လုပ်ငန်းခွင်များတွင် မသန်စွမ်းဝန်ထမ်းများ ပိုမိုပါဝင်နိုင်ရန်လိုအပ်နေကြောင်း မသန်စွမ်း အဖွဲ့အစည်းများတွင် ဦးဆောင်နေသူများက တိုက်တွန်းပြောကြားလိုက်သည်။
မသန်စွမ်း အလုပ်အကိုင် ရရှိမှုမှာ ယခင်ထက် တိုးတက်မှု ရှိလာသော်လည်း သိသာသည့် တိုးတက်မှု မဟုတ်သေးဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက သုံးသပ်သည်။

“အောက်ခြေမှာ တကယ်လုပ်နိုင်ကိုင်နိုင်ရှိရဲ့သားနဲ့ အလုပ်ကိုင် အခွင့်အလမ်းတွေ မရသေးတဲ့ လူတွေ အများကြီးဖြစ်နေသေးတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။
ထင်သလောက် မတိုးတက်ရခြင်းမှာ မသန်စွမ်းများအတွက် အဆင်ပြေ ချောမွေ့သည့် သယ်ယူပို့ဆောင်ရေး စနစ်မရှိခြင်း၊ လုပ်ငန်းခွင်တွင် သင့်တော်သည့် နေရာထိုင်ခင်းများ မရှိခြင်းတို့ကြောင့် အလုပ်ရှင်များ က မသန်စွမ်းများ အပေါ် ယုံကြည်မှုနည်းနေပြီး ၎င်းတို့ မသန်စွမ်းများအတွက် လည်း လုပ်ကိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။


“မသန်စွမ်းတွေကို အလုပ်ရှင်က အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကရော သိပ်ယုံကြည်မှုမရှိကြဘူးပေါ့။ တကယ်တော့ မလုပ်နိုင်လောက်ဘူးလို့ ထင်နေကြတာပေါ့” ဟု၎င်းကပြောသည်။
၂၀၀၄ ခုနှစ် မြန်မာနိုင်ငံ ပြည်လုံးကျွတ်သန်ခေါင်းစာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ ၅၀ ဒသမ ၃ သန်းတွင် မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်းရှိပြီး အများစုမှာ အလုပ်အကိုင်အခွင့်အလမ်း အနည်းငယ် သို့မဟုတ် လုံးဝမရှိကြကြောင်း ယနေ့တွင် စတင်ထုတ်ဝေလိုက်သည့် “မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း (မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်)”ကဆိုသည်။


မသန်စွမ်းများကို ပုဂ္ဂလိကလုပ်ငန်းများတွင် သာမကဘဲ အစိုးရ ဝန်ကြီးဌာနများတွင် ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။
တိုက်ပွဲတွင် ဒဏ်ရာရရှိသည့် ခန္ဓာကိုယ်မသန်စွမ်းသည့် တပ်မတော်သားများကို ၎င်းတို့ နှစ်သက်သည့် ဝန်ကြီးဌာန သုံးခုတွင် လျှောက်ထားနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစမ်းစမ်းအေးက ပြောသည်။
အစိုးရ ဝန်ကြီးဌာန အနေဖြင့် ၎င်းတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တွင် အများဆုံး ခန့်အပ်ပေးလျက်ရှိသည်ဟု ၎င်းကပြောသည်။
လက်စွဲစာအုပ်
ထို့ပြင် ‘မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း (မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်)’ အမည်ရှိ စာအုပ်ကိုလည်း ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်း ‘မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)’ နှင့် ဂျပန် အကူအညီပေးရေးနှင့် ပြန်လည် ထူထောင်ရေးအသင်း (AAR Japan) တို့က ပူးပေါင်းရေးသားကာ ယနေ့ ထုတ်ဝေလိုက်သည်။
ထိုလက်စွဲ စာအုပ်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဋ္ဌာန၏ လမ်းညွန် ချက်ဖြင့်ပြုစုခြင်းဖြစ်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ မိတ်ဖက်အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
ထိုလက်စွဲ စာအုပ်တွင် ပုဂ္ဂလိက လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် မသန်စွမ်းသူများနှင့် တွေ့ဆုံမေးမြန်းထားသည်များကိုဖော်ပြထားသည်။
မေးမြန်းတစ်ခုတွင် Call Centre တစ်ခု၌ အလုပ်လုပ်ကိုင်နေသည့် မသန်စွမ်း အသက် ၂၃ နှစ်ရှိ ကိုမြင့်ထွန်းဦး ကို မေးမြန်းထားရာ ၎င်းသည် Blue Ocean ကုမ္ပဏီ၏ 1875 Call Centre တွင် ဖုန်းဖြေဆိုသည့် ဝန်ထမ်းအဖြစ်လုပ်ကိုင်ကြောင်း၊ ကိုယ်အင်္ဂါ ဖွံ့ဖြိုးမှု အားနည်းမှုကြောင့် အသက်အရွယ်ထက် သေးကွေးသည့် အရပ်အမောင်းကို ပိုင်ဆိုင်ကြောင်း ဖော်ပြထားသည်။
၎င်းက လုပ်ဖော်ကိုင်ဖက်များက ၎င်း၏ အရပ်အမောင်းကို နောက်ပြောင်ပြီး နာမည်ပြောင်ခေါ်ဆိုခြင်းကြောင့် စိတ်မကောင်းဖြစ်ရပြီး အလုပ်ချိန် မှတ်တမ်းတင်သည့် လက်ဗွေနှိပ်သည့် စက်မှာ ၎င်း အရပ်ထက် မြင့်မားသည့် နံရံပေါ်တွင် တည်ရှိနေသည့် အတွက် အခက်အခဲဖြစ်ရကြောင်း ဖြေဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









