နှလုံးခွဲစိတ်မှုခံယူပြီးနောက် မြောက်ကိုရီးယားနိုင်ငံ၏ တည်ထောင်သူ ကင်အီဆွန်းမွေးနေ့သို့ တက်ရောက်မလာခဲ့ရာမှ ကင်ဂျုံအန်း သေဆုံးပြီလား ဟု မေးခွန်းထုတ်နေခဲ့ကြသည်
တစ်ပါတီအာဏာရှင်စနစ် ကျင့်သုံးသည့် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်း သေဆုံးပြီဟူသည့် သတင်းများမှာ ကမ္ဘာ့မီဒီယာများတွင် ခေါင်းစဉ်ကွဲ အမျိုးမျိုးဖြင့် နေ့စဉ်နှင့်အမျှ ရေးသားနေကြသည့် အကြောင်းအရာဖြစ်နေသည်။
မြောက်ကိုရီးယားနိုင်ငံသည် ပုဂ္ဂလိက မီဒီယာများမရှိဘဲ အစိုးရ၏အာဘော်များကို ထုတ်လွှင့်သည့် နိုင်ငံပိုင်မီဒီယာတခုသာ ရှိသည်။ ယင်းကြောင့် နိုင်ငံအကြီးအကဲများ၏ နာရေး၊ သာရေးနှင့် အရေးကြီးသတင်းများအားလုံးကို နိုင်ငံပိုင်မီဒီယာကသာ ထုတ်ပြန်လေ့ရှိသည်။ ထို့ကြောင့် ကမ္ဘာ့မီဒီယာများအနေနှင့် မြောက်ကိုရီးယား၏ သတင်းများကို Daily NK နှင့် Yonhap News Agency တို့ကို တစ်ဆင့် ရည်ညွှန်းပြီးသာ ပြန်လည်ရေးသားလေ့ရှိကြသည်။
Daily NK သတင်းဌာနနှင့် Yonhap News Agency သတင်းဌာနတို့မှာ တောင်ကိုရီးယားနိုင်ငံတွင် အခြေစိုက်ကြသည်။ မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်၍ ၎င်းတို့၏သတင်းများကိုသာ စောင့်စားဖတ်ရှုကြရလေ့ရှိသည်။ မြောက်ကိုရီးယားသတင်းများကို ရေးသားရာတွင် ၎င်းတို့၏ သတင်းများကို အဓိက ကိုးကား၍ The Guardian, New York Times, CNN, CNBC နှင့် BBC တို့ကဲ့သို့ ကမ္ဘာ့ကျော်သတင်းဌာနများက ပြန်လည်ရေးသားဖော်ပြကြလေ့ရှိသည်။

Daily NK သတင်းဌာန၏ ဧပြီ ၂၁ က သတင်း အရ ကင်ဂျုံအန်းသည် ဧပြီ ၁၂ က နှလုံးခွဲစိတ်မှုတခု ခံယူခဲ့သည်ဟု ဆိုထားသည်။ သတင်းဌာန၏ ရေးသားချက်အရ မြောက်ကိုရီးယားနိုင်ငံတွင်း နေထိုင်သူ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောဆိုထားသည်ကို တွေ့ရသည်။
ခွဲစိတ်မှုခံယူပြီးနောက် မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံယမ်းမြို့၏ အပြင်ဘက်ရှိ အပန်းဖြေအိမ်တခုတွင် ‘အားပြန်ပြည့်ရန် အနားယူနေသည်’ ဟု Daily NK က ဖော်ပြထားသည်။


ခေါင်းဆောင် ကင်ဂျုံအန်း သေဆုံးပြီဟူသည့်သတင်း ယခုကဲ့သို့ ပျံ့နှံ့နေခြင်းမှာ သေဆုံးသွားပြီဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံ၏ တည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့ ဧပြီ ၁၅ ရက်တွင် နိုင်ငံတဝန်းက ပြည်သူများ၊ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းအချို့သာ တက်ရောက်ခဲ့ပြီး ကင်ဂျုံအန်း တက်ရောက်ခဲ့ခြင်းမရှိရာက စတင်ခဲ့သည်။
ကင်ဂျုံအန်း၏ အဖိုးဖြစ်သူ ကင်အီဆွန်း၏ မွေးနေ့မှာ နိုင်ငံတော်အခမ်းအနားဖြင့် နှစ်စဉ်ကျင်းပလေ့ရှိပြီး ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက်လေ့ရှိသည့်အခမ်းအနားဖြစ်သည်။ ယင်းအခမ်းအနားကို ယခုနှစ်တွင် ကင်ဂျုံအန်း တက်ရောက်မလာခြင်းက ဧပြီ ၁၂ ၎င်း၏ နှလုံးခွဲစိတ်မှုနှင့်ဆက်စပ်၍ ‘သေဆုံးပြီ’ ဟူသည့် ကောလာဟလများ ဆက်တိုက်ဆိုသလို ထွက်ပေါ်စေခဲ့ခြင်းဖြစ်သည်။


