စီးပွားရေးလုပ်ငန်းများကို ကိုဗစ်ချေးငွေ ကျပ်သိန်း ၃၀ မှသန်း ၆၅၀ အထိ ခွင့်ပြုပေးဟုဆို

အစိုးရက စုစုပေါင်းကျပ် ၁၀ ဘီလျံခန့် ထုတ်ချေးပြီးပြီဟုဆိုသော်လည်း ရရှိချေးငွေပမာဏမှာ နည်းပါးလွန်း၍ လုပ်ငန်းအပေါ် အထောက်အကူမဖြစ်သဖြင့် မထုတ်ယူတော့ဟု ကြေညာသူများလည်းရှိနေသည်

အထည်ချုပ်စက်ရုံတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Now)

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများကို ကျားကန်နိုင်ရန် အစိုးရက အနိမ့်ဆုံးချေးငွေ ကျပ်သိန်း ၃၀ မှစတင်ကာ ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။

သို့သော် ချေးငွေပမာဏမှာ နည်းပါးလွန်းသဖြင့် လုပ်ငန်းအတွက် အထောက်အကူမရနိုင်၍ ခွင့်ပြုချေးငွေ ပြန်အပ်လိုက်ကြောင်း ခရီးသွားလုပ်ငန်းတစ်ခု၏ ယနေ့နံနက်ထုတ်ပြန်ချက်ကြောင့် အစိုးရ၏ချေးငွေလုပ်ငန်းစဉ်အပေါ် ဝေဖန်မှုများလည်းရှိနေသည်။

ချေးငွေပြန်အပ်လိုက်သည့် ခရီးသွားလုပ်ငန်းဖြစ်သော Apex International ကုမ္ပဏီ၏ဒါရိုက်တာ ဦးသီဟက ၎င်းတို့၏ကုမ္ပဏီက ကျပ်သိန်း ၃၀၀၀ ချေးပေးရန် လျှောက်ထားခဲ့သော်လည်း ကျပ် ၆၅ သိန်းသာ ခွင့်ပြုခဲ့သဖြင့် ထုတ်ယူခြင်းမပြုတော့ဟု ဆိုသည်။

“စိစစ်တဲ့နေရာမှာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုမယ်၊ စာရွက်စာတမ်းပေါ်မှာပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်တာလို့ မြင်ပါတယ်။ အမှန်တစ်ကယ်ကတော့ လုပ်ငန်းပမာဏ ဘယ်လောက်ရှိလဲဆိုတာ ကွင်းဆင်းစစ်ဆေး ဆုံးဖြတ်သင့်တယ်”ဟု ဦးသီဟက ပြောသည်။

၎င်းတို့ကုမ္ပဏီမှာ မတည်ရင်းနှီးငွေ ကျပ်သိန်း ၅၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး ယင်းအပေါ်လည်း နိုင်ငံတော်ကို အခွန်ပေးဆောင်ထားကြောင်း ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့အချိန်ထိ လုပ်ငန်း ၂၀၁ ခုအတွက် ချေးငွေကျပ် ၁၀ ဘီလျံခန့် ခွင့်ပြုခဲ့ပြီး လုပ်သား ထောင်နှင့်ချီရှိသည့် လက်ခစား အထည်ချုပ်လုပ်ငန်းတစ်ခုကို ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးထားကြောင်း၊ အနိမ့်ဆုံးပေးအပ်သည့် ချေးငွေပမာဏမှာ ကျပ်သိန်း ၃၀ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောသည်။

“စိစစ်ပြီးထောက်ခံလာတာကို ကျွန်တော်(ကော်မတီအဆင့်က) တစ်ပြားမှမလျှော့ဘူး။ အဲဒီအတိုင်းပဲ ထုတ်ခွင့်ပေးလိုက်တာ” ဟု ၎င်းကပြောဆိုသည်။

ချေးငွေလျှောက်ထားမှုများကို အဆင့်သုံးခုဖြင့် စိစစ်နေခြင်းဖြစ်ကြောင်း ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ပူးပေါင်း၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း၊ မြန်မာနိုင်ငံလက်မှတ်ရ စာရင်းကိုင်များအသင်းက ငွေကြေးပမာဏ မည်မျှထောက်ပံ့ရမည်ကို ထောက်ခံတင်ပြခြင်း၊ ကော်မတီကအတည်ပြုခြင်း စသည့်အဆင့်များဖြင့် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

သို့သော် ချေးငွေခွင့်ပြုပမာဏအပေါ် ဝေဖန်မှုများရှိနေပြီး ချေးငွေပမာဏဆုံးဖြတ်မှု လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုအပ်ကြောင်း လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။

“ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်ရဲ့ဟိုတယ် (အင်းလေးမင်းသမီး)က နှစ်ပေါင်းများစွာ အခွန်ဆောင်ထားတာ၊ အင်းလေးရဲ့ဂုဏ်ဆောင်လည်းဖြစ်လို့ ချေးငွေပမာဏ များများရသင့်တာ မှန်တယ်၊ ဒါပေမဲ့ သူ့ကို ကျပ်သိန်းတစ်ထောင်အထက် ပေးပြီးတော့ တစ်ခြားသူတွေကျတော့ သိန်း ၅၀ တို့ ၃၀ တို့ပေးတာက မဖြစ်သင့်ဘူး” ဟု Grand Lotus ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးကျော်စွာမင်းကပြောသည်။

၎င်း၏ လုပ်ငန်းအတွက်ရရှိသည့် ချေးငွေပမာဏကိုမူ ဦးကျော်စွာမင်းက အတည်ပြောဆိုခြင်းမရှိ​ပေ။ သို့သော် ဝန်ထမ်းလစာစုစုပေါင်း၏ တစ်လစာပင် မရှိဟု​ ၄င်းကဆိုသည်။

ယနေ့လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ကျပ်သိန်းတစ်ထောင်အထက် ချေးငွေရသူများစာရင်းတွင် အင်းလေးမင်းသမီးလီမီတက်လည်း ပါဝင်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် အင်းလေးမင်းသမီးကုမ္ပဏီသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

“မူလကတည်းက စိစစ်တဲ့လုပ်ငန်းစဉ်မှာ ဘက်စုံထောင့်စုံကြည့်ပြီး ပေးကြတာကိုး၊ တစ်ချို့လည်း အများကြီးမျှော်လင့်ပြီး မရတဲ့အတွက် ဘဝင်မကျတာတော့ ရှိကောင်းရှိနိုင်ပါတယ်၊ အများစုကတော့ ကျေနပ်ကြပါတယ်” ဟု ဦးအောင်နိုင်ဦးက Myanmar Now ကိုပြောသည်။

နိုင်ငံတော်အကြီးအကဲများက လုပ်ငန်းရှင်များထံ ချေးငွေ အမြန်ဆုံးပေးအပ်စေလို၍ လျှောက်ထားသူများ ဘဏ်ကြွေးရှိမရှိ စိစစ်ခြင်းကဲ့သို့သော အဆင့်များကိုပင် ချန်လှပ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လျှောက်လွှာပေါင်း လေးထောင်နီးနီးရှိတယ်၊ အဲဒါကို ကွင်းဆင်းစိစစ်နေရင် နောက်ထပ် လေးငါးလလောက်အတွင်း ရစရာအကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။

အချို့လုပ်ငန်းရှင်များမှာမူ ချေးငွေရရှိသဖြင့် သက်ဆိုင်ရာဘဏ်သို့ သွားရောက်ချိန်တွင်မှ ယခင်ယူထားသည့် ဘဏ်ချေးငွေအပေါ်တွင် ပြစ်ချက်များရှိထား၍ ယခုချေးငွေကို ထုတ်မရဟု ဆိုကြသည်။

လုပ်ငန်းရှင်နှင့် အစိုးရကြားတွင် ချေးငွေလျှောက်ထားမှုများအတွက် အကူအညီပေးနေသည့် UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းကမူ ပေါ်ပေါက်နေသည့် အငြင်းပွားမှုများအပေါ် မှတ်ချက်ပေးရန်မရှိဟု ဆိုသည်။

ဒုတိယအသုတ်ချေးငွေရရှိသူများ စာရင်းတွင်ပါဝင်သည့် Areo Coffee and Bakery၊ အခွင့်အလမ်းဂျာနယ်၊ Myo Myo Fashion တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ချေးငွေရရှိသည့် ပမာဏနှင့် ထုတ်ယူရမည့် အခြေအနေကို မသိရသေးကြောင်း ပြောဆိုသည်။

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကနဦးမတည်၍ ကိုဗစ်ကြောင့် ဆိုးကျိုးသက်ရောက်နေသည့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးမည်ဟု မတ် ၁၈ ရက်တွင် အစိုးရကကြေညာ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ထားပြီး အထည်ချုပ်ကဲ့သို့သော ကုန်ကြမ်းယူ၊ ကုန်ချောပို့ လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်သည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading