်ဘဲ နေရလိမ့်မည်ဟု ဒေါက်တာဇော်သီဟက ဆိုသည်။

အစိုးရ၏ အမိန့်များကို မလိုက်နာသူများ

ကျန်းမာရေးဝန်ထမ်းများ၏ အပူကို တိုးစေသည်က အပြင်တွင် လူအများအပြား ပုံမှန်အတိုင်း သွားလာနေကြသည်ကို မြင်ရခြင်း ဖြစ်သည်ဟု Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည့် အရေးပေါ်ဆရာဝန်များက ဆိုသည်။

စက်ရုံအလုပ်ရုံများကို ခေတ္တပိတ်ထားရန်၊ ပြည်သူများကို မလိုအပ်ဘဲ အိမ်အပြင်မထွက်ရန်နှင့် စုဝေးခြင်း မပြုလုပ်ရန်တို့ အစိုးရအာဏာပိုင်များက အမိန့်ချမှတ်ထားချိန်တွင် ထိုအမိန့်များကို အလေးအနက်မထားသူများ မြင်နေရဆဲ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဆေးရုံမှ ၎င်းသီးသန့်နေထိုင်နေသည့် ဆေးခန်းသို့ ပြန်လာသည့် လမ်းတစ်လျှောက်နှင့် ဈေးများတွင် လူစုလူဝေးများ တွေ့ရသည့်အခါ ရောဂါပိုး ပိုမိုပျံ့နှံ့နိုင်သည့် အခြေအနေအတွက် စိုးရိမ်ပူပန်ရသည်ဟု ဒေါက်တာရဲလင်းဟိန်းက ပြောသည်။

လက်လုပ်လက်စားလူများသည် ယခုလို အချိန်မျိုးတွင် အိမ်မှာနေနိုင်သည့် အခြေအနေ မပေးသည်ကို နားလည်နိုင်သော်လည်း လူအချို့မှာမူ ရောဂါပိုးပျံ့နှံ့မှု အန္တရာယ်ကို အရေးမထားကြဟု ၎င်းက ဆိုသည်။

“ဒီလောက်ပြောနေ ဒီလောက်ဖြစ်နေတာကို တချို့တွေက ကြောက်ကိုမကြောက်တာ။ ကိုယ်တိုင်ဖြစ်မှပဲ နည်းနည်း ကြောက်မယ့် အနေအထားမျိုး ရှိတယ်။ ဘယ်လို ယုံထားလဲဆိုတော့ ‘ငါတော့ မဖြစ်ပါဘူး’ ဆိုတဲ့ အဲဒီအတွေးကြီးက တော်တော်ဆိုးတယ်” ဟု ဒေါက်တာရဲလင်းဟိန်းက ပြောသည်။

ဆင်ခြေဖုံးနေရာများနှင့် လူထူထပ်သော နေရာများတွင် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်ကူးစက်စေသူများ ရှိနေပါက ထိန်းချုပ်ရခက်ခဲနိုင်သဖြင့် စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ အကောင်အထည်ဖော်ပြီး ကိုဗစ်နိုင်တင်းရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် ပြုလုပ်သင့်သည်ဟု ၎င်းက အကြံပြုသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသည် ပုံမှန်အားဖြင့် တစ်ပတ်လျှင် အရေးပေါ်လူနာ ၃,၀၀၀ မှ ၃,၅၀၀ ကြား လက်ခံရသော်လည်း ကိုဗစ်နိုင်တင်းရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက်တွင် လူနာအရေအတွက်မှာ ၂,၀၀၀ ဝန်းကျင်သာ ကျန်ရှိတော့သည်ဟု ဌာနရှိ ဆရာဝန်များက Myanmar Now ကို ပြောသည်။ သို့သော်လည်း အိမ်အပြင်သို့ မလိုအပ်ဘဲ မထွက်ရန် အမိန့်ချမှတ်ထားသည့် ကာလတွင်ပင် ရန်ပွဲများနှင့် ကား၊ ဆိုင်ကယ်မတော်မဆမှုများကြောင့် ထိခိုက်ဒဏ်ရာလူနာများမှာ ရာဂဏန်းရှိနေသေးသည်ဟု ဆိုသည်။

“တချို့ဆို လျှောက်သွားနေတုန်းပဲ၊ ရန်တွေ ဖြစ်နေတုန်းပဲ၊ ရန်ကုန်ဆေးရုံကြီးမှာ အမူးသမားတွေ လာနေတုန်းပဲ၊ မူးပြီး ဆိုင်ကယ်တွေ မှောက်နေကြတုန်းပဲ၊ ကားတွေ တိုက်နေကြတုန်းပဲ၊ ဓားတွေ ထိုးနေကြတုန်းပဲ။ အခုချိန် အဲဒီလိုမျိုးတွေ မဖြစ်သင့်ဘူး” ဟု ရန်ကုန်ဆေးရုံကြီးမှ အရေးပေါ်ဆရာဝန် ဒေါက်တာမျိုးဟိန်းက ပြောသည်။