Yonhap News Agency ၏ ဧပြီ ၂၇ တွင် နောက်ဆုံးဖော်ပြချက် အရ “အရှေ့ဘက်ကမ်းရိုးတန်းတွင် ခရီးသွားဇုံတစ်ခု တည်ဆောက်နေသည့် အလုပ်သမားများကို ကျေးဇူးတင်ရှိကြောင်း ကင်ဂျုံအန်း က ပြောဆိုလိုက်သည်” ဟု ဖော်ပြထားသည်။
Yonhap News Agency က မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာ Rodong Sinmum ၏ ဧပြီ ၂၇ ထုတ်ပြန်ချက်ကို ကိုးကားပြီး ယခုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
ကမ္ဘာ့မီဒီယာတွေမှာ ဘယ်လိုဖော်ပြကြသလဲ
အမေရိကန်နိုင်ငံအခြေစိုက် CNN သတင်းဌာနက ဧပြီ ၂၁ တွင်ဖော်ပြသည့် သတင်းတစ်ပုဒ်တွင် ကင်ဂျုံအန်းမှာ “သေလောက်တဲ့ အန္တရာယ်” နှင့် ရင်ဆိုင်နေသည်ဟု ရေးသားခဲ့သည်။
ထို့နောက် ကင်ဂျုံအန်း၏ ကျန်းမာရေးအခြေအနေများနှင်ပတ်သက်၍ “ကင်ဂျုံအန်းဟာ ကျန်းကျန်းမာမာနဲ့ရှိနေပါတယ်။ ဧပြီ ၁၃ ရက်ကတည်းက ဝန်ဆန်ဒေသမှာ နေနေတာပါ။ သူ့အသွားအလာ တခုမှ မတွေ့ရပါဘူး ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေး မွန်ချောင်အင်းက ပြောသည်” ဟူ၍ ဧပြီ ၂၇ တွင် CNN က ထပ်မံ ရေးသားထားသည်။
New York Times သတင်းစာ၏ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရုံးခွဲအကြီးအကဲ ချိုဆန်ဟွန်း၏ ရေးသားချက်အရ “ဝန်ဆန်ဒေသမှာ ကင်ဂျုံအန်း၏ အကြိုက်ဆုံးနေရာများအနက် တခုအပါအဝင်ဖြစ်ပြီး ပင်လယ်ပြင်ကိုမျက်နှာမူထားသည့် ခြံဝန်းကျယ်ကြီးအတွင်း ဇိမ်ခံရွက်လှေများ၊ မြင်းကွင်းနှင့် ကိုယ်ပိုင်ရထားဘူတာတို့ ရှိသည်” ဟု ဆိုသည်။
ကင်ဂျုံအန်း တစ်ဦးတည်းစီးနင်းသည်ဟု ယူဆရသည့် အဆိုပါရထားသည် ဝန်ဆန်ရှိနေအိမ်တွင် ရပ်နားထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့အခြေစိုက် 38 North က ချိုဆန်ဟွန်းက New York Times တွင် ရေးသားထားသည်။
ထို့နောက် နာမည်ကျော်များ၏ အတင်းအဖျင်းနှင့်ကောလာဟလများကို အဓိကရေးသားသည့် TMZ သတင်းဌာနက “နှလုံးခွဲစိတ်မှုပြုလုပ်ပြီးနောက် ကင်ဂျုံအန်း သေဆုံးသွားပြီ” ဟု ဧပြီ ၂၅ ရက်က ရေးသားခဲ့ပြန်သည်။
ကင်ဂျုံအန်းအကြောင်း မြန်မာနိုင်ငံက သတင်းမှားများ
မြန်မာနိုင်ငံရှိ လူမှုကွန်ရက်ပေါ်တွင် အထက်ပါ TMZ သတင်းဌာနက ရေးသားသည့် သတင်းကို ဘာသာပြန်၍တစ်မျိုး၊ သတင်းဌာနအယောင်ဆောင် ဝက်ဘ်ဆိုက်များက တစ်ဖုံ ပုံစံအမျိုးမျိုးဖြင့် ပြန်လည်ဖော်ပြကြသည်ကို တွေ့နေသည်။
ယခင်ကကဲ့သို့ပင် ယင်းကဲ့သို့ အတည်ပြုရန်ခက်ခဲသည့် သတင်းများထွက်ပေါ်လာတိုင်း အခွင့်အရေးယူကာ သတင်းမှားဖြန့်တတ်သည့် ဝက်ဘ်ဆိုက်များက တစ်ဟုန်ထိုး ပေါ်ထွက်လာခဲ့ပြန်သည်။
kim.androidappzone.com , yhschannel.website/, kim.androidappzone.com ဟူသည့် သတင်းမှားများကိုအဓိကဖော်ပြပြီး ဖတ်ရှုသူများက ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို ဖွင့်ကြည့်တိုင်း ဝင်ငွေရနေသည့် ဝက်ဘ်ဆိုက်များက စတင်၍ သတင်းမှားကို ဖော်ပြခဲ့သည်။
“ကင် အန်းဒရွိုက် အက်ပလီကေးရှင်း ဇုန်” ဟု ပေါက်ကရနာမည်ဖြင့် ဖွင့်ထားသည့် kim.androidappzone.com က ဖော်ပြခဲ့သော “နှလုံးခွဲစိတ်မှုခံယူနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သေဆုံးပြီလို့ သတင်းထွက်၊ ဆေးလိပ်အရမ်းသောက်တယ်လို့သိရ" ဟု ရေးသားထားသည်။
ယင်း kim.androidappzone.com မှတစ်ဆင့် Facebook Group များဖြစ်သည့် နိုင်ငံရေးသတင်းနှင့် စကားဝိုင်း၊ သတင်းစုံ(NEWS)၊ မွန်ပြည်နယ်သတင်းနှင့် ကဏ္ဍပေါင်းစုံ တို့တွင် ပျံ့နှံလာပြီးနောက် Facebook ပေါ်တွင် လူအများ မျှဝေကြသည်ကို တွေ့လာရသည်။
အလားတူ yhschannel.website/ တွင်မူ “မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ခွဲစိတ်ကုသမှုခံယူပြီး သေဆုံး (Leak news) ဟူသော သတင်းခေါင်းစဉ်ဖြင့် မရွှေမိုး (ကိုရီးယား) ဆိုသည့် လူပုဂ္ဂိုလ် Account က ရေးသားချက်ကို ဖော်ပြထားပြီး ၎င်းပို့စ်တွင် ကင်ဂျုံအန်း သေဆုံးသည်ဟု မပါရှိပေ။
ထို့အပြင် အိန္ဒိယနိုင်ငံ ပုဂ္ဂလိက သတင်းမီဒီယာတစ်ခုဖြစ်သော TV 9 telugu မှ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသေဆုံးဆိုသည့် သတင်းဗီဒီယိုဖိုင်တစ်ခုအား ဧပြီ ၂၆ ရက်နေ့ညပိုင်းတွင် တင်ခဲ့ပြီးနောက် ယခုအခါ အဆိုပါသတင်းမရှိတော့ကြောင်း တွေ့ရှိရသည်။
၎င်း သတင်းဗီဒီယိုဖိုင်အား Facebook Page ဖြစ်သည့် Nowadays၊ ဟစ်တိုင်-အွန်လိုင်းသတင်းဌာန၊ သတင်းမှားဖြန့်ငွေရှာလျက်ရှိသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော MM9 ၊ www.innlaymedia.com တို့မှ ပြန်လည်အသုံးပြုလျက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကွယ်လွန်ခြင်း (ရုပ်/သံ) ဟူ၍ ပြန်လည်ဖော်ပြခဲ့သည်။
ဟစ်တိုင် - အွန်လိုင်းသတင်းဌာနတွင် အဆိုပါသတင်းဗီဒီဖိုင်အား ပြန်လည်ဝေမျှသူ ၁ထောင့်ရှစ်ရာခန့်ရှိခဲ့ပြီး ကြည့်ရှုသူပေါင်း ၄သောင်း ၉ ထောင်ကျော်မျှရှိခဲ့သည်။ Nowadays Facebook Page တွင် အဆိုပါသတင်းဗီဒီဖိုင်အား ပြန်လည်ဝေမျှသူ ၁ရာကျော်ရှိခဲ့ပြီး ကြည့်ရှု့သူပေါင်း ၄ ထောင့် ၈ ရာကျော်ရှိခဲ့သည်။ သတင်းမှားဖြန့်ဝင်ငွေရှာလျက်ရှိသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် MM9 မှ အဆိုပါသတင်းဗီဒီဖိုင်အား ပြန်လည်အသုံးပြုသတင်းရေးခဲ့ရာ ၎င်းဝက်ဘ်ဆိုက်မှတစ်ဆင့် စပ်ဆက်လျှက်ရှိသော Facebook Page နှင့် Group များဖြစ်သည့် Cele Cele Small၊ ဖြစ်ရပ်မှန်သတင်းထူးများ၊ Myanmar Zone၊ Myanmar Zone News၊ Online Shopping Myanmar၊ မန္တလေးသတင်းများစုစည်းရာ စသည်တို့တွင် ပျံ့နှံ့ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












