လက်နက်ကိုင်ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်လူနာများ ရှိလာပါက ကုသပေးရန် အခက်အခဲရှိဟုဆို

လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော်လည်း သွားလာနိုင်သည့် နေရာအကန့်အသတ် ရှိနေသည်ဟု ပြောသည်။

KIO/KIA ထိန်းချုပ်နယ်မြေအတွင်းရှိ ကိုဗစ်နိုင်တင်း ကာကွယ်ရေးစခန်းများသို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်န်ဘန်လ ဧပြီလ ၂၅ရက်နေ့က သွားရောက်စဉ် (ဓာတ်ပုံ-Covid19 Ninghkap Komiti Facebook)

နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်နိုင်တင်း (COVID-19) ရောဂါကူးစက်မှု မဖြစ်အောင် ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နေသော်လည်း ကူးစက်လူနာများ ရှိလာပါက ကုသပေးရန် အခက်အခဲရှိကြောင်း လက်နက်ကိုင်အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်နယ်မြေများတွင် ရောဂါပိုးတွေ့သူ ဧပြီ ၂၉ အထိ မတွေ့ရှိရသေးကြောင်း အဆိုပါအဖွဲ့များက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ကျန်းမာရေး အသိပညာပေးမှုများ ပြုလုပ်နေပြီး သံသယလူနာနှင့် ရောဂါ ကူးစက်ခံရသူများ ရှိလာပါက အနီးဆုံးအစိုးရ ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်ထားသည်ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

“လူထုက စားဝတ်နေရေး တအားလိုအပ်တယ်။ မြို့နယ်တိုင်းလိုလိုမှာ ကြုံနေရတာ။ ဖြစ်သလိုပဲ နေနေကြတာတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ အပြည့်အဝ မကူညီနိုင်ဘူး။ နောက်ပြီး ရောဂါကာကွယ်ဖို့ ဆက်စပ်ပစ္စည်းတွေ အများကြီး လိုအပ်တယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။

သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုးထားသည့် ၁၀ ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တအားင် (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သည် ၎င်းအခြေချရာ နယ်မြေများအတွင်း ရောဂါခြေချုပ်စခန်း ၃၃ ခု ဖွင့်လှစ်ထားက တရုတ်နိုင်ငံနှင့် ပြည်တွင်းမှ ပြန်ရောက်လာသူ ၁၃၀ ဦးကို ကွာရန်တင်းထားပြီး ကျန်းမာရေး စောင့်ကြည့်နေသည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

NCA လက်မှတ်မထိုးထားသည့် TNLA အနေဖြင့်လည်း ရောဂါတားဆီးရေးနှင့် ကြိုတင်ကာကွယ်ရေးတို့ကိုသာ အဓိက လုပ်ဆောင်နေပြီး ကူးစက်လူနာများ ရှိလာပါက ကုသပေးနိုင်သည့်နေရာ မရှိသည့်အတွက် အစိုးရဆေးရုံများသို့သာ ပို့နိုင်ရန် စီစဥ်ထားကြောင်း ၎င်းက ပြောသည်။

ကျွန်တော်တို့အနေနဲ့က အပူချိန်တိုင်းနိုင်တဲ့ အဆင့်ပဲ လုပ်နိုင်တယ်။ သီးခြား စီစဉ်ထားတာတွေတော့ မရှိဘူး။ ကျွန်တော်တို့က တိုက်ပွဲဖြစ်နေတဲ့ သူပုန် ဖြစ်နေတယ်။ အောက်ခြေမှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူပေါင်းပြီး နေမကောင်းသူတွေရှိရင် အစိုးရဆေးရုံ ပို့နိုင်အောင်တော့ စီစဉ်ထားပါတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် လူဝင်လူထွက်များသည့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်းမြို့နယ်တို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တောင်းပိုင်းသို့ သွားလာသည့် မူဆယ်၊ လာရှိုး၊ မိုင်းရယ်၊ ဝမ်ဟိုင်း၊ မိုင်ရှူး၊ တာချီလိတ်နှင့် ကျိုင်းတုံ လမ်းကြောင်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းတို့ကို ပြုလုပ်နေသည်ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု ပြောသည်။

“ထိုင်းက ပြန်လာတဲ့သူတွေက တာချီလိတ်ကနေ ကျေးသီးမြို့နယ်ကို တော်တော်များများဝင်နေတယ်လို့ ကြားတယ်။ သူတို့ကို ရွာအပြင်မှာ ကွာရန်တင်းထားဖို့ စီစဉ်ထားပေမယ့် ဘယ်နေရာတွေရှိမလဲဆိုတာ ရှာနေတုန်းပါ။ တချို့ကတော့လည်း တောထဲကနေ ခြေကျင် ခိုးဝင်လာကြတော့ ထိန်းချုပ်ဖို့ ခက်ခဲတယ်” ဟု ဗိုလ်မှူးစိုင်းဆုက ပြောသည်။

