မြို့ပတ်ဝန်းကျင်ကျေးရွာများမှ ပစ်ခတ်သံများကြားရလေ့ရှိသော်လည်း ယခုကဲ့သို့ မြို့တွင်း၌ ပစ်ခတ်မှုမဖြစ်ခဲ့ဘဲ ငြိမ်းချမ်းနေခဲ့သည်မှာ တနှစ်ခန့်ရှိနေပြီဖြစ်သည်
ရန်ကုန်၊ ဧပြီ ၂၈
ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရသည့်နောက် ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ယမန်နေ့ (ဧပြီ ၂၇) ညနေပိုင်းက ပစ်ခတ်မှုများတစ်ကျော့ပြန် ဖြစ်ပေါ်လာပြီး ဒေသခံ ၄ ဦးဒဏ်ရာရသွားကာ တပ်မတော်က မြို့တွင်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေသည်။
ဧပြီ ၂၆ နံနက် ၁၀ နာရီခန့်က မြောက်ဦးရဲတပ်ရင်းမှ ရဲဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ မြောက်ဦးမြို့မဈေးသို့ ဈေးဝယ်ပြီး ပြန်လာသည့်အချိန်တွင် အရပ်ဝတ်ဝတ်ထားသည့် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် ၈ ဦးက တုတ်၊ ဓားများကိုင်ဆောင်ပြီး ဝိုင်းဝန်းဖမ်းဆီးရာ ရဲတပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု တပ်မတော်က ယမန်နေ့ (ဧပြီ ၂၇) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ် ၂၀၁၉ မတ်က မြောက်ဦးမြို့တွင်း၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ဖူးပြီး မြို့တွင်း၌ ပစ်ခတ်မှု မဖြစ်ခဲ့သည်မှာ တနှစ်ကျော်ခန့် ကြာခဲ့ပြီဖြစ်သည်။ ယမန်နှစ် ဖြစ်စဉ်တွင် မြို့တွင်းရှိနေအိမ်တချို့နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၈ ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

ယမန်နေ့ ညနေ ၄ နာရီခန့်မှာတော့ မြောက်ဦးမြို့တွင်းမှာပင် လက်နက်ကြီးပစ်ခတ်သံတစ်ချက်နှင့် လက်နက်ငယ်ပစ်ခတ်သံများကို ဆက်တိုက်ကြားလာရခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ၏ အတွင်းရေးမှူး ကိုထွန်းနေဝင်းက ပြောသည်။
ပစ်ခတ်မှုများအတွင်း မြောက်ဦးမြို့ပေါ်ရှိ ထမင်းဆိုင်တစ်ဆိုင်အနီးတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၄၅ နှစ်ဝန်းကျင်ခန့် ထမင်းဆိုင်ပိုင်ရှင်အမျိုးသားနှင့် ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦးမှာ ခြေထောက်များနှင့် ခန္ဓာကိုယ်တချို့တွင် လက်နက်ကြီးကျည်စ ထိမှန်သွားသည်ဟု မြို့ခံများကပြောသည်။


Myanmar Now က ရရှိထားသည့် စာရင်းများအရ ဒဏ်ရာရသူများမှာ ထမင်းဆိုင်ပိုင်ရှင် ဦးညီညီအောင် ၄၆ နှစ်၊ ဦးသန်းကြည် ၆၇ နှစ်၊ မမိငယ် ၁၆ နှစ် နှင့် မမြမြအေး ၁၈ နှစ်တို့ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၎င်းတို့ကို မြောက်ဦးဆေးရုံသို့ တင်ပို့လိုက်သည်ဟု ဒေသခံများက ပြောသည်။
ဒဏ်ရာရရှိသွားသည့် ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးမှာ မြောက်ဦးမြို့နယ် ရွာဟောင်းတောနှင့် ဘုရားအုပ်ရွာတို့မှ ဖြစ်ပြီး ၎င်းတို့ရွာအနီး တိုက်ပွဲများဖြစ်ပွားသောကြောင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရားအနီးရှိ စစ်ရှောင်စခန်းတွင် ခုံလှုံနေရသူများဖြစ်သည်။


တစ်ကျော့ပြန်ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် မြိုခံများက ထိတ်လန့်နေကြသည်။ နဝရတ်ဟိုတယ်၊ မြောက်ဦးဟိုတယ်နှင့် သျှစ်သောင်းဘုရားအနီး လမ်းခွဆုံအနီးတွင် တပ်မတော်က စစ်ဆေးမှုများရှိနေပြီး မြို့တွင်းရှိ ဗန္ဓုလတံတားအနီးတွင်လည်း စစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့ခံများက ဆိုသည်။
ထို့အပြင် ယမန်နေ့ည ၈ နာရီခန့်ကလည်း မြောက်ဦးရဲစခန်းအနီးမှ လက်နက်ငယ်ပစ်ခတ်သံများ ထပ်မံကြားခဲ့ရပြီး ယနေ့မနက် အစောပိုင်းတွင်တော့ မြောက်ဦးရဲစခန်းအနီးတွင် တပ်မတော်က လုံခြုံရေးယူထားသည်ဟု မြို့ခံများကပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည့်အတွက် Myanmar Now အနေဖြင့် AA ထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












