မြန်မာနိုင်ငံ၏ အကျဉ်းထောင်၊ အကျဉ်းစခန်းများ၌ အကျဉ်းသားဦးရေ မတန်တဆပြည့်ကျပ်နေခြင်းကြောင့် ကိုဗစ်နိုင်တင်းကူးစက်နိုင်ခြေရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားကြသည်
လူပြည့်ကျပ်လွန်းသည်ဟု ဝေဖန်ခံနေရသည့် မြန်မာ့အကျဉ်းထောင်များအတွင်း ကပ်ရောဂါမရောက်ရှိအောင် ကာကွယ်သည့်အနေဖြင့် အကျဉ်းသားသစ်များကို ထောင်ပြင်ပရှိ အဆောက်အအုံတွင်တစ်ကြိမ်၊ ထောင်တွင်းသီးခြား အဆောက်အအုံတွင် တစ်ကြိမ် ၂၈ ရက်စီစောင့်ကြည့်ပြီးမှသာ အိပ်ဆောင်သို့ ပို့သည်ဟု အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။
အကျဉ်းသားသစ်များရောက်ရှိလာပါက အကျဉ်းထောင်များ၏ အုတ်ရိုးအပြင်ဘက်ရှိ အဆောက်အအုံတွင် ၂၈ ရက်ကြာထားရှိကာ ကိုဗစ်နိုင်တင်း ရောဂါလက္ခဏာရပ်များကို စမ်းသပ်စစ်ဆေးကြောင်း၊ ရောဂါလက္ခဏာ မရှိမှသာ ထောင်အုတ်ရိုးအတွင်းရှိ သီးခြားအဆောက်အအုံတစ်လုံးတွင် ၂၈ ရက်ကြာ ထပ်မံထားရှိကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်လကြာစောင့်ကြည့်စစ်ဆေး၍ ရောဂါသံသယဖြစ်စရာ မရှိသူများကိုသာ အကျဉ်းသားဟောင်းများရှိရာ အိပ်ဆောင်များသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
နိုင်ငံ၏ ဒုတိယအကြီးဆုံး အကျဉ်းထောင်ဖြစ်သည့် မန္တလေးအကျဉ်းထောင်တွင်လည်း မတ် ၁၆ မှစကာ အကျဉ်းသားသစ်များ ရောက်ရှိလာပါက ယင်းသို့ပင်ကန့်သတ်စောင့်ကြည့်မှု လုပ်ဆောင်နေကြောင်း မန္တလေးအကျဉ်းထောင်တာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးမျိုးဇော်ကပြောသည်။
“ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာ သွားလာအုပ်ချုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ သတ္တိရှိပါတယ်။ ကိုယ့်နယ်မြေဟာ ကိုဗစ်ကင်းစင်တယ်ဆိုပြီး သတ္တိရှိပါတယ်” ဟု ၎င်းကပြောသည်။
မန္တလေး အကျဉ်းထောင်ရှိ အိပ်ဆောင်တိုင်းတွင် လက်ဆေးကန်များ ထားရှိပေးပြီး အကျဉ်းသားများ တစ်နေ့လျှင် ရေနှစ်ကြိမ်ချိုးနိုင်ရန် ကာယလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်နိုင်ရန် စီစဉ်ညွှန်ကြားနေသည်ဟု မန္တလေး အကျဉ်းထောင်ထောင်ပိုင် ဦးမျိုးဌေးက ပြောသည်။
အထူးသဖြင့် အကျဉ်းထောင်အတွင်း လူအဝင်အထွက်ကို စောင့်ကြည့်နေပြီး ထောင်ဝင်စာတွေ့ဆုံသူများ၊ အကျဉ်းသားမိသားစုများကို ပိုးသတ်ဆေးဖျန်းပြီးမှ အကျဉ်းထောင်တွင်း သို့ ဝင်ရောက်ခွင့်ပြုကြောင်း ၎င်းကပြောသည်။
အကျဉ်းထောင်ဝန်ထမ်းများကိုလည်း နှာခေါင်းစည်းများ ဝေငှပေးထားပြီး အကျဉ်းသားများနှင့် ဆက်ဆံရာတွင် ၆ ပေအကွာမှ ဆက်ဆံရန် ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။
အကျဉ်းထောင်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန် ချင်း (ဂျင်း)ပြုတ်ရည်နှင့် ကွမ်းရွက်ပြုတ်ရည် တိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က ဧပြီ ၂၈ တွင်ဆိုသည်။
ချင်းပြုတ်ရည်နှင့် ကွမ်းရွက်ပြုတ်ရည်စသည်တို့သည် ကိုရိုနာဗိုင်းရပ်ကို ကာကွယ်၊ တိုက်ဖျက်နိုင်ကြောင်း အထောက်အထားများ ယခုအထိ မတွေ့ရသေးသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ယခုအထိ အဆိုပါ ဆေးနည်းများနှင့်ပတ်သက်၍ ထောက်ခံခြင်းမရှိသေးဘဲ လက်မကြာခဏဆေးရန်၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရန်နှင့် တတ်နိုင်သမျှအပြင်မထွက်ရန်သာ အကြံပြုထားသည်။
အချို့အကျဉ်းထောင်များတည်ရှိသည့် မြို့နယ်များမှာ ဒေသန္တရအစိုးရများက နေအိမ်ကန့်သတ် (Semi-Lockdown) ထားသည့် မြို့နယ်များတွင် တည်ရှိနေ၍ ထောင်ဝင်စာတွေ့ခွင့်မပေးသော်လည်း အကျဉ်းသားများ၏ စိတ်ခံစားမှု သက်သာစေရန်အတွက် ၎င်းတို့ မိသားစုဝင်များနှင့်စာအဆက်အသွယ်ရရှိစေရေး ပါဆယ်ထုပ်ဖြင့် ထောင်ဝင်စာဆောင်ရွက်ပေးနေသည်ဟု ဦးရဲရင့်နိုင်ကပြောသည်။
ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်မှာလည်း နေအိမ်ကန့်သတ်ခံရသော မြို့နယ်တစ်ခုဖြစ်သဖြင့် အင်းစိန်အကျဉ်းထောင်တွင် လူကိုယ်တိုင်ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားပြီး ပါဆယ်ထုပ်ဖြင့် ထောင်ဝင်စာပေးပို့မှုသာ ခွင့်ပြုထားသည်။
မန္တလေး အကျဉ်းထောင်တွင် အကျဉ်းသားများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်သာစေရန်အတွက် အားကစား ဆော့ကစားနိုင်ရန် စီစဉ်ပေးထားပြီး သတင်းအချက်အလက်များရရှိနိုင်ရန်အတွက်လည်း မြန်မာ့ရုပ်မြင်သံကြားမှကြေညာသည့် သတင်းများကို တစ်နေ့လုံးဖွင့်ပေးထားသည်ဟု အကျဉ်းထောင် တာဝန်ခံ ဒုတိယညွှန်ကြားမှူး ဦးမျိုးဌေးက ပြောသည်။
မြန်မာနိုင်ငံ၌ အကျဉ်းထောင်နှင့် အလုပ်အကျဉ်းစခန်း ၉၃ ခုသည် စုစုပေါင်းလူ ၆၆,၀၀၀ သာ ဆံ့သော်လည်း လက်ရှိတွင် ထောင်ကျနှင့် အချုပ်ကျအကျဉ်းသား ၉၂,၀၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP-B) ၏ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
အင်းစိန်အကျဉ်းထောင်သည် လူ ၅,၀၀၀ သာဆံ့သော်လည်း ၁၂,၀၀၀ ကျော်ရှိနေကြောင်း၊ မြင်းခြံထောင်သည် လူ ၁,၀၀၀ သာဆံ့သော်လည်း ၂,၈၀၀ ကျော်နေသဖြင့်သုံးဆနီးပါးဖြစ်နေကြောင်းလည်း AAPP-B က ထောက်ပြထားဖူးသည်။
ကိုဗစ်နိုင်တင်းပျံ့နှံ့ဖြစ်ပွားမှုကို ကာကွယ်သည့်အနေဖြင့် “လူပြည့်ကျပ်နေကာ သန့်ရှင်းမှုမရှိသော” အကျဉ်းထောင်များကို လူလျှော့ချသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ ဧပြီ ၃ ရက် ထုတ်ပြန်ကြေညာချက်က ဆိုသည်။ အကျဉ်းထောင်များကို လူလျှော့ရာတွင် နိုင်ငံရေးအကျဉ်းသားများ၊ သတင်းမီဒီယာသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဦးစားပေးလျှော့ချသင့်ကြောင်း ၎င်းအဖွဲ့က တိုက်တွန်း ထားသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇) တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား ပေါင်း ၂၅,၀၀၀ နီးပါးကို သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်တစ်ခုတည်းမှ ၂၆၀၀ ကျော် လွတ်မြောက်ခဲ့သည်။
ထိုပမာဏမှာ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးပြန်လွှတ်ပေးခြင်းဖြစ်သော်လည်း မြန်မာအကျဉ်းထောင်များမှာ လူပြည့်ကျပ်နေဆဲဖြစ်ကာ သန့်ရှင်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဆဲဖြစ်သည်ဟု နောက်တစ်ရက်မှာပင် Ammesty International အဖွဲ့က ထုတ်ပြန်သည်။
သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာ ပါပြီး ၅၈ ဦး အကျဉ်းကျနေဆဲဖြစ်သည်ဟုလည်း AAPP-B က ဧပြီ ၁၇ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ကာ ဆိုထားသည်။
မြန်မာအကျဉ်းထောင်များထဲရှိ လူတစ်ဝက်ခန့်မှာ မူးယစ်ဆေးနှင့်ပတ်သက်သည့် အမှုဖြင့်ရောက်လာသူများ ဖြစ်ကြောင်း၊ ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူများမှာ ၈၀ ရာခိုင်နှုန်းအထိပင်ရှိကြောင်းလည်း HRW က ဆိုသည်။ ရောဂါအခံရှိထားသူများ၊ အသက်အရွယ်ကြီးသူများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ အမှုအသေးအမွှားများ၊ ပြစ်ဒဏ်လွတ်ရက်နီးသူများ စသူတို့ကို လွှတ်ပေးခြင်းဖြင့် အကျဉ်းထောင်များ လူပြည့်ကျပ်ညပ်မှုကို လျှော့ချရန်လည်း ၎င်းက အစိုးရကို တိုက်တွန်းခဲ့သည်။
သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ဧပြီ ၁၇ က လွတ်မြောက်လာသူများကမူ အကျဉ်းထောင်များအတွင်း ကိုဗစ်နိုင်တင်း ကာကွယ်ရေး လုပ်ဆောင်မှုများမှာ လုံလောက်သည့် အခြေအနေမရှိကြောင်း၊ အသိပညာပေးမှုလည်း အားနည်းပြီး ထောင်သားများမှာလည်း အခန်းကျဉ်းကျဉ်းတွင် ကျပ်တည်းစွာနေထိုင်ရကြောင်း ဝေဖန်ပြောဆိုထားသည်။
အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ယောက်သည် အကျဉ်းသား ၂၀၀ နီးပါးကို ထိန်းသိမ်းနေရကြောင်း ၂၀၁၈ ဇန်နဝါရီလတွင် နေပြည်တော်၌ကျင်းပခဲ့သည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ဆိုသည့် မိတ်ဆက်ရှင်းလင်းပွဲတွင် အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ပြောခဲ့ဖူးသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