အရင်းအမြစ်ရှားပါးမှု

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်နိုင်တင်းအတည်ပြုလူနာနှစ်ဦးကို မတ် ၂၃ တွင် ကြေညာခဲ့ပြီး တစ်လကျော် ကာလအတွင်းတွင် ကိုဗစ်နိုင်တင်းကူးစက်လူနာ ၁၅၁ ဦး ရှိလာခဲ့သည်။ ၎င်းတို့အနက် ၁၁၇ ဦးမှာ ရန်ကုန်မှ ဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ကနဦးရောက်လာခဲ့သည့် လူနာများမှာ ၁၀ ဦးပင် မပြည့်ပေ။

တစ်နိုင်ငံလုံးတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၆ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော်မှာ ပြန်လည်သက်သာကောင်းမွန်လာပြီ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာတစ်နိုင်ငံလုံးတွင် မတ် ၂၀ အထိ အသက်ရှူကူစက် ၂၄၉ လုံး၊ အထူးကြပ်မတ်ကုသရမည့် လူနာများအတွက် ခုတင် (ICU bed) ၃၈၃ လုံး ရှိသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းရှိ ဆေးရုံများအတွက် ဝန်ကြီးဌာနက ကိုဗစ်နိုင်တင်းလူနာများကို ကုသရမည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးထားသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အဘက်ဘက်တွင် လိုအပ်ချက်ရှိပြီး အရင်းအမြစ်ရှားပါးသည့် အခြေအနေအောက်တွင် လုပ်ကိုင်နေရသည့် အစိုးရကျန်းမာရေးဝန်ထမ်းများမှာ တိုးတက်ပြီးနိုင်ငံအချို့ ရင်ဆိုင်နေရသည့် ကိုဗစ်နိုင်တင်းအခြေအနေများ မြန်မာနိုင်ငံတွင် ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

“တကယ်သာ ပြင်းပြင်းထန်ထန် ဖြစ်ရင် မခံနိုင်လောက်ဘူး” ဟု ဒေါက်တာမျိုးဟိန်းက ပြောသည်။

ကမ္ဘာ့အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုများရှိသည့် နိုင်ငံများတွင်ပင် ကိုဗစ်နိုင်တင်းရောဂါ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာသည့်အခါ မနိုင်မနင်း ဖြစ်ရသည်ကို မြင်တွေ့လိုက်ရမှသာ ကိုဗစ်နိုင်တင်း၏ အန္တရာယ်ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှ ဒေါက်တာခိုင်သစ္စာ သေသေချာချာ ခံစားမိခဲ့သည်။

“တော်တော်လေးကို ကိုယ့်ဘာသာကိုယ် မနည်းပြန်ပြီးတော့ စဉ်းစားယူရတယ်။ ဒီလိုမျိုးတွေ ဖြစ်လာရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ အကောင်းဆုံးပဲ ကြိုးစားကြမယ်” ဟု ဒေါက်တာခိုင်သစ္စာက ပြောသည်။

“ကိုယ့်ဘဝတစ်လျှောက်မှာ စာတွေသာ အဲဒီလောက် ဖတ်ခဲ့တယ် Pandemic (ကပ်ရောဂါ) ကို တစ်ခါမှလည်း မကြုံဖူးဘူး” ဟု ၎င်းက ဆိုသည်။

Myanmar Now က တွေ့ဆုံမေးမြန်းခဲ့သည့် အရေးပေါ်ဆရာဝန် ၆ ဦးလုံးမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားစဉ်ကတည်းက အရေးပေါ်ဌာနတွင် လူနာများကို ကိုင်တွယ်ကုသဖူးသည့် အတွေ့အကြုံရှိခဲ့သူများ ဖြစ်သည်။

သို့သော် H1N1 ရာသီတုပ်ကွေး၏ ရောဂါလက္ခဏာများမှာ ပြင်းထန်သော်လည်း ယခု ဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်းကပ်ရောဂါ အခြေအနေကဲ့သို့ မသေချာ မရေရာမှုများနှင့် မဟုတ်ဘဲ အလွယ်တကူစစ်ဆေးပြီး မိနစ်ပိုင်းအတွင်း ရောဂါပိုး အတည်ပြုနိုင်ကာ ကာကွယ်ဆေးများလည်း ရှိခဲ့သည့်အတွက် စိုးရိမ်ပူပန်ရမှု နည်းသည်ဟု ၎င်းတို့က ဆိုသည်။