ရှမ်းပြည်နယ်အတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသူ ထောင်ချီ ရှိသောကြောင့် SSPP လှုပ်ရှားနယ်မြေအတွင်း သံသယလူနာနှင့် ကူးစက်လူနာများ ရှိလာပါက ၎င်းတို့ ကုသမပေးနိုင်ကြောင်း ဗိုလ်မှူးစိုင်းဆုက ပြောသည်။

အစိုးရဆေးခန်း မရှိသော ဝေးလံခေါင်သီသည့် နေရာများ၌ ကိုဗစ်နိုင်တင်းကာကွယ်ရေးကိစ္စများ ဆောင်ရွက်ရန် ကြိုးစားရာတွင် တပ်မတော်၏ အောက်ခြေတပ်သားများက ကန့်သတ်မှုများ ရှိသဖြင့် အစိုးရက အသစ်ဖွဲ့လိုက်သည့်ကော်မတီ၏ ညှိနှိုင်းပေးမှု လိုအပ်သည်ဟု TNLA နှင့် SSPP တို့၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

“ခွဲစိတ်ခန်း လုပ်တာတို့၊ ရောဂါတွေ့တဲ့လူတွေကို ပို့ဆောင်တဲ့အခါမှာ အခက်အခဲမရှိစေဖို့၊ အစိုးရကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့ နေရာတွေပေါ့။ သူတို့ မရောက်နိုင်တဲ့နေရာတွေသွားရင် ကျွန်တော်တို့ကို ယုံဖို့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ဒေသတို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေရာ အဆိုပါနေရာများတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးထက် စစ်ဘေးရှောင်အရေးကိစ္စများမှာ ပိုမိုများပြားနေသည်။

မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ

ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပြီး လူမျိုး၊ ဘာသာ ခွဲခြားခြင်း၊ နေထိုင်ရာဒေသ ခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်ပိုင်နက်အတွင်း နေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ (No one left behind Policy) အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ကော်မတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်နိုင်တင်းရောဂါဆိုင်ရာ အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် NRPC ၏ လမ်းညွှန်ချက်နှင့်အညီ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု သမ္မတရုံးထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကိုဗစ်နိုင်တင်းရောဂါဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များမှ ဝင်လာသူများကို စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ သံသယလူနာများနှင့် ထိတွေ့သူများကို ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါလက္ခဏာပြသူများကို ကုသပေးခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ အနေနဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရော၊ မထိုးရသေးတဲ့အဖွဲ့တွေနဲ့ရော ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်မှာ။ ကျွန်တော်တို့ကို မဆက်သွယ်လာတဲ့အဖွဲ့တွေကိုတော့ ကျွန်တော်တို့ မလုပ်ပေးနိုင်သေးဘူး။ ဥပမာ AA တို့လို တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့ကတော့ ကျွန်တော်တို့ကို မဆက်သွယ်လာတော့ သူတို့ အခြေအနေတွေကိုတော့ ကျွန်တော်တို့မသိရဘူး” ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးခင်ဇော်ဦးက ပြောသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးကော်မရှင်ထံသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ RCSS/SSA ၊ UWSA၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDDA-မိုင်းလား) တို့က ၎င်းတို့ လုပ်ဆောင်နေမှုများကို အသိပေးကြောင်း ၎င်းက ဆိုသည်။

“အရေးပေါ်လူတွေ တွေ့ရင် ဘယ်လိုဆောင်ရွက်ရမလဲလို့ (တိုင်းရင်းသားလက်နက်ကိုင်တွေက) မေးပါတယ်။ သံသယလူနာတွေကို အနီးဆုံးပြည်သူ့ဆေးရုံကို ပို့နိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ပေးထားပါတယ်။ လောလောဆယ်အထိတော့ သံသယလူနာ မရှိသေးပါဘူး။ ဆောင်ရွက်ရမယ့်ဟာတွေကိုတော့ သူတို့ (တိုင်းရင်းသားလက်နက်ကိုင်တွေ) ဆီ ဆက်သွယ်ပေးပို့ထားပါတယ်”ဟု ဦးခင်ဇော်ဦးက ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုဗစ်နိုင်တင်းရောဂါ စတင်ဖြစ်ပွားနေချိန်ကတည်းက UWSA သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ ၎င်း၏ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ၎င်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောသည်။ UWSA သည် NCA လက်မှတ်မထိုးထားသောအဖွဲ့ဖြစ်သည်။

တရုတ်နိုင်ငံသို့ သွားလာနိုင်သည့် နယ်စပ်ဂိတ်များ အပါအဝင် မြန်မာနိုင်ငံပြည်မနှင့် ဆက်သွယ်ထားသည့် ဂိတ်များကိုလည်း ပိတ်ထားသည့်အပြင် တောလမ်းများမှ အဝင်အထွက်မရှိစေရန်လည်း ဆောင်ရွက်ထားသည်ဟု ဦးညီရန်းက ဆိုသည်။ ဧပြီလ ၂၈ ရက်အထိ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ သံသယလူနာများ မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် KIA ကလည်း ၎င်းတို့၏ ဌာနနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းများတွင် အဝင်အထွက် ပိတ်ပင်ထားပြီး ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိပါက ၎င်းတို့၏ ကိုယ်ပိုင်ဆေးရုံတွင် ကုသနိုင်ရန် ပြင်ဆင်ထားသည်ဟု ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် NCA လက်မှတ်မထိုးထားသော KIA ထိန်းချုပ်နယ်မြေအတွင်း ရောဂါခြေချုပ်စခန်းတွင် လူပေါင်း ၂၀ ခန့်ကို ကျန်းမာရေးစောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်အန္တရာယ်နှင့် ပတ်သက်ပြီး ၎င်း၏ ထိန်းချုပ်နယ်မြေများအတွင်း လူထုကို အသိပညာပေးသည့် လုပ်ငန်းများ၊ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးသည့် ကိရိယာများ (Test Kits) နှင့် ရောဂါကူးစက်ခံထားရသူ ရှိလာပါက အသုံးပြုရန် အောက်ဆီဂျင်စက်များကိုလည်း အသင့်ပြင်ဆင်ထားသည်ဟု ၎င်းက ပြောသည်။

ခုတင် ၁၀၀ ဆံ့လိုင်ဇာဆေးရုံအပြင် ကိုဗစ်လူနာတွေကို သီးသန့်ထား ကုသပေးရန် အထူးကြပ်မတ်ကုသဆောင် ၁၄ခန်း ပါဝင်သည့် ကုတင် ၁၁၀ ဆံ့ သီးသန့်ဆေးရုံတစ်ခုကိုလည်း ပြင်ဆင်နေသည်ဟု KIA ၏ ကျန်းမာရေးဌာန ဗိုလ်မှူးကြီး ဒေါက်တာဟိန်ဝေါမ်က ပြောသည်။

သံသယလူနာများ၏ အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာတို့ကို တရုတ်ပြည်ရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ပို့ဆောင်စစ်ဆေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သို့သော်လည်း ကျန်းမာရေး အထောက်အကူပစ္စည်းများနှင့် ဆေးပစ္စည်း ကိရိယာများ လိုအပ်နေဆဲ ဖြစ်ကြောင်း KIA က ဆိုသည်။

“စစ်ရှောင်စခန်းမှာ နေရတဲ့လူတွေအတွက် စားရေးသောက်ရေးကိစ္စအတွက် ကျွန်တော်တို့လည်း ပြင်ဆင်ထားပါတယ်။ နယ်စပ်ဒေသမှာ လိုအပ်တာက ဆေးရုံက အဓိက ပေါ့နော်။ ကူးစက်ရောဂါတွေကုဖို့ ဆေးရုံတွေ မရှိဘူး။ လူနာတွေတွေ့လို့ရှိရင် သုံးပြုရမယ့်ဆေးဝါးတွေနဲ့ ဆက်စပ်တာတွေကတော့ လိုအပ်ပါသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အစိုးရက အသစ်ဖွဲ့စည်းလိုက်သည့် ကိုဗစ်နိုင်တင်းညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန်မှာမူ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

NDAA (မိုင်းလားအဖွဲ့) ၏ ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) တွင်လည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးလုပ်ငန်းများကို ဇန်နဝါရီလကတည်းက ဆောင်ရွက်နေပြီး လူစုလူဝေး ဖြစ်ပွားစေမည့် နေရာများကို ပိတ်ပင်ထားသည်ဟု အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးခင်အောင်က ပြောသည်။

NDAA မိုင်းလားအဖွဲ့က လူထောင်ချီ ကွာရန်တင်းထားကာ စောင့်ကြည့်ရန် ရိက္ခာ အခက်အခဲရှိသည်ဟု ပြောဆိုလာသဖြင့် ရိက္ခာ ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း ဦးခင်ဇော်ဦးက ပြောသည်။

ဧပြီ ၂၉ အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၅၀ ဦးရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ သေဆုံးခဲ့ကာ ၁၆ ဦးမှာ ပြန်လည်သက်သာလာပြီ ဖြစ်သည်။ လူဦးရေ ၇,၆၀၀ ကျော်ကို ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး စောင့်ကြည့်နှင့် သံသယလူနာ ၂,၉၀၀ ကျော် ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading