နာမည်ကျော် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခံခဲ့ရသူတစ်ဦးက နိုင်ငံရေးသမားများ ဝေဖန်မှုကို ပိုမိုခံနိုင်ရည် ရှိသင့်သည်ဟု ယနေ့ ပြောဆိုလိုက်သည်။
ထိုသို့ တိုက်တွန်းလိုက်သူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၄၀ ရပ်ကွက်နေ ကိုဇော်ဇော်အောင်က ၎င်းသည် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်၊ ထောက်ခံခဲ့သူဖြစ်သော်လည်း နောက်ပိုင်းတွင် ပါတီကိုယ်စားပြု အမတ်များကို ဝေဖန်ခြင်းကြောင့် တရားစွဲခံခဲ့ရသည်ဟု ဆိုသည်။

“အားလုံးကို မကြောက်ချင်လို့ ပုံပြီး မဲပေးခဲ့ကာမှ အခုအားလုံးကို ပြန်ကြောက်နေရတယ်။ အောင်နိုင်ရေးကာလမှာလည်း ကျွန်တော်တို့ တက်တက်ကြွကြွ လိုက်ခဲ့ကြတယ်။ ပါတီအနေနဲ့လည်း သူပေးထားတဲ့ကတိကို သူ့ရဲ့ပါတီဝင်တိုင်း လိုက်နာရဲ့လားဆိုတာ မေးဖို့ လိုပါပြီ။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါ ပြောပြီး ဆက်ဆက်ထိမခံ ဖြစ်နေတယ်” ဟု ကိုဇော်ဇော်အောင်က ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လမ်းခင်းမှုကို ဝေဖန်ခြင်း


ဇာတ်လမ်းအစမှာ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး နောက်တစ်နှစ်တွင် ဖြစ်သည်။
တောင်ဒဂုံ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးသိန်းနိုင် သိန်းတစ်ရာတန် လမ်းမ ခင်းရာတွင် လမ်းပုခုံးပေါ် မြေကြီးခင်းမည့်အစား အမှိုက်လာရောက်ပုံသွားခြင်းမှာ မဖြစ်သင့်ကြောင်း ကိုဇော်ဇော်အောင်က ၎င်းက ဖေ့ဘွတ်တွင် ဝေဖန်ရေးသားခဲ့သည်။


ထိုသို့ရေးသားမှုကြောင့် တရားစွဲခံရပြီး ထောင် ၄လ ကျခဲ့သည်။ ယခုအခါ ယခင်တရားစွဲဆိုမှုတွင် တင်သွင်းခဲ့သော စွဲချက်များ ပါဝင်သည့် ဆက်သွယ်ရေးပုဒ်မဖြင့် တောင်ဒဂုံရဲစခန်းတွင် ဒုတိယအကြိမ် အမှုဖွင့်ခံထားရသည်ဟု ဆိုသည်။
“သူတို့ လွှတ်တော်မှာ ဘတ်ဂျက်ထည့်တဲ့အခါ မြေသားဖို့ဖို့ ပါတယ်။ အဲ့မြေနေရာအစား နောက်ကျတော့ အမှိုက်တွေ လာဖို့သွားတယ်။ အဲ့ဒါကြောင့် ဖုန်းနဲ့ ဆက်သွယ်တယ်။ ဆက်သွယ်လို့ မရတော့မှသာ ဗီဒီယိုကို လိုင်းပေါ် တင်လိုက်တာ။ နောက်ရက်ကျတော့ အဲ့အမှိုက်တွေကို စည်ပင်ခရိုင်မှဴးက ချက်ချင်း လာပြန်သိမ်းသွားတယ်” ဟု သူက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဒုတိယအကြိမ် အမှုဖွင့်ခံထားရသည့်အကြောင်းကို လွန်ခဲ့သော ၁၀ ရက်ခန့်က တောင်ဒဂုံရဲစခန်းက နေအိမ်သို့ လာရောက် အကြောင်းကြားသဖြင့် သိခဲ့ရကြောင်း၊ အမှုက တရားရုံးသို့ မရောက်ရှိသေးကြောင်း သူက ရှင်းပြသည်။
၄င်းအနေဖြင့် ဦးသိန်းနိုင် တစ်ဦးတည်းကိုသာမကဘဲ တောင်ဒဂုံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၏ လုပ်ဆောင်ချက်အပေါ် ရေးသားခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပါတီပုံရိပ်
ဦးသိန်နိုင်က သူ့ကို လွှတ်တော်ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား စွဲဆိုစေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးသိန်းနိုင်၏ မှတ်ချက် ရရှိရန် တယ်လီဖုန်း ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ယခု သတင်းရေးပြီးချိန်အထိ ခေါ်ဆို၍မရသေးပေ။
ကိုဇော်ဇော်အောင်ကို ကနဦး တိုင်ကြားခဲ့သူမှာ တောင်ဒဂုံမြို့နယ်မှ ပါတီ၏ ရပ်ကွက်/ကျေးရွာ အဖွဲ့ခွဲ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးကျော်မင်းဆွေ ဖြစ်သည်။
အွန်လိုင်းလူမှုကွန်ရက်တွင် ဝေဖန်ရေးသားခြင်းကြောင့် ပါတီပုံရိပ်ထိခိုက်မည် စိုးရိမ်သည့်အတွက် တာဝန်သိစိတ်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်မင်းဆွေက ရှင်းပြသည်။
“သူ့အနေနဲ့ အပြုသဘောဆောင်ပြီး စွပ်စွဲမယ်ဆိုရင် ပါတီတွင်းက စည်းကမ်းထိန်းသိမ်းရေးဌာနတွေကို ဘောင်အတွင်းကနေ တိုင်ကြားချင်တဲ့ ကိုယ်စားလှယ်ရဲ့အချက်အလက်နဲ့ တိုင်ကြားစေချင်တာပါ။ လူမှုကွန်ရက်မှာ ဖော်ပြတာက မသိတဲ့သူဆို အမှန်ထင်သွားနိုင်တာရယ်။ ပါတီရဲ့စည်းရုံးရေးနဲ့ ပုံရိပ် ထိခိုက်နိုင်တာမို့ပါ” ဟု ဦးကျော်မင်းဆွေက ဆိုသည်။
အင်တာနက်စာမျက်နှာတွင် ရေးသားမှုများနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆ (ဃ) ဖြင့် အမှုဖွင့်၊ တရားစွဲခံရသူ အများအပြား ရှိနေသည်။
ထိုပုဒ်မနှင့် ပတ်သက်ပြီး အငြင်းပွားမႈမှာ ယမန်နှစ်က အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ ပါတီထိပ်တန်းခေါင်းဆောင်များအနက် ဦးဉာဏ်ဝင်းက ၆၆ (ဃ) ကို လုံးဝ ဖျက်သိမ်းသင့်သည်ဟု မှတ်ချက်ပေးပြီး ဦးဝင်းထိန်က ဤပုဒ်မ မရှိတော့လျှင် အွန်လိုင်းတွင် ပိုမို ထင်တိုင်းကြဲကြလိမ့်မည်ဟု မှတ်ချက်ချသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