မြန်မာနိုင်ငံရှိ ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၅၁ ဦး၏ တစ်ဝက်ခန့်မှာ ရောဂါလက္ခဏာ မပြသူများ ဖြစ်ခြင်း၊ ကာကွယ်ဆေး မရှိခြင်း၊ ရောဂါပိုးရှိကြောင်း ချက်ချင်းအတည်မပြုနိုင်ဘဲ တစ်ရက်ခန့် အချိန်ယူရခြင်း စသည့် အခြေအနေများကြားတွင် အရေးပေါ်ဌာနရှိ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမည်ကို ဒေါက်တာဖြိုးသီဟ အစိုးရိမ်ဆုံး ဖြစ်သည်။

ယခုကဲ့သို့ ကပ်ရောဂါကာလတွင် အလိုအပ်ဆုံး အရင်းအမြစ်တစ်ခုမှာ အရေးပေါ်ဆရာဝန်များ ဖြစ်သည့်အတွက် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဆရာဝန်များနှင့် အခြားဆက်စပ်ဝန်ထမ်းများကို ကုသသူ မဟုတ်ဘဲ လူနာအဖြစ် မြင်ရမည်ကို စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။

မြောက်ဥက္ကလာပဆေးရုံအရေးပေါ်ဌာနတွင် ပြည်သူများ လှူဒါန်းမှုကြောင့် ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်းများမှာ နှစ်လစာခန့်အတွက် လုံလောက်မှုရှိကြောင်း ဒေါက်တာဇော်သီဟက ပြောသည်။

“ရှိတာနဲ့ပဲ ဖြစ်အောင်တော့ လုပ်ရမှာပေါ့။ ဘာမှ မရှိဘူးဆိုရင်လည်း ... ဖြစ်အောင်လုပ်ရမှာပဲ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မေလလယ်အထိ ပိုင်နိုင်ထိရောက်စွာ ဆောင်ရွက်ထားပါက ရောဂါကူးစက်ပြန့်ပွားမှု ကြီးမားစွာ မဖြစ်လာနိုင်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ထွေးက ဧပြီလကုန်ပိုင်းတွင် ပြောထားသည်။

ရန်ကုန်ဆေးရုံကြီး၌ အသက်ရှူကူစက် ၃၄ လုံးရှိပြီး ကိုဗစ်နိုင်တင်း ရောဂါလက္ခဏာပြလူနာ ၄၀ ကို အရေးပေါ်ဌာနတွင် တစ်ပြိုင်နက်တည်းကုသနိုင်ရန် ပြင်ဆင်ထားပြီး အတည်ပြုလူနာများကို ကိုဗစ်နိုင်တင်းလူနာသီးသန့်ကုသမည့် ဆေးရုံများသို့ အလျင်အမြန်လွှဲပြောင်းနိုင်အောင် ပြင်ဆင်ထားသည်ဟု အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောသည်။

ထို့အပြင် ကမ္ဘာ့ဘဏ်ကလည်း ကိုဗစ်နိုင်တင်းအတွက် အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ချပေးမည်ဟုလည်း ဧပြီ ၂၀ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည့် စာရွက်စာတမ်းများအရ ချေးငွေ၏ အားလုံးနီးပါး (၄၈ ဒသမ ၅ သန်း) မှာ အထူးကြပ်မတ်ကုသဆောင်များကို အဆင့်မြှင့်တင်ပေးခြင်း၊ လူနာခုတင်များ၊ အသက်ရှူကူစက်များနှင့် အခြားဆက်စပ်ကိရိယာများ တပ်ဆင်ပေးခြင်းတို့ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရန် ဖြစ်သည်။

အဆိုပါ ချေးငွေဖြင့် မြန်မာအစိုးရသည် ICU ခုတင် ၃၃၈ လုံး ထပ်မံဖြည့်စွက်နိုင်ပြီး ယင်းပမာဏမှာ နိုင်ငံ၏ လက်ရှိ ICU ခုတင်အရေအတွက်ကို နှစ်ဆနီးပါး တိုးမြှင့်ပေးမည် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းအသီးသီးအတွက် ပျမ်းမျှအားဖြင့် အနည်းဆုံး ICU ခုတင် ခြောက်လုံး ရရှိနိုင်မည်ဟုလည်း ကမ္ဘာ့ဘဏ်က ရေးသားထားသည်။ ကမ္ဘာ့ဘဏ်၏ အဆိုပါချေးငွေအတွက် မေ ၁၈ တွင် ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုချက် ယူရမည်ဖြစ်သည်။

“နောက်က (အရင်းအမြစ်) တွေကလည်း လိုတယ်။ လူအင်အားလည်း လိုတယ်။ လူထုရဲ့ နိုးကြားသိမြင်မှုတွေ ကျန်းမာရေးအသိတွေကလည်း လိုတယ်” ဟု ဒေါက်တာခိုင်သစ္စာက Myanmar Now ကို ပြောသည်။

“(ရောဂါပိုး) ကူးမှာတော့ မကြောက်ဘူး။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ (လူနာကို) ဘာမှမလုပ်ပေးနိုင်ဘဲနဲ့ လက်ပိုက်ကြည့်နေရမှာကြီးကိုတော့ မဖြစ်ချင်ဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading