အကျဉ်းသားသစ်များကို နှစ်လနီးပါးကန့်သတ်စောင့်ကြည့်ပြီးမှ ထောင်အတွင်းပို့ဟုဆို

မြန်မာနိုင်ငံ၏ အကျဉ်းထောင်၊ အကျဉ်းစခန်းများ၌ အကျဉ်းသားဦးရေ မတန်တဆပြည့်ကျပ်နေခြင်းကြောင့် ကိုဗစ်နိုင်တင်းကူးစက်နိုင်ခြေရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားကြသည်

မန္တလေးမြို့ပြင်ရှိ အိုးဘိုအကျဉ်းထောင် (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

လူပြည့်ကျပ်လွန်းသည်ဟု ဝေဖန်ခံနေရသည့် မြန်မာ့အကျဉ်းထောင်များအတွင်း ကပ်ရောဂါမရောက်ရှိအောင် ကာကွယ်သည့်အနေဖြင့် အကျဉ်းသားသစ်များကို ထောင်ပြင်ပရှိ အဆောက်အအုံတွင်တစ်ကြိမ်၊ ထောင်တွင်းသီးခြား အဆောက်အအုံတွင် တစ်ကြိမ် ၂၈ ရက်စီစောင့်ကြည့်ပြီးမှသာ အိပ်ဆောင်သို့ ပို့သည်ဟု အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။

အကျဉ်းသားသစ်များရောက်ရှိလာပါက အကျဉ်းထောင်များ၏ အုတ်ရိုးအပြင်ဘက်ရှိ အဆောက်အအုံတွင် ၂၈ ရက်ကြာထားရှိကာ ကိုဗစ်နိုင်တင်း ရောဂါလက္ခဏာရပ်များကို စမ်းသပ်စစ်ဆေးကြောင်း၊ ရောဂါလက္ခဏာ မရှိမှသာ ထောင်အုတ်ရိုးအတွင်းရှိ သီးခြားအဆောက်အအုံတစ်လုံးတွင် ၂၈ ရက်ကြာ ထပ်မံထားရှိကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ယင်းသို့လုပ်ဆောင်ခြင်းဖြစ်ပြီး နှစ်လကြာစောင့်ကြည့်စစ်ဆေး၍ ရောဂါသံသယဖြစ်စရာ မရှိသူများကိုသာ အကျဉ်းသားဟောင်းများရှိရာ အိပ်ဆောင်များသို့ ပို့ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံး အကျဉ်းထောင်ဖြစ်သည့် မန္တလေးအကျဉ်းထောင်တွင်လည်း မတ် ၁၆ မှစကာ အကျဉ်းသားသစ်များ ရောက်ရှိလာပါက ယင်းသို့ပင်ကန့်သတ်စောင့်ကြည့်မှု လုပ်ဆောင်နေကြောင်း မန္တလေးအကျဉ်းထောင်တာဝန်ခံ ဒုတိယညွန်ကြားရေးမှူး ဦးမျိုးဇော်ကပြောသည်။

“ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာ သွားလာအုပ်ချုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ သတ္တိရှိပါတယ်။ ကိုယ့်နယ်မြေဟာ ကိုဗစ်ကင်းစင်တယ်ဆိုပြီး သတ္တိရှိပါတယ်” ဟု ၎င်းကပြောသည်။

မန္တလေး အကျဉ်းထောင်ရှိ အိပ်ဆောင်တိုင်းတွင် လက်ဆေးကန်များ ထားရှိပေးပြီး အကျဉ်းသားများ တစ်နေ့လျှင် ရေနှစ်ကြိမ်ချိုးနိုင်ရန် ကာယလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်နိုင်ရန် စီစဉ်ညွှန်ကြားနေသည်ဟု မန္တလေး အကျဉ်းထောင်ထောင်ပိုင် ဦးမျိုးဌေးက ပြောသည်။

အထူးသဖြင့် အကျဉ်းထောင်အတွင်း လူအဝင်အထွက်ကို စောင့်ကြည့်နေပြီး ထောင်ဝင်စာတွေ့ဆုံသူများ၊ အကျဉ်းသားမိသားစုများကို ပိုးသတ်ဆေးဖျန်းပြီးမှ အကျဉ်းထောင်တွင်း သို့ ဝင်ရောက်ခွင့်ပြုကြောင်း ၎င်းကပြောသည်။

အကျဉ်းထောင်ဝန်ထမ်းများကိုလည်း နှာခေါင်းစည်းများ ဝေငှပေးထားပြီး အကျဉ်းသားများနှင့် ဆက်ဆံရာတွင် ၆ ပေအကွာမှ ဆက်ဆံရန် ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။

အကျဉ်းထောင်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန် ချင်း (ဂျင်း)ပြုတ်ရည်နှင့် ကွမ်းရွက်ပြုတ်ရည် တိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးရဲရင့်နိုင်က ဧပြီ ၂၈ တွင်ဆိုသည်။

ချင်းပြုတ်ရည်နှင့် ကွမ်းရွက်ပြုတ်ရည်စသည်တို့သည် ကိုရိုနာဗိုင်းရပ်ကို ကာကွယ်၊ တိုက်ဖျက်နိုင်ကြောင်း အထောက်အထားများ ယခုအထိ မတွေ့ရသေးသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ယခုအထိ အဆိုပါ ဆေးနည်းများနှင့်ပတ်သက်၍ ထောက်ခံခြင်းမရှိသေးဘဲ လက်မကြာခဏဆေးရန်၊ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရန်နှင့် တတ်နိုင်သမျှအပြင်မထွက်ရန်သာ အကြံပြုထားသည်။

အချို့အကျဉ်းထောင်များတည်ရှိသည့် မြို့နယ်များမှာ ဒေသန္တရအစိုးရများက နေအိမ်ကန့်သတ် (Semi-Lockdown) ထားသည့် မြို့နယ်များတွင် တည်ရှိနေ၍ ထောင်ဝင်စာတွေ့ခွင့်မပေးသော်လည်း အကျဉ်းသားများ၏ စိတ်ခံစားမှု သက်သာစေရန်အတွက် ၎င်းတို့ မိသားစုဝင်များနှင့်စာအဆက်အသွယ်ရရှိစေရေး ပါဆယ်ထုပ်ဖြင့် ထောင်ဝင်စာဆောင်ရွက်ပေးနေသည်ဟု ဦးရဲရင့်နိုင်ကပြောသည်။

ရန်ကုန်မြို့ရှိ အင်းစိန်မြို့နယ်မှာလည်း နေအိမ်ကန့်သတ်ခံရသော မြို့နယ်တစ်ခုဖြစ်သဖြင့် အင်းစိန်အကျဉ်းထောင်တွင် လူကိုယ်တိုင်ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားပြီး ပါဆယ်ထုပ်ဖြင့် ထောင်ဝင်စာပေးပို့မှုသာ ခွင့်ပြုထားသည်။

မန္တလေး အကျဉ်းထောင်တွင် အကျဉ်းသားများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်သာစေရန်အတွက် အားကစား ဆော့ကစားနိုင်ရန် စီစဉ်ပေးထားပြီး သတင်းအချက်အလက်များရရှိနိုင်ရန်အတွက်လည်း မြန်မာ့ရုပ်မြင်သံကြားမှကြေညာသည့် သတင်းများကို တစ်နေ့လုံးဖွင့်ပေးထားသည်ဟု အကျဉ်းထောင် တာဝန်ခံ ဒုတိယညွှန်ကြားမှူး ဦးမျိုးဌေးက ပြောသည်။

မြန်မာနိုင်ငံ၌ အကျဉ်းထောင်နှင့် အလုပ်အကျဉ်းစခန်း ၉၃ ခုသည် စုစုပေါင်းလူ ၆၆,၀၀၀ သာ ဆံ့သော်လည်း လက်ရှိတွင် ထောင်ကျနှင့် အချုပ်ကျအကျဉ်းသား ၉၂,၀၀၀ ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP-B) ၏ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အင်းစိန်အကျဉ်းထောင်သည် လူ ၅,၀၀၀ သာဆံ့သော်လည်း ၁၂,၀၀၀ ကျော်ရှိနေကြောင်း၊ မြင်းခြံထောင်သည် လူ ၁,၀၀၀ သာဆံ့သော်လည်း ၂,၈၀၀ ကျော်နေသဖြင့်သုံးဆနီးပါးဖြစ်နေကြောင်းလည်း AAPP-B က ထောက်ပြထားဖူးသည်။

ကိုဗစ်နိုင်တင်းပျံ့နှံ့ဖြစ်ပွားမှုကို ကာကွယ်သည့်အနေဖြင့် “လူပြည့်ကျပ်နေကာ သန့်ရှင်းမှုမရှိသော” အကျဉ်းထောင်များကို လူလျှော့ချသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ ဧပြီ ၃ ရက် ထုတ်ပြန်ကြေညာချက်က ဆိုသည်။ အကျဉ်းထောင်များကို လူလျှော့ရာတွင် နိုင်ငံရေးအကျဉ်းသားများ၊ သတင်းမီဒီယာသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဦးစားပေးလျှော့ချသင့်ကြောင်း ၎င်းအဖွဲ့က တိုက်တွန်း ထားသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇) တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသား ပေါင်း ၂၅,၀၀၀ နီးပါးကို သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်တစ်ခုတည်းမှ ၂၆၀၀ ကျော် လွတ်မြောက်ခဲ့သည်။

ထိုပမာဏမှာ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးပြန်လွှတ်ပေးခြင်းဖြစ်သော်လည်း မြန်မာအကျဉ်းထောင်များမှာ လူပြည့်ကျပ်နေဆဲဖြစ်ကာ သန့်ရှင်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေဆဲဖြစ်သည်ဟု နောက်တစ်ရက်မှာပင် Ammesty International အဖွဲ့က ထုတ်ပြန်သည်။

သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသာ ပါပြီး ၅၈ ဦး အကျဉ်းကျနေဆဲဖြစ်သည်ဟုလည်း AAPP-B က ဧပြီ ၁၇ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ကာ ဆိုထားသည်။

မြန်မာအကျဉ်းထောင်များထဲရှိ လူတစ်ဝက်ခန့်မှာ မူးယစ်ဆေးနှင့်ပတ်သက်သည့် အမှုဖြင့်ရောက်လာသူများ ဖြစ်ကြောင်း၊ ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူများမှာ ၈၀ ရာခိုင်နှုန်းအထိပင်ရှိကြောင်းလည်း HRW က ဆိုသည်။ ရောဂါအခံရှိထားသူများ၊ အသက်အရွယ်ကြီးသူများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ အမှုအသေးအမွှားများ၊ ပြစ်ဒဏ်လွတ်ရက်နီးသူများ စသူတို့ကို လွှတ်ပေးခြင်းဖြင့် အကျဉ်းထောင်များ လူပြည့်ကျပ်ညပ်မှုကို လျှော့ချရန်လည်း ၎င်းက အစိုးရကို တိုက်တွန်းခဲ့သည်။

သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ဧပြီ ၁၇ က လွတ်မြောက်လာသူများကမူ အကျဉ်းထောင်များအတွင်း ကိုဗစ်နိုင်တင်း ကာကွယ်ရေး လုပ်ဆောင်မှုများမှာ လုံလောက်သည့် အခြေအနေမရှိကြောင်း၊ အသိပညာပေးမှုလည်း အားနည်းပြီး ထောင်သားများမှာလည်း အခန်းကျဉ်းကျဉ်းတွင် ကျပ်တည်းစွာနေထိုင်ရကြောင်း ဝေဖန်ပြောဆိုထားသည်။

အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ယောက်သည် အကျဉ်းသား ၂၀၀ နီးပါးကို ထိန်းသိမ်းနေရကြောင်း ၂၀၁၈ ဇန်နဝါရီလတွင် နေပြည်တော်၌ကျင်းပခဲ့သည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) ဆိုသည့် မိတ်ဆက်ရှင်းလင်းပွဲတွင် အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက ပြောခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading