နေရပ်ပြန်မည့် ရွှေ့ပြောင်းလုပ်သားများကို မြဝတီနယ်စပ်မှ တစ်ရက်လျှင် ၂,၅၀၀ ဝင်ခွင့်ပြုမည်

နေရပ်ပြန်ရန် စာရင်းပေးထားသည့် အလုပ်သမား ၁၀,၀၀၀ ကျော်ရှိပြီဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ပြောသည်။

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) ကို ဧပြီ ၂ က တွေ့မြင်ရစဉ် (ဓာတ်ပုံ - Tay Zar Aung)

နေရပ်ပြန်မည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မေ ၁ မှစပြီး တစ်ရက်လျှင် လူဦးရေ ၂,၅၀၀ နှုန်းဖြင့် မြဝတီနယ်စပ်မှတစ်ဆင့် လက်ခံသွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ တာဝန်ခံတစ်ဦးက ပြောသည်။

“လောလောဆယ် လူအင်အား စာရင်းကောက်ထားတယ်။ မြန်မာနိုင်ငံဘက်မှာလည်း ကွာရန်တင်းစင်တာ လျာထားလို့ ရအောင်ပေါ့လေ။ အကြမ်းဖျင်း လျာထားတာတော့ တစ်ရက်ကို ၂၅၀၀ နှုန်းပေါ့” ဟု မြန်မာအလုပ်သမားသံအရာရှိ (ရနောင်းတာဝန်ခံ) ဦးကျော်စိုးဝေက ပြောသည်။

လူစုလူဝေး မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ မြဝတီချစ်ကြည်ရေးတံတားအမှတ် ၂ ဂိတ်တစ်ခုတည်းကသာ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ပြီး ကျန် ထိုင်း-မြန်မာနယ်စပ်ဂိတ်အားလုံး ပိတ်ထားမည်ဖြစ်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။

အလုပ်သမားသံအရာရှိရုံးက ယမန်နေ့ (ဧပြီ ၂၇) ညအထိ ကောက်ယူထားသည့် စာရင်းအရ ပြန်လာမည့်သူ ၁၀,၀၀၀ ကျော်ရှိပြီဟု ၎င်းက ပြောသည်။

နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများကို ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့်ရန် မွန်နှင့် ကရင်ပြည်နယ်တို့၌ လူဦးရေ ၂၀,၀၀၀ ခန့်အတွက် နေရာပြင်ဆင်ထားကြောင်းလည်း ပြည်နယ်အစိုးရတာဝန်ရှိသူများက ပြောသည်။

မော်လမြိုင် အပါအဝင် မွန်ပြည်နယ်ရှိ အခြားမြို့များတွင် လူဦးရေ ၁၂,၀၀၀ ခန့်ကို အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် နေရာများ ပြင်ဆင်ထားသည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောသည်။

ကရင်ပြည်နယ်တွင်မူ မြဝတီအပြင် အခြားမြို့များ၌ လူဦးရေ ၆,၅၀၀ အတွက် နေရာများ စီစဉ်ထားသည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ဒေသအသီးသီးသို့ ပြန်မည့် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သင့်တော်သည့် ကန့်သတ်စောင့်ကြည့်ရေးစင်တာများ၌ နေရာချထားမည်ဖြစ်သလို အချို့ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များကလည်း ၎င်းတို့ဒေသသို့ ပြန်လာမည့်သူများကို မော်တော်ယာဉ်ဖြင့် လာကြိုလာနိုင်ရန် စီစဉ်ထားကြောင်းလည်း ဦးတေဇာအောင်က ပြောသည်။

“မွန်၊ ကရင်အတွင်းမှာ ၁၅,၀၀၀၊ ၂၀,၀၀၀ နိုင်တယ်ဆိုရင် တစ်နိုင်ငံလုံးမှာ ဘယ်လောက်နိုင်မလဲဆိုတဲ့ နေရာရှိပြီးသားပေါ့။ ရှိတဲ့အတွက် ဒီနေ့ ဘယ်လောက်ဝင်တယ်ဆိုရင် ဘယ်မှာထား၊ နောက်တစ်နေ့ဆိုရင် ဘယ်မှာထား အဲဒီလိုပေါ့” ဟု ၎င်းကပြောသည်။

နေရပ်ပြန်လာမည့်သူများကို မေ ၁ နံနက် ၆ နာရီမှ စတင်လက်ခံမည်ဖြစ်ပြီး နယ်စပ်ဂိတ်၌ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာ နေရာလုပ်ပေးထားကြောင်း၊ အထုပ်အပိုးများ ပိုးသတ်သန့်စင်ကာ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီးလျှင် သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်မည့်နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဦးတေဇာအောင်ကပြောသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်နိုင်တင်းဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံများစွာ ပိတ်သိမ်းခဲ့သည့်အတွက် မြန်မာအလုပ်သမားသောင်းချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်။ မတ်လ ၂၃ ရက်နေ့မှ ဧပြီ လဆန်းအထိ တာချီလိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့သောင်းနယ်စပ်တို့မှ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀,၀၀၀ ခန့် ပြန်လည်ဝင်ရောက်ခဲ့သည်။

ဧပြီလဆန်းမှစကာ လက်ရှိအထိ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့် ပိတ်ထားသည့်အတွက် နေရပ်ပြန်လာကြသည့် အလုပ်သမားအများအပြား ထိုင်းနယ်စပ်မြို့များတွင် ပိတ်မိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ကရင်ပြည်နယ်ရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်ကဲ့သို့ ခွင့်ပြုမထားသည့် ဂိတ်များမှ တရားမဝင် ပြန်လည်ဝင်ရောက်မှုများကို ပူးပေါင်းထိန်းချုပ်ပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီထံ ဧပြီ ၂၁ တွင် အကြောင်းကြား တောင်းဆိုခဲ့သည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသူများကို မြဝတီနယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး လက်မှတ်ထိုးထားသည့် ယင်းအကြောင်းကြားစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အစိုးရ၏ ကမ်းလှမ်းမှုအတိုင်း ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

ဘုရားသုံးဆူဂိတ်မှာက အဝင်၊အထွက် (တံဆိပ်) တုံးလည်း ထုမရဘူး။ တရားဝင် ခွင့်ပြုမထားတဲ့အတွက် မြဝတီမှာ ဝင်ဖို့ အသိပေးထားတာတွေလည်းရှိတယ်။ (နိုင်ငံကူးလက်မှတ်) စာအုပ်မရှိတာတွေရော၊ ရှိတာတွေရော မြဝတီဂိတ်အတိုင်း သွားလို့ရအောင် လုပ်ပေးဖို့ ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဟု နိုင်အောင်မငေးက ပြောသည်။

ထိုင်းအစိုးရက ညမထွက်ရအမိန့်ကို မေလကုန်အထိ သက်တမ်းတိုးလိုက်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။ ထို့ကြောင့် အများပြည်သူပို့ဆောင်ဆက်သွယ်ရေးပိုင်းတွင် ကန့်သတ်ချက်များရှိလာနိုင်ပြီး နေရပ်ပြန်မည့် မြန်မာအလုပ်သမားများ ညဘက်ကားစီးရာတွင် အခက်အခဲရှိနိုင်ကြောင်း ဦးကျော်စိုးဝေက ပြောသည်။

“တချို့နေရာက တစ်ရက်ခရီးနဲ့ မပေါက်ဘူးလေ။ ဘန်ကောက်နဲ့ မဲဆောက်ဆိုရင် သိပ်ပြဿနာမရှိဘူး။ တချို့နေရာကျတော့ ဒီထက်ဝေးတဲ့နေရာက လာတဲ့လူကျတော့ အချိန်ကို ကားသမားက မတွက်နိုင်ဘူးဆိုရင် သူတို့အခက်အခဲဖြစ်မှာပဲ” ဟု ၎င်းကဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ ပြန်လာမည့်ရက်နှင့် သွားရောက်မည့်နေရာများကို အွန်လိုင်းဖောင် (https://forms.gle/kbxdZLLVbmDM7NYJ9) တွင် အလုပ်သမားသံအရာရှိရုံး၏ လူမှုကွန်ရက်စာမျက်နှာ (Myanmar Labour Attache Office – Thailand) တွင် ဖော်ပြထားသည့်အတိုင်း မပျက်မကွက် ဖြည့်သွင်းစေလိုကြောင်းလည်း ဦးတေဇာအောင်က ပြောသည်။

“အဲလိုမှသာလျှင် သူတို့အတွက် သွားမယ့်လာမယ့် အစီအစဉ်၊ ကား၊ Admin (ရုံးပိုင်းဆိုင်ရာလုပ်ငန်း) ကျွန်တော်တို့ စီစဉ်ပေးနိုင်မှာ။ အဲလိုမပြောဘဲ ဒီအတိုင်းရောက်လာရင် ကျွန်တော်တို့ စီစဉ်ရတာ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်တဲ့အတွက် ထိန်းကျောင်းရတာ ခက်တာပေါ့” ဟု ၎င်းကဆိုသည်။

ချမ်းသာ ပူးပေါင်းရေးသားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading